င/ပသုန်တိုက်နယ်ဆေးရုံအတွက် ဆေးဝါးများ သယ်ဆောင်ခဲ့သည့် စက်လှေပိုင်ရှင်အပါအဝင် သုံးဦးကို စစ်တပ်က အမှုဖွင့်ထား

ရခိုင်ပြည်၊ မြေပုံမြို့နယ်ရှိ င/ပသုန်တိုက်နယ်ဆေးရုံအတွက် ဆေးဝါးများသယ်ဆောင်ပေးခဲ့သည့် စက်လှေတစ်စီးကို မြန်မာစစ်တပ်ကဖမ်းဆီးခဲ့ပြီး စက်လှေပိုင်ရှင်အပါအဝင် သုံးဦးကို အမျိုးသားဆေးဝါးဥပဒေ ပုဒ်မ-၁၉(ခ)ဖြင့် အမှုဖွင့်ထားကြောင်း အမှုဖွင့်ခံထားရသည့်ကာယကံရှင်များက DMG သို့ ပြောသည်။

By Admin 11 Oct 2022

င/ပသုန်တိုက်နယ်ဆေးရုံအတွက် ဆေးဝါးများ သယ်ဆောင်ခဲ့သည့် စက်လှေပိုင်ရှင်အပါအဝင် သုံးဦးကို စစ်တပ်က အမှုဖွင့်ထား

ဓါတ်ပုံ - မြေပုံမြို့ ဘုတ်ဆိပ်ကို တွေ့ရစဉ်။

DMG ၊ အောက်တိုဘာ ၁၁

ရခိုင်ပြည်၊ မြေပုံမြို့နယ်ရှိ င/ပသုန်တိုက်နယ်ဆေးရုံအတွက် ဆေးဝါးများသယ်ဆောင်ပေးခဲ့သည့် စက်လှေတစ်စီးကို မြန်မာစစ်တပ်ကဖမ်းဆီးခဲ့ပြီး စက်လှေပိုင်ရှင်အပါအဝင် သုံးဦးကို အမျိုးသားဆေးဝါးဥပဒေ ပုဒ်မ-၁၉(ခ)ဖြင့် အမှုဖွင့်ထားကြောင်း အမှုဖွင့်ခံထားရသည့်ကာယကံရှင်များက DMG သို့ ပြောသည်။

ထိုသို့ အမှုဖွင့်ခံထားရသူများမှာ င/ပုသုန်ကျေးရွာမှ စက်လှေပိုင်ရှင် ဦးသိန်းဘုချေ (၅၅)နှစ်၊ စက်ဆရာ ဦးမောင်ခင်ဝင်း (၅၀)နှစ်နှင့် စက်လှေမောင်းသူ ဦးအေးထွန်း(၄၅)နှစ်တို့ ဖြစ်ကြသည်။

ပြီးခဲ့သည်စက်တင်ဘာလ ၂၅ ရက်နေ့က င/ပသုန်တိုက်နယ်ဆေးရုံအတွက် လိုအပ်သည့်ဆေးဝါးများကို စစ်တွေမြို့မှ စက်လှေဖြင့်သယ်ယူလာစဉ် ပေါက်တောမြို့နယ်၊ တောင်းဖူးရွာအရောက်တွင် မြန်မာစစ်တပ်က ဖမ်းဆီးခဲ့ပြီး စစ်တွေအမှတ်(၂) နယ်မြေရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ကြောင်း ဦးသိန်းဘုချေကပြောသည်။

“ကျနော်တို့က စစ်တွေနဲ့မြေပုံကို ကုန်တင်ပြီး သွားနေတာပါ။ အဲဒီနေ့ကလည်း င/ပသုန်ဆရာဝန်က ဆေးရုံအတွက်လိုအပ်တဲ့ ဆေးဝါးတွေကို တခါတည်းယူလာပေးဖို့ မှာတဲ့အတွက် ကျနော်တို့ယူလာတာပါ။ ဒါကို ပေါက်တောနားအရောက်မှာ စစ်တပ်ဖက်ကဖမ်းပြီး ကျနော်တို့ကိုလည်း ရဲစခန်းကိုဖမ်းခေါ်သွားတာပါ”ဟု စက်လှေပိုင်ရှင် ဦးသိန်းဘုချေကပြောသည်။

အဆိုပါဆေးဝါးကိစ္စအား ကူညီဖြေရှင်းပေးရန် စစ်တွေမြို့သို့ လိုက်ပါလာသည့် င/ပသုန်တိုက်နယ်ဆရာဝန် ဒေါက်တာ ဝင်းနိုင်စိုးကိုလည်း စက်တင်ဘာလ ၂၇ ရက်နေ့တွင် စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းကာ တစ်ပတ်ကျော်ကြာ စစ်ဆေးခဲ့ပြီးနောက် အောက်တိုဘာလ ၅ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်။

သို့သော် စက်လှေပိုင်ရှင်အပါအဝင်သုံးဦးကို မြန်မာစစ်တပ်မှ ဗိုလ်မှူးအဆင့်ရှိသူတစ်ဦးက တရားလိုပြုလုပ်ကာ အမျိုးသားဆေးဝါးဥပဒေပုဒ်မ- ၁၉(ခ)ဖြင့် စစ်တွေအမှတ်(၂) ရဲစခန်းတွင် အမှုဖွင့်ထားသည်။ ၎င်းတို့သုံးဦးကို အဆိုပါပုဒ်မဖြင့် စက်တင်ဘာလ ၂၇ ရက်နေ့တွင် အာမခံနှင့် လွှတ်ပေးထားသည်။

“အခု င/ပသုန်ဆရာဝန်လည်း လွတ်လာပါပြီ။ ဒါပေမယ့် ကျနော်တို့ကျတော့ အမှုဖွင့် ခံထားရပါတယ်။ ကျနော်တို့မှာ ဘာအပြစ်မှလည်းမရှိသလို ဘာအပြစ်မှလည်း မလုပ်ထားပါဘူး။ ဒီတိုင်း ကုန်တွေကို တင်ပို့နေတဲ့ စက်လှေလေးပါ။ ကျနော်တို့မှာ စက်လှေလိုင်စင်လည်းရှိတယ်။ အဲဒီနေ့ကလည်း ဆရာဝန်က သူ့ဆေးတွေကို ယူလာပေးဖို့‌ပြောလို့ လမ်းကြုံယူလာတဲ့ သဘောပါ။ အခုလို အမှုဖွင့်ခံရတော့ စိတ်မကောင်းဘူး”ဟု စက်လှေပိုင်ရှင် ဦးသိန်းဘုချေက ပြောသည်။

အမျိုးသားဆေးဝါးဥပဒေပုဒ်မ- ၁၉(ခ)သည် မှတ်ပုံတင်မရှိဘဲ ဆေးဝါးထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း၊ သယ်ယူခြင်းများပြုလုပ်ရာတွင် တရားစွဲနိုင်သည့် ပုဒ်မဖြစ်ပြီး ပြစ်မှုထင်ရှားလျှင် ဒဏ်ငွေကျပ် ၁၀၀၀ မှာ ငွေကျပ် ၁၀၀၀၀ အထိဖြစ်စေ၊ ထောင်ဒဏ် (၂)နှစ်အထိဖြစ်စေ (သို့မဟုတ်) ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံနိုင်ကြောင်း ဆေးဝါးဥပဒေပြဌာန်ချက်များတွင် ဖော်ပြထားသည်။

ရခိုင်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို စစ်ရေးတင်းမာလာပြီးနောက် ရခိုင်သို့ ဆေးဝါးသယ်ယူခွင့်ကို မြန်မာစစ်တပ်က ပိတ်ပင်မှုများရှိလာပြီး ဆေးဝါးသယ်ယူ ရောင်းချသူများမှာလည်း ဖမ်းဆီးစစ်ဆေးခံရမှုများ ရှိလာနေကြောင်း ဒေသခံများကပြောသည်။

ထိုသို့ လူသားများအတွက်အရေးကြီးသည့် ဆေးဝါးများကို ဖြန့်ချိခြင်း၊ ရောင်းချခြင်းများကို ကန့်ပတ်ပိတ်ပင်မှုများအပြင် ဆရာဝန်များကိုလည်း ဖမ်းဆီးမှုများကို မြန်မာစစ်တပ်က မလုပ်သင့်ကြောင်း မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ထောက်ပြသည်။

“တနည်းအားဖြင့်ပြောရရင် ULA/AA မပေါ်ခင်တုန်းက ရခိုင်ပြည်သူတွေ အဆင်မပြေပေမယ့်လည်း နောက်ပိုင်းမှာ အခုလို စားဝတ်နေရေးအကျပ်အတည်း၊ ဆေးဝါးအကျပ်အတည်းတွေ ဖြစ်လာရတယ်ဆိုပြီး ULA/AA ကို ပြည်သူတွေ အထင်အမြင်လွဲအောင် လုပ်ဆောင်ခြင်းပဲ။ ဘာပဲဖြစ်ဖြစ် ဒါတွေကတော့ မလုပ်သင့်၊ မလုပ်ထိုက်တဲ့ ကိစ္စပါ။ ပြည်သူတွေကို ဆွဲမထည့်သင့်ဘူး”ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၆ ရက်နေ့က တောင်ကုတ်မြို့တွင်နေထိုင်ပြီး ဆေးခန်းဖွင့်လှစ်ထားသည့် ဒေါက်တာ ကျော်သူရထွန်းကို မြန်မာစစ်တပ်က ဖမ်းဆီးခဲ့ပြီး မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ- ၁၇(၁)(၂)တို့ဖြင့် စက်တင်ဘာလ(၂၃)ရက်နေ့တွင် အမှုဖွင့်ထားကြောင်း မိသားစုဝင်များထံမှ သိရသည်။

အောက်တိုဘာလ ၃ ရက်နေ့ကလည်း မြောက်ဦးမြို့မဈေးထဲမှ ဆေးဆိုင်ရောင်းချနေသည့် အသက် ၆၀ ကျော် အမျိုးသားတစ်ဦးကို မြန်မာစစ်တပ်ကဖမ်းဆီးခဲ့ပြီး နောက်တစ်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်။