- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
၃ နှစ်ခန့်ကြာချုပ်နှောင်ခံထားရသည့် လက္ကာကျေးရွာသားများ၏ အမှုကို အမြန်ဆုံးအမိန့်ချပေးရန် မိသားစုဝင်များတောင်းဆို
ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည့်သံသယဖြင့် ၃ နှစ်ခန့်ကြာ ဖမ်းဆီးချုပ်နှောင်ခံထားရသည့် မြောက်ဦးမြို့နယ်၊ လက္ကာ ကျေးရွာသား ၂၀ ကျော်အမှုကို အပြီးသတ်အမိန့်ချမှတ်ရန် ရွှေ့ဆိုင်းထားသည်မှာ ၁၃ ကြိမ်မြောက်ရှိလာသဖြင့် အမြန်ဆုံး အမိန့်ချမှတ်ပေးရန် မိသားစုဝင်များက လိုလားနေကြသည်။
09 Feb 2022
DMG ၊ ဖေဖော်ဝါရီ ၉
ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည့်သံသယဖြင့် ၃ နှစ်ခန့်ကြာ ဖမ်းဆီးချုပ်နှောင်ခံထားရသည့် မြောက်ဦးမြို့နယ်၊ လက္ကာ ကျေးရွာသား ၂၀ ကျော်အမှုကို အပြီးသတ်အမိန့်ချမှတ်ရန် ရွှေ့ဆိုင်းထားသည်မှာ ၁၃ ကြိမ်မြောက်ရှိလာသဖြင့် အမြန်ဆုံး အမိန့်ချမှတ်ပေးရန် မိသားစုဝင်များက လိုလားနေကြသည်။
အဆိုပါအမှုကို ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် အပြီးသတ်အမိန့်ချမှတ်ရန် ချိန်းဆိုခဲ့သော်လည်း အမိန့်မချဘဲ နောက်ထပ်ရက်ရွှေ့ဆိုင်းလိုက်ကြောင်း မိသားစုထံမှသိရသည်။
အမှုတွင် တရားလိုပြသက်သေများနှင့် တရားခံပြသက်သေများအားလုံးကို စစ်ဆေးပြီးဖြစ်သဖြင့် အမိန့်ချမှတ်ရန်သာ ကျန်ရှိတော့သည်။
လက္ကာကျေးရွာမှဖမ်းဆီးခံထားရသူ မောင်သိန်းထွန်းအောင်၏ မိခင် ဒေါ်မလှနုက “အခုချိန်ထိ အမိန့်မချပေးသေးဘူး။ အပြစ်ရှိတယ်ဆိုရင် အပြစ်ရှိသလို ထောင်ဒဏ်ချလိုက်၊ အပြစ်မရှိဘူးဆိုရင် ပြန်လွှတ်ပေးစေချင်ပါတယ်“ဟု DMG သို့ပြောသည်။
လက္ကာကျေးရွာသား ၂၀ ကျော်၏အမှုကို မည်သည့်အတွက်ကြောင့် အမိန့်မချဘဲ ရုံးချိန်းရွှေ့ဆိုင်းနေသည်ကို တရားရုံးဘက်မှ ထုတ်ဖော်ပြောကြားခြင်းမရှိပေ။ အမှုကို လာမည့်(ဖေဖော်ဝါရီ ၂၂ ရက်နေ့)တွင်ထပ်မံချိန်းဆိုပြီး အပြီးသတ်အမိန့်ချမှတ်ရန် ထပ်ရွှေ့ဆိုင်းလိုက်သည်ဟု မိသားစုဝင်များကပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အမှုကိုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်စစ်မင်းကို DMG က ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိပေ။
လက္ကာကျေးရွာသား ၂၀ ကျော်၏အမှုကို အမိန့်ချမှတ်မည်ဆိုသောကြောင့် မိသားစုဝင်များမှာ မြောက်ဦးမြို့နယ်မှ စစ်တွေမြို့သို့ ငွေကြေးအကုန်အကျခံ၍ အကြိမ်ကြိမ်လာရောက်နေကြရသည်။
ဖေဖေါ်ဝါရီလ ၈ ရက် ယမန်နေ့ကလည်း အမိန့်မချဘဲ ထပ်မံရွှေ့ဆိုင်းခဲ့သဖြင့် မိသားစုဝင်များက ဘဝင်မကျဖြစ်နေကြသည်။
“ဘာကြောင့် အခုလိုကြန့်ကြာနေတာလည်းဆိုပြီးတော့ မေးခွန်းတောင် မေးချင်ပါတယ်။ အပြစ်မရှိလို့ အခုလိုကြန့်ကြာအောင် ထားထားလားဆိုပြီးတော့ ပြောချင်ပါတယ်“ဟု လက္ကာကျေးရွာမှဖမ်းဆီးခံထားရသူ ဦးမောင်သန်းဌေး ဇနီး ဒေါ်ခိုင်စိန်လှကပြောသည်။
လက္ကာကျေးရွာသားများကို အပြီးသတ်အမိန့်ချမှတ်ရန် ရုံးချိန်းရွှေ့ဆိုင်းလာခဲ့သည်မှာ အချိန်အားဖြင့် လေးလခန့်ကြာမြင့်နေပြီဖြစ်သည့်အတွက် အပြစ်မရှိက ပြန်လွှတ်ပေးစေလိုကြောင်း လက္ကာကျေးရွာမှဖမ်းဆီးခံထားရသူ မောင်ခင်မောင်ဝင်း ဖခင် ဦးမောင်နီလာက တောင်းဆိုသည်။
ထိုသို့အမိန့်မချဘဲ ထောင်အတွင်း ၃ နှစ်ခန့်ကြာ ချုပ်နှောင်ခံထားရသူတို့တွင် အနာဂတ်အခွင့်အလမ်းများပါ ပျောက်ဆုံးနေရကြောင်း ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက ပြောသည်။
“အခု တရားစွဲဆိုခံထားရတဲ့အထဲမှာ လူငယ်တွေအများကြီးပါတယ်။ အမျိုးသမီးတစ်ယောက်လည်း ပါတယ်။ သူတို့မှာ ပညာရေး လမ်းကြောင်းတွေလည်း ပျောက်တယ်။ ထောင်အတွင်း ၃ နှစ်လုံးလုံးနေထိုင်နေရတော့ သူတို့မှာ ဘာတစ်ခုမှလုပ်လို့မရဘူး။ ထောင်ထဲမှာ ဘယ်လိုခံစားနေရမလဲဆိုတာတော့ ကိုယ်တို့အချင်းချင်းပဲသိတယ်“ဟု ၎င်းကဆိုသည်။
တရားစွဲဆိုခံထားရသည့် လက္ကာကျေးရွာသား ၂၃ ဦးမှာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဧပြီလအတွင်းက AA နှင့်ဆက်စပ်သည်ဟု သံသယဖြင့်ဖမ်းဆီးခံရကာ ၆၀/၂၀၁၉ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(က)၊၅၀(ဈ)၊ ၅၂(က)၊ ၅၄၊ ရာကြီးအမှတ် ၂/၂၀၂၀ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(က)၊ ၅၀(ဈ)၊ ၅၂(က)၊ ၅၄ နှင့် ၁၉၄၉ လက်နက်အရေးပေါ်(ယာယီ) ဥပဒေပုဒ်မ- ၂၁(က)တို့ဖြင့် တရားစွဲဆိုခံထားရခြင်းဖြစ်သည်။
စစ်တပ်မှအာဏာသိမ်းပြီးနောက် ရက္ခိုင့်တပ်တော်(AA)ကို အကြမ်းဖက်အဖွဲ့မှပယ်ဖျက်ပြီး AA နှင့်ပတ်သတ်သည်ဟု သံသယဖြင့်ဖမ်းဆီးခံရသူအချို့ကို စစ်ကောင်စီကပြန်လွှတ်ပေးခဲ့သည်။ သို့သော်လည်း သုံးနှစ်ခန့်ကြာ ဖမ်းဆီးခံထားရသည့် လက္ကာရွာသားများမှာ လွတ်မြောက်ရာတွင်ပါဝင်လာခြင်းမရှိသေးပါ။
လက်ရှိရခိုင်တွင် AA နှင့်ဆက်စပ်သည့်သံသဖြင့် ဖမ်းဆီးခံရပြီး အမှုရင်ဆိုင်နေရသူ ၁၁၀ ဦးခန့်ရှိကြောင်း ဖမ်းဆီးခံရသူများစာရင်းကို ကောက်ယူထားသူများထံမှသိရသည်။