- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
တစ်ပတ်အတွင်း ရခိုင်သတင်းများစုစည်းမှု
တစ်ပတ်အတွင်း ရခိုင်သတင်းများစုစည်းမှု (၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ)
10 Nov 2021
နိုဝင်ဘာ ၁
■ ကိုဗစ်တတိယလှိုင်းကြောင့် သုံးလကျော်ကြာယာယီပိတ်ခဲ့သော ရခိုင်ပြည်နယ်မှ အခြေခံပညာစာသင်ကျောင်းများကို နိုဝင်ဘာလ ၁ ရက်နေ့တွင် Social Distancing နှင့်အညီ ပြန်လည်ဖွင့်လှစ်ခဲ့သည်။
■ “ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ”ကို စစ်ကောင်စီမှ နိုဝင်ဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
■ ရခိုင်ပြည်နယ်တွင် ကိုယ်ပိုင်အထက်တန်းကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသူကျောင်းသားများကို ကျန်းမာရေးဌာနက ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံပေးခဲ့သည်။
■ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးအင်အားစုများနှင့်အတူ လက်တွဲကာ တိုက်ပွဲဝင်သွားမည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)က နိုဝင်ဘာလ ၁ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။
■ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာသား ၅ ဦးကိုစွဲဆိုထားသည့်အမှုတွင် တရားလိုကို စစ်ဆေးရန်အတွက် ခေါ်ယူထားသော်လည်း ရ လခန့်ကြာသည်အထိ တရားရုံးသို့ လာရောက်ခြင်းမရှိသဖြင့် အမှုမှာကြန့်ကြာနေရသည်။
■ စစ်တွေမြို့တွင် လူအင်အား တစ်ထောင်နီးပါးပါဝင်သည့် စစ်တပ်ထောက်ခံပွဲတစ်ခုကို ပြုလုပ်ခဲ့ကြသဖြင့် လူထုဝေဖန်မှု မြင့်တက်ခဲ့သည်။
■ ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် နေအိမ်များမီးလောင်ပျက်စီးသွားပြီး ယင်းလုပ်ရပ်အပေါ်ပြင်းထန်စွာရှုတ်ချကြောင်း AA အပါအဝင် ညီနောင်မဟာမိတ်သုံးဖွဲ့က နိုဝင်ဘာလ (၁)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
နိုဝင်ဘာ ၂
■ ချင်းပြည်နယ်၊ ထန်တလန်မြို့မှ မီးဘေးသင့်ခံခဲ့ရသည့် ပြည်သူများအတွက် ရခိုင်လူငယ်များမှစုပေါင်းကာ စစ်တွေမြို့နှင့် ရသေ့တောင်မြို့နယ်တို့တွင် အလှူငွေများကောက်ခံခဲ့ကြသည်။
■ သုံးလကျော်ကြာပိတ်ထားခဲ့ရသည့် အခြေခံပညာစာသင်ကျောင်းများကို ကိုဗစ်ကာကွယ်ဆေးထိုးပြီး နိုဝင်ဘာလ ၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ရာ ရခိုင်တွင် ကျောင်းတက်သူဦးရေ သုံးသိန်းကျော်အထိ ရှိခဲ့သည်။
■ ကိုဗစ်ကာလအတွင်း လူဦးရေ ၁၀၀ ထက်ပို၍စုဝေးပါက အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနမှ အမိန့်ညွှန်ကြားစာထုတ်ပြန်ထားသော်လည်း စစ်တပ်ထောက်ခံပွဲများတွင် လူအင်အားထောင်ချီ ပါဝင်ခဲ့ကြသည့်အပေါ် အရပ်ဖက်အဖွဲ့အစည်းများက ဝေဖန်ခဲ့ကြသည်။
နိုဝင်ဘာ ၃
■ ကျောက်တော်မြို့နယ်မှ တင်းမကျေးရွာသားများ နေရပ်ပြန်ခွင့်ရရှိရေးအတွက် ယခုတစ်ကြိမ်တွင် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ စာပေးပို့တောင်းဆိုထားကြောင်း တင်းမကျေးရွာမှ ဆရာတော် အရှင်ဝါယမိန္ဒက မိန့်ကြားခဲ့သည်။
■ ဘူးသီးတောင်မြို့နယ်တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ကိုဗစ်နှင့်သေဆုံးခဲ့ပြီး ၎င်း၏မိသားစုဝင် ၆ ဦးကို စစ်ဆေးရာတွင် ၄ ဦး၌ ကိုဗစ်ပိုးတွေ့ရှိခဲ့သည်။
■ ရခိုင်ပြည်နယ်တွင် စားအုန်းဆီဈေးမြင့်တက်လာမှုကို ထိန်းချုပ်နိုင်ရန်အတွက် ပြည်နယ်စစ်ကောင်စီ၏ အစီစဉ်ဖြင့် စားအုန်းဆီ ၄၀၄၉၁ ပိဿာကို ဝယ်ယူထားကြောင်း ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်အောင်ဦးက ပြောခဲ့သည်။
■ သံတွဲမြို့နယ် ဇီးဖြူကုန်းရပ်ကွက်မှ မငြိမ်းအိဖြူကျော်(၃၅)နှစ်၊ သံတွဲမြို့ပေါ်မှ မတင်စန္ဒာဝင်း(၂၅)နှစ်နှင့် မသိမ့်အေးချမ်း(၁၇)နှစ်တို့ ၃ ဦးကို PDF အဖွဲ့နှင့် ဆက်စပ်သည်ဆိုသည့် သံသယဖြင့် နိုဝင်ဘာလ ၃ ရက်နေ့ကဖမ်းဆီးကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ခဲ့သည်။
■ ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် ၃ နှစ်ခန့် အတွင်း၌ မုဒိမ်းမှု ၃ မှုနှင့် မုဒိမ်းကျင့်ရန် ကြံစည်မှု ၅ မှုအထိရှိခဲ့သည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC ၏အချက်အလက်များအရ သိရသည်။
နိုဝင်ဘာ ၄
■ ရခိုင်ပြည်နယ်အတွင်းက စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ မသန်စွမ်းသူများကို မြန်မာနိုင်ငံမသန်စွမ်းသူများအသင်း ရွှေမင်းသားဖောင်ဒေးရှင်းမှ စားနပ်ရိက္ခာနှင့်ဆေးဝါးများကို လေးလစာ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
■ ကျောက်တော်မြို့ရှိ တန်ခိုးကြီးမဟာမုနိဘုရားတွင်ပြုပြင်နေသည့် သိမ်တိုင်များနှင့် သိမ်ခေါင်မိုးများပြုပြင်ရန် ကျပ်သိန်းပေါင်း ၅ သောင်းခန့်ကုန်ကျမည်ဟု သိရသည်။
■ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်(၁၇)ခုတွင် ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ၁၀ လအတွင်း မီးလောင်မှုကြောင့် သေဆုံးသူ ၃ ဦးရှိခဲ့ပြီး ဒဏ်ရာရရှိသူ ရ ဦးရှိခဲ့ကြောင်း ပြည်နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
■ ရခိုင်ပြည်နယ်သို့ ဆိုင်ကယ်များတင်သွင်းရာတွင် စက်တင်ဘာလမှစပြီး ကန့်သတ်ခံရမှုရှိလာနေပြီး လိုင်စင်ထွက်ပြီးသား ဆိုင်ကယ်များကိုသာ တင်သွင်းခွင့်ရရှိတော့သည်ဟု သိရသည်။
■ အာရှတွင် ဒုတိယအကြီးဆုံးဒီရေတောဖြစ်သော ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်ရှိ ဝန်ဖိုက်ဒီရေတောမှ သစ်ခိုးထုတ်မှုမရှိစေရန် စစ်တပ်၊ ရဲနှင့် သစ်တောဌာနတို့က ၅ ရက်ကြာ ကင်းလှည့် စစ်ဆေးခဲ့သည်။
■ ရခိုင်ပြည်နယ်တွင် ယခုနှစ် နေလှန်းဆားထုတ်လုပ်မှုကို ယခင်လုပ်ဆောင်မှုပုံစံများကိုပြောင်းပြီး နည်းပညာမြှင့်၍ ပလတ်စတစ်ဖြင့် လှန်းသည့်စနစ်ကို လုပ်ဆောင်မည်ဟု သိရသည်။
နိုဝင်ဘာ ၅
■ မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာသား ၂၀ ကျော်၏အမှုတွင် စစ်ဆေးမှုအားလုံးပြီးစီး၍ အမိန့်ချရန်သာကျန်သော်လည်း နိုဝင်ဘာ ၅ ရက်နေ့တွင် အမိန့်ချမှတ်ခြင်းမရှိဘဲ ရုံးချိန်းထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း မိသားစုထံမှ သိရသည်။
■ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် ဇာတ်သဘင်အဖွဲ့ခေါင်းဆောင်များအား ခေါ်ယူ၍ ခွင့်ပြုချက်ရယူရေးအပါအဝင် ကိုဗစ်-၁၉ စည်းကမ်းချက်များအား လိုက်နာရေး ဝန်ခံလက်မှတ်ရေးထိုး ဆောင်ရွက်သွားရန်နှင့် လိုအပ်သလို စိစစ်ဆောင်ရွက်သွားရန် နိုဝင်ဘာလ ၅ ရက်နေ့က ပြည်နယ်ကောင်စီရုံး၌ ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ဝန်ကြီးများပုံမှန်ညှိနှိုင်းအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြသည်။
■ စစ်တွေနယ်စပ်ကုန်သွယ်ရေးစန်းမှ နှစ်ပတ်တာကာလအတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၆ သန်းအထိ ကုန်သွယ်နိုင်ခဲ့ကြောင်း ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ သိရသည်။
■ အမ်းမြို့နယ် တောင်စောက်ကျေးရွာအနီးတွင် နိုဝင်ဘာလ ၅ ရက် နံနက်အစောပိုင်းက ကုန်တင်ယာဉ်တစ်စီး တိမ်းမှောက်မှုကြောင့် အမျိုးသားနှစ်ဦး သေဆုံးခဲ့သည်။
■ ရခိုင်ပြည်နယ်၊ သံတွဲမြို့ရှိ ပုလဲရတနာဘုန်းတော်ကြီးသင်ပညာသင်ကျောင်းတွင် ကျောင်းသားအများစုမှာ ကိုဗစ်ကာကွယ်ဆေး မထိုးနှံရသေးကြောင်း ကျောင်းတာဝန်ရှိသူများထံမှ သိရသည်။
■ လက်ရှိနိုင်ငံတော်အာဏာကိုသိမ်းယူထားသည့် စစ်ကောင်စီအနေဖြင့် ပြည်သူလူထု၏ အိုးအိမ်များ၊ ဘာသာရေးအဆောက်အအုံများအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေခြင်းကို ပြင်းထန်စွာရှုတ်ချကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)က နိုဝင်ဘာလ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
နိုဝင်ဘာ ၆
■ ရခိုင်ပြည်နယ်ရှိ အကျဉ်းထောင်များ၌ အကျဉ်းကျနေသူများနှင့် အချုပ်သား ၆၀၀ ကျော်ကို ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။
■ အမ်းမြို့ပေါ်တွင်ခိုလှုံနေသည့် စစ်ဘေးရှောင် ၃၀၀ ကျော်မှာ နိုဝင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်းက နေရပ်သို့ ပြန်သွားကြကြောင်း စခန်းတာဝန်ရှိသူထံမှ သိရသည်။
■ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့က ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်းက ဆန္ဒမဲတစ်ကြိမ်ထက်ပို၍ပေးခဲ့သူ ခြောက်ဦးကို အမှုဖွင့်အရေးယူထားကြောင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
■ စစ်ကောင်စီမှ တက္ကသိုလ်နှင့်ကောလိပ်များ မကြာမီပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးမည့် အစီအစဉ်ကို ဆောင်ရွက်လျက်ရှိရာ လက်ရှိရခိုင်ပြည်နယ်တွင် ကျောင်းသူ၊ ကျောင်းသားသုံးထောင်ကျော်မှာ ကာကွယ်ဆေးထိုးရန် စာရင်းပေးထားသည်။
နိုဝင်ဘာ ၇
■ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ရ ရက်နေ့တွင် ကျရောက်သည့် ရက္ခိုင့်တပ်တော်၏ စစ်ဦးစီးချုပ်/တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် အသက် ၄၃ နှစ်ပြည့်မွေးနေ့ကို ဂုဏ်ပြုသောအနေဖြင့် မြောက်ဦးမြို့ လေးမျက်ဘုရားအနီးတွင် ဆီမီးထွန်း ဂုဏ်ပြုကာ ပျော်ရွှင်ဖွယ်မွေးနေ့ဟု ပြည်သူများမှ ဆုတောင်းမေတ္တာ ပို့သခဲ့ကြသည်။
■ ဘူးသီးတောင်မြို့နယ် ကူတိုးဆိပ် အလကစာသင်ကျောင်းခွဲမှာ နိုဝင်ဘာလ ရ ရက်နေ့ညက မီးလောင်မှုဖြစ်ခဲ့ပြီး ပျက်စီးဆုံးရှုံးခဲ့သည်။
■ ရှေးဟောင်းမြို့ဖြစ်သည့်မြောက်ဦးမြို့က မြို့အဝင်/အထွက်မုခ်ဦးကို ဓညဝတီ၊ ဝေသာလီ၊ လေးမြို့နှင့် မြောက်ဦး စသည့် ခေတ်လေးခေတ်၏ လက်ရာများဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
■ နိုဝင်ဘာလ ၅ ရက်နေ့မှ ရ ရက်နေ့အထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)အသစ်က ဦးဆောင်ပြီး ရန်ကုန်တွင် ကျင်းပပြုလုပ်သွားသည့် PR ရွေးကောက်ပွဲစနစ် ဆွေးနွေးပွဲသို့ ရခိုင်အမျိုးသားပါတီ(ANP) မတက်ရောက်ခဲ့ပေ။
■ အောက်တိုဘာလ ၂၈ ရက်နေ့က ပြန်လည်ဖွင့်လှစ်ခဲ့သည့် ဗုဒ္ဓပြတိုက်နှင့် ယဉ်ကျေးမှုပြတိုက်နှင့် အမျိုးသားစာကြည့်တိုက်အား တစ်ပတ်အတွင်း ဝင်ရောက်လေ့လာခဲ့သူ ၂၀၀ ကျော်ရှိခဲ့သည်ဟု သိရသည်။