အမျိုးသားနေ့တွင် အကျဥ်းသား ၅၇၀၀ကျော် စစ်ကောင်စီ လွှတ်ပေး၊ နိုင်ငံခြားသား (၄) ဦးပါဝင်

ယနေ့ ကျရောက်သည့် ၁၀၂ နှစ်မြောက် အမျိုးသားနေ့တွင် နိုင်ငံတဝှမ်းရှိ အကျဥ်းထောင်များမှ အကျဥ်းသား (၅၇၇၄) ဦးကို လွှတ်ပေးခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

By Admin 17 Nov 2022

အမျိုးသားနေ့တွင် အကျဥ်းသား ၅၇၀၀ကျော် စစ်ကောင်စီ လွှတ်ပေး၊ နိုင်ငံခြားသား (၄) ဦးပါဝင်

အင်းစိန်ဗဟိုအကျဥ်းထောင်အဝင်ဝကိုတွေ့ရစဥ်။ Photo- CJ

DMG ၊ နိုဝင်ဘာ ၁၇

ယနေ့ ကျရောက်သည့် ၁၀၂ နှစ်မြောက် အမျိုးသားနေ့တွင် နိုင်ငံတဝှမ်းရှိ အကျဥ်းထောင်များမှ အကျဥ်းသား (၅၇၇၄) ဦးကို လွှတ်ပေးခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

အဆိုပါ အကျဥ်းသား ၅၇၇၄ ဦးတွင်နိုင်ငံရေး ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲခံထားရသည့် အနုပညာရှင် ၁၁ ဦး၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေး သြစတြေးလျ နိုင်ငံသား မစ္စတာ ရှောင်တာနယ်၊ ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဘိုမင်း၊ ဂျပန်မှ ရုပ်ရှင်ဒါရိုက်တာ ကူဘိုတာနှင့် အမေရိကန်နိုင်ငံသား ဦးကျော်မင်းဦး အပါအဝင် နိုင်ငံခြားသား (၄) ဦး ပါဝင်ပြီး ၄င်းတို့ကို ပြည်နှင်ဒဏ် ပေးလိုက်သည်။

ထို့အတူ ပြည်တွင်းသတင်းထောက် ၇ ဦး၊ ယခင် အဂတိအမှုဖြင့် တရားစွဲဆိုခံထားရသည့် တနင်သာရီဝန်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော်တို့ စသည်ဖြင့် နိုင်ငံရေးအကျဥ်းသား ၇၁၂ ဦးတို့ကို လွှတ်ပေးလိုက်ခြင်းဖြစ်သည်။

ယင်းသို့ အကျဥ်းသားများ ပြန်လည်လွှတ်ပေးမှုတွင် အင်းစိန်အကျဥ်းထောင်မှ နိုင်ငံရေးပုဒ်မဖြင့် စွဲဆိုခံရသူ အနုပညာရှင် ၁၁ ဦး၊ ကိုမြအေး၊ ပန်းချီ ဆရာထိန်လင်း၊ သတင်းထောက် ကောင်းဆက်လင်း၊ သူဇာ(လှလေးသူဇာ) အပါအဝင် အခြား အကျဥ်းချခံ (၁၁၄၃) ဦးကို ယနေ့ နေ့လည် ၁နာရီ အချိန်မှစပြီး လွှတ်ပေးရန် စီစဥ်နေကြောင်း အင်းစိန်အကျဥ်းထောင်နှင့် နီးစပ်သူ တစ်ဦးကပြောသည်။

“ အင်းစိန်ထောင်က လွှတ်ပေးတဲ့အထဲမှာ အနုပညာရှင်တွေ ပါတယ်။ နိုင်ငံရေး ပုဒ်မနဲ့ အစွဲခံရတဲ့ သူတွေလည်းပါတယ်။ သတင်းသမား နှစ်ဦး ပါတယ်လို့ သိထားတယ်။ နောက်ထပ် သတင်းသမား တစ်ဦးပါမပါတော့ ပြောမရသေးဘူး။ ကျန်တဲ့အကျဥ်းသားတွေလည်း လွှတ်ဖို့ရှိနေပါတယ် ” ဟု ၄င်းက ပြောသည်။

သို့သော်လည်း လက်ရှိနေ့လည် ၁ နာရီကျော်အထိ ရန်ကုန်မြို့ အင်းစိန်ထောင် ထောင်သားများ ပြန်လည်လွှတ်ပေးခြင်းကို မမြင်တွေ့ရသေးကြောင်း အကျဥ်းကျခံ မိသားစုဝင်များထံက သိရသည်။

“ အခုအထိကို လွှတ်မပေးသေးဘူး။ ထောင်ကို လာစောင့်နေတဲ့သူတွေလည်း အများကြီးပဲ ဖြစ်နေတယ် ” ဟု အကျဥ်းကျခံ မိသားစုဝင် တစ်ဦးကဆိုသည်။

ထို့အပြင် အိုးဘို၊ တောင်ကြီး၊ လားရှိုး၊ ကော့သောင်း၊ သာယာဝတီ ၊ပြည် နှင့်ဘားအံစသည့် အကျဥ်း ထောင်များတို့၌ နိုင်ငံရေးအကျဥ်းသားနှင့် သတင်းသမားအပါအဝင် ၅၆ ဦး အပါအဝင် အကျဥ်းသား ၄၀၀၀ ကျော်ကို ပြန်လည် လွှတ်ပေးခဲ့ခြင်း ရှိနေကြောင်း သက်ဆိုင်ရာ အကျဥ်းထောင်နှင့် နီးစပ်သည့် သတင်းအရင်း အမြစ်များ ထံက သိရသည်။

ယင်းအပြင် နိုင်ငံခြားသားလေးဦးကို ပြန်လည်လွှတ်ပေးခဲ့ခြင်းမှာ စစ်ကောင်စီကို နိုင်ငံတကာ ဖိအား အပေါ် လျော့ချရန် ကြိုးစားခြင်းဖြစ်ကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းက ထောက်ပြသည်။

“ မစ္စတာရှောင်တာနယ် တို့ကို လွှတ်ပေးလိုက်တာ နိုင်ငံတကာရဲ့ နိုင်ငံရေး ဖိအားပေးထားမှု လျော့ကျသွား မလားမျော်လင့်ချက်နဲ့ လုပ်တယ်လို့ ပဲမြင်တယ်။ ထွက်ပေါက်ရလာမလားဆိုတဲ့ မျော်လင့်ချက်လို့ လည်း ပြောရတယ် ” ဟု အမည်မဖော်လိုသည့် နိုင်ငံရေး သမားတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီသည် နိုင်ငံတဝှမ်းရှိ နိုင်ငံအကျဥ်းသားများ အပါအဝင်အကျဥ်းကျခံသူများ ပြစ်ဒဏ် လျော့ပေါ့ လွှတ်ပေးမှုအဖြစ် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မေလ၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၊ဖေဖော်ဝါရီ လ နှင့်ဧပြီလတို့၌ အကျဥ်းသားပေါင်း (၁၁၀၀၀) ကျော်လွှတ်ပေးခဲ့သည်။