နိုင်ငံတဝန်းက သတင်းမီဒီယာသမား ၆၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီးထားဆဲ
အာဏာသိမ်းစစ်ကောင်စီသည် သတင်းမီဒီယာဌာနများကို စီးနင်းဖျက်ဆီးခြင်း၊ မီဒီယာသမားများကို ဖမ်းဆီး၊ ထောင်ချ၊ သတ်ဖြတ်ခြင်းများရှိနေ၍ သတင်းသမားများမှာ စိန်ခေါ်မှုများစွာနှင့် ကြုံတွေ့နေရသည်။
04 May 2024
DMG ၊ မေ ၄
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ်၊ ဧပြီလအထိ မီဒီယာကဏ္ဍမှ အမျိုးသား၊ အမျိုးသမီး ၁၉၄ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ယင်းအထဲမှ ၆၂ ဦးမှာ လက်ရှိအချိန်ထိ ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ ထုတ်ပြန်သည်။
မီဒီယာကဏ္ဍမှ အမျိုးသမီး ၂၈ ဦးနှင့် အမျိုးသား ၁၆၆ ဦး စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး ရန်ကုန်တိုင်းတွင် ၆၆ ဦးဖြင့် အများဆုံးဖြစ်သည်။ လက်ရှိအချိန်ထိ ဖမ်းဆီးခံထားရသူများထဲမှ အမျိုးသမီး ၅ ဦး နှင့် အမျိုးသား ၂၉ ဦးကို စစ်ကောင်စီ တရားရုံးများမှ ပုဒ်မအမျိုးမျိုးဖြင့် ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း AAPP က ထုတ်ပြန်ထားသည်။
အများစုမှာ ရာဇသတ်ကြီးဥပဒေပုဒ်မများနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် ချမှတ်ခံရခြင်းဖြစ်ပြီး ထောင်ဒဏ် ၁၀ နှစ်နှင့် ၁၀ နှစ်အထက်ချမှတ်ခံရသူ (၁၂) ဦးနှင့် တစ်သက်တစ်ကျွန်းချမှတ်ခံရသူ (၁) ဦးပါဝင်သည်။
ယင်းအပြင် စစ်ကောင်စီကြောင့် မီဒီယာကဏ္ဍမှ အမျိုးသား (၄) ဦးသေဆုံးခဲ့ပြီး ယင်းအထဲမှ (၃) ဦးမှာ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် သတ်ဖြတ်ခံခဲ့ရခြင်းဟု AAPP ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
အာဏာသိမ်းစစ်ကောင်စီသည် သတင်းမီဒီယာဌာနများကို စီးနင်းဖျက်ဆီးခြင်း၊ မီဒီယာသမားများကို ဖမ်းဆီး၊ ထောင်ချ၊ သတ်ဖြတ်ခြင်းများရှိနေ၍ သတင်းသမားများမှာ စိန်ခေါ်မှုများစွာနှင့် ကြုံတွေ့နေရသည်။
“စစ်ကောင်စီက သတင်းထောက်တွေကို ဖမ်းဆီးတာ၊ ဝရမ်းထုတ်တာတွေ ဆက်တိုက်လုပ်နေတော့ မြေပြင်က သတင်းသမားတွေမှာ ကြီးမားတဲ့ လုံခြုံရေးစိန်ခေါ်မှုတွေ ရှိနေတယ်” ရခိုင်အခြေစိုက် DMG သတင်းဌာနမှ သတင်းထောက် ဆောင်းဇာခြည်က ပြောသည်။
စစ်ကောင်စီသည် သတင်းမီဒီယာသမားများကို ဖမ်းဆီးထောင်ချမှုများ ဆက်တိုက်လုပ်ဆောင်နေ၍ သတင်းသမားအများအပြားမှာ ပြည်ပ(သို့မဟုတ်) နယ်စပ်နှင့် လုံခြုံရာနေရာများသို့ တိမ်းရှောင်နေကြရသည်။
၂၀၂၁ ခုနှစ်၊ အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် သတင်းရယူတင်ဆင်ခြင်းများကို ရာဇဝတ်မှုတစ်ခုကဲ့သို့ သတ်မှတ်ပြီး သတင်းသမားများကို ဖမ်းဆီးထောင်ချကာ ဖိနှိပ်နေခြင်းမှာ အဆိုးရွားဆုံးဖြစ်သည်ဟု ဝါရင့် Media Trainer အမျိုးသမီးတစ်ဦးက ပြောသည်။
“ပြည်တွင်းမှာသတင်းသမားတွေက သတင်းသမားလို့ ထုတ်ဖော်လို့မရအောင် လျှို့လျှို့ဝှက်ဝှက် နေနေရကတည်းက ဒီတိုင်းပြည်မှာ သတင်းသမားတွေရဲ့ လုံခြုံရေးအခြေအနေက ဘယ်လောက်ထိ ဆိုးရွားနေလဲဆိုတာ ထင်ဟပ်စေပါတယ်” ဟု သူက ပြောသည်။
နိုင်ငံတဝန်း ဖမ်းဆီးခံထားရသည့် သတင်းမီဒီယာသမားများကို ပြန်လွှတ်ပေးရန်နှင့် လွတ်လပ်စွာ သတင်းရယူ၊ ရေးသားတင်ဆက်ခွင့်ပြုရန် မေလ ၃ ရက် “ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့” တွင် မီဒီယာအသိုင်းအဝိုင်းများက တောင်းဆိုထားကြသည်။
၂၀၂၄ ခုနှစ်အတွက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့(RSF)က ထုတ်ပြန်သော နိုင်ငံပေါင်း ၁၈၀ ၏ သတင်းလွတ်လပ်ခွင့်အခြေအနေအဆင့်ကို သတ်မှတ်ရာမှာ မြန်မာနိုင်ငံက အဆင့် ၁၇၁ ဖြင့် သတင်းလွတ်လပ်ခွင့် အဆိုးဆုံးအဆင့် နိုင်ငံများထဲတွင် ပါဝင်နေသည်။