ရက္ခိုင့်တပ်တော်ကို အကြမ်းဖက်မှ ရုပ်သိမ်းပေးခဲ့သော်လည်း အကြမ်းဖက်မှုဖြင့် တရားရင်ဆိုင်နေရသည့် ပြည်သူများကို စစ်ကောင်စီက အလုံးစုံပြန်မလွှတ်သေး

ရက္ခိုင့်တပ်တော် (AA) ကို အကြမ်းဖက်အဖွဲ့အဖြစ်မှ ရုပ်သိမ်းထားသည်မှာ တစ်နှစ်ခန့် ကြာမြင့်လာပြီဖြစ်သော်လည်း အဆိုပါအဖွဲ့နှင့် ဆက်စပ်သည်ဟုဆိုကာ ရခိုင်ပြည်အတွင်းက အကြမ်းဖက်မှုဖြင့် ဖမ်းဆီးတရားစွဲဆို ခံထားရသူတို့၏ အမှုများကို စစ်ကောင်စီက အလုံးစုံ ပြန်လည်ရုပ်သိမ်းပေးမှု မရှိသေးကြောင်း သိရသည်။

04 Feb 2022

DMG ၊ ဖေဖော်ဝါရီ ၄

ရက္ခိုင့်တပ်တော် (AA) ကို အကြမ်းဖက်အဖွဲ့အဖြစ်မှ ရုပ်သိမ်းထားသည်မှာ တစ်နှစ်ခန့် ကြာမြင့်လာပြီဖြစ်သော်လည်း အဆိုပါအဖွဲ့နှင့် ဆက်စပ်သည်ဟုဆိုကာ ရခိုင်ပြည်အတွင်းက အကြမ်းဖက်မှုဖြင့် ဖမ်းဆီးတရားစွဲဆို ခံထားရသူတို့၏ အမှုများကို စစ်ကောင်စီက အလုံးစုံ ပြန်လည်ရုပ်သိမ်းပေးမှု မရှိသေးကြောင်း သိရသည်။

AA ကို အကြမ်းဖက်အဖွဲ့မှ ရုပ်သိမ်းလိုက်သည့်အချိန်မှစ၍ အကြမ်းဖက်နှင့်စွဲဆိုခံထားရသူများကို အထောက်အထားမခိုင်လုံပါက ပြန်လည်လွှတ်ပေးရမည်ဟု ရခိုင့်လူ့အခွင့်အရေး ကာကွယ် မြှင့်တင်သူများအဖွဲ့မှ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောသည်။

“ရက္ခိုင့်တပ်တော်ကို အကြမ်းဖက်စာရင်းကနေ ပယ်ဖျက်လိုက်တဲ့ကတည်းက တရားစွဲဆိုခံထားရတဲ့သူကို အမှုမှန်မပေါ်ပေါက်ဘူးဆိုရင် အဲဒီအချိန်ကပဲ လွှတ်ပေးသင့်တယ်။ အခုက အဲလိုမဟုတ်ဘဲ ကြန့်ကြန့်ကြာကြာ ထားချုပ်နှောင်ထားတာကတော့ မကောင်းဘူးပေါ့။ ဒါကြောင့် ဒီလူတွေကို အမြန်ဆုံးလွှတ်ပေးစေချင်တယ်” ဟု ဦးမြန်ထွန်းက ပြောသည်။

ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့ ၂၀၁၈ ခုနှစ်စ၍ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားလာခဲ့ပြီး ၂၀၂၀ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့မှာ ယခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရက ရက္ခိုင့်တပ်တော်ကို အကြမ်းဖက်အဖွဲ့နှင့် မတရားအသင်းအဖွဲ့အဖြစ် ကြေညာခဲ့သည်။

ယင်းနောက် ရခိုင်ပြည်အတွင်းက AA နှင့် ဆက်စပ်သည်ဆိုသည့် သံသယဖြင့် ပြည်သူများကို ဖမ်းဆီးကာ အနည်းဆုံးထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် တရားစွဲဆိုထားသည်။

တိုက်ပွဲနှစ်နှစ်တာကာလအတွင်း အကြမ်းဖက်မှုဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသူ ရခိုင်ပြည်အတွင်းက ဒေသခံ ပြည်သူ ၂၀၀ ကျော်အထိရှိခဲ့ကြောင်း သဇင်ဥပဒေဆိုင်ရာအဖွဲ့အစည်းမှ ကောက်ယူထားသော စာရင်းများအရ သိရသည်။
ဖမ်းဆီးခံထားရသူများမှာ အဆိုပါပုဒ်မဖြင့် တရားရင်ဆိုင်နေရသည်မှာ လက်ရှိတွင် နှစ်နှစ်ကျော် သုံးနှစ်နီးပါးအထိ ကြာမြင့်လာနေပြီဖြစ်သည်။

ULA/AA ကို အကြမ်းဖက်အဖွဲ့မှ ရုပ်သိမ်းပေးခဲ့သော်လည်း သံသယနှင့်ဖမ်းဆီးခံရသူများအားလုံး လွတ်မြောက်လာခြင်းမတွေ့ရှိရဘဲ ဆက်လက်တရားစွဲဆို စစ်ဆေးမှုများပြုလုပ်နေခြင်းသည် လုပ်သင့်သည့် လုပ်ရပ်မဟုတ်ဟု ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဌ ဦးသာထွန်းလှက ပြောသည်။

“ဘာကြောင့်လဲဆိုတော့ သံသယနဲ့ ဖမ်းဆီးခံထားရတဲ့လူတွေမှာ မိသားစုဝင်တွေ အခက်အခဲဖြစ် ပေါ်နေတာကိုလည်း ကြားနေရတယ်။ တစ်ချိန်က သံသယနဲ့ ဖမ်းဆီးတရားစွဲဆိုမှုတွေဟာ သက်သေခိုင်လုံမှု မရှိဆိုပြီး တရားရုံးဆုံးဖြတ်ချက်နဲ့ လွတ်မြောက်လာတာကိုလည်း တွေ့နေရတယ်” ဟု ဦးသာထွန်းလှက ပြောသည်။

မြန်မာစစ်တပ်မှ အာဏာသိမ်းယူထားသည်မှာ လက်ရှိတွင် တစ်နှစ်ပြည့်ခဲ့ပြီဖြစ်သည့်အတွက် ရခိုင်ပြည်အတွင်းက သံသယဖြင့် တရားစွဲဆိုစစ်ဆေးနေသော ပြည်သူများအားလုံးမှာ လွတ်မြောက်ရန် အချိန်တန်ပြီဟု ၎င်းက ဆက်လက်၍ပြောသည်။

စစ်ကောင်စီမှ ၂၀၂၁ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် ရက္ခိုင့်တပ်တော်ကို အကြမ်းဖက်အဖွဲ့မှ ပြန်လည်ရုပ်သိမ်းပေးခဲ့ကာ ရခိုင်ပြည်အတွင်းက အကြမ်းဖက်မှုဥပဒေဖြင့် တရားစွဲဆိုခံထားရသူများ၏
အမှုပေါင်း ၂၃ မှုကို ရုပ်သိမ်းပေးကာ လူဦးရေ ၄၄ ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီ၏ စာရင်းများအရ သိရသည်။

ယင်းအပြင် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ကျရောက်ခဲ့သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း (၆) နှစ်မြောက် နှစ်ပတ်လည်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၇) ဖွဲ့၏ အဖွဲ့ဝင်များနှင့် ဆက်စပ်သူစုစုပေါင်း ၁၁၄ ဦးတို့ကို စစ်ကောင်စီမှ အမှုပိတ်သိမ်းပေးခဲ့သည်။

ယင်းအထဲမှာ ရက္ခိုင့်တပ်တော်နှင့်ဆက်စပ်သူ ၆၁ ဦး လွတ်မြောက်ရေးတွင် ပါဝင်သော်လည်း ယနေ့အချိန်ထိ လွတ်မြောက်သူ ၅၈ ဦးသာ ရှိသေးသည်။

ထို့အပြင် အကြမ်းဖက်မှုပုဒ်မဖြင့် တရားစွဲဆိုခံထားရသူ ၃၆ တို့၏အမှုကို ထပ်မံရုပ်သိမ်းပေးသွားမည်ဟု ရခိုင်ပြည်နယ်စစ်ကောင်စီမှ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့တွင် စစ်တွေမြို့၌ သတင်းထောက်များနှင့်တွေ့ဆုံစဉ် ပြောဆိုခဲ့သော်လည်း အဆိုပါအမှုများကို ရုပ်သိမ်းမပေးတော့ကြောင်း ဒီဇင်ဘာလတွင် စစ်ကောင်စီမှ မီဒီယာများကို ပြန်လည်ပြောဆိုခဲ့သည်။

မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးထွန်းသာစိန်က “ULA/AA ကို အကြမ်းဖက်အဖွဲ့မှ ပယ်ဖျက်သည့်နည်းတူ အဲဒီအဖွဲ့အစည်းနဲ့ပတ်သက်ဆက်နွယ်လို့ဆိုပြီး တရားစွဲခံထားရသူတွေရဲ့ အမှုအားလုံးကို လွှတ်ပေးဖို့အတွက်တောင်းဆိုပါတယ်။ လွတ်ပေးဖို့သင့်ပြီလို့လည်း ပြောချင်တယ်” ဟု ပြောသည်။

လက်ရှိတွင် ရခိုင်ပြည်အတွင်း အကြမ်းဖက်မှုပုဒ်မဖြင့် တရားစွဲဆိုခံထားရသူများထဲတွင် စစ်ကောင်စီမှ အမှုရုပ်သိမ်းခြင်းနှင့် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူ စုစုပေါင်း ၁၀၂ ဦး ရှိပြီဖြစ်သော်လည်း မလွတ်မြောက်သေးသူ ၁၀၀ ကျော်အထိ ကျန်ရှိနေသေးကြောင်း ဖမ်းဆီးခံထားရသူများ၏ စာရင်းကိုကောက်ယူနေသည့် အဖွဲ့အစည်းများမှ သိရသည်။

ဖမ်းဆီးခံထားရသူများအား ပြန်လည်မလွှတ်ပေးဘဲ ဆက်လက်ချုပ်နှောင်ထားသော စစ်ကောင်စီ၏ လုပ်ရပ်က ပြည်သူလူထုအပေါ် မတရားဖြစ်နေသည်ဟု ရခိုင်အလင်းတံခါးတက်ကြွသူများအဖွဲ့ ဥက္ကဌ ဒေါ်ကျော့စိန်က ပြောသည်။

“အကြမ်းဖက်ကိုလည်း ရုပ်သိမ်းလိုက်ပြီ။ ရုပ်သိမ်းလိုက်ပေမဲ့ ဒီအကြမ်းဖက်နဲ့ တရားစွဲဆိုခံထားရသူတွေကို ဘာကြောင့်နှစ်တွေအကြာကြီး ဆွဲထားတာလဲ။ စစ်ကောင်စီရဲ့ လုပ်ရပ်က ပြည်သူလူထုအပေါ်မှာ အလွန် မတရားဖြစ်နေတယ်လို့မြင်တယ်” ဟု ဒေါ်ကျော့စိန်က ပြောသည်။

အကြမ်းဖက်မှုပုဒ်မဖြင့် ဖမ်းဆီးချုပ်နှောင်ခံထားရသူများ၏ အမှုများမှာ လက်ရှိတွင် စစ်ဆေးပြီးစီးပြီဖြစ်၍ အမိန့်ချမှတ်ရမည့်အဆင့်သို့ ရောက်နေကြပြီဖြစ်သော်လည်း အမိန့်ချမှတ်ခြင်းမရှိဘဲ တရားသူကြီးအပြောင်းအလဲရှိခြင်း၊ အမိန့်ချရန်တရားရုံးမှ အဆင်သင့်မဖြစ်သေးခြင်း၊ စစ်ကောင်စီမှ အမှုရုပ်သိမ်းမည်ကို စောင့်ဆိုင်းနေခြင်း စသည့် အကြောင်းပြချက်များနှင့် ရုံးချိန်းရွေ့ဆိုင်းကာ ချုပ်နှောင်ခံရမှု လတာရှည်လျက်ရှိနေသည်။

မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာသား ၂၀ ကျော် အမှုဆိုလျင်လည်း ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာအတွင်းမှစ၍ အမိန့်ချရမည်ဖြစ်သော်လည်း ယနေ့အချိန်အထိ အမိန့်ချမှတ်နိုင်ခြင်းမရှိသေးပေ။

“စစ်ကောင်စီရဲ့ လုပ်ရပ်က လုံးဝမတရားဘူး။ အပြစ်မရှိတဲ့ လူတစ်ယောက်ကို ဖမ်းဆီးထားတာ သုံးနှစ်အထိရှိလာပြီ။ အခုထိ မလွတ်သေးဘူး။ ကျွန်မတို့သားက သူတို့ (စစ်တပ်) စွပ်စွဲသလို အေအေ ဆိုရင် ဟုတ်တယ်။ ကျွန်မသား အေအေလုပ်လို့ ဖမ်းဆီးခံရတယ်ဆိုပြီး မပြောတော့ဘူး။ အခုက ဘာမှအပြစ်မရှိဘဲ မိသားစုကို လုပ်ကိုင်ကျွေးမွေးသူတစ်ယောက်ကို နွားလို ကျွဲလို အိမ်ပေါ်ကဆွဲခေါ်ပြီး အေအေ လို့ စွပ်စွဲပြီး ဖမ်းဆီးထားတယ်။ ဒါတရားသလား” ဟု လက္ကာကျေးရွာမှ ဖမ်းဆီးခံထားရသူ ကိုဦးလှမောင်မိခင် ဒေါ်စံသာနုက ပြောသည်။

ဖမ်းဆီးခံထားရသူများနှင့် သူတို့၏ မိသားစုဝင်များမှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအပြင် စီးပွားရေးအရပါ ထိခိုက်နစ်နာမှုများရှိကြပြီး အနာဂတ်များပျောက်ဆုံးနေရကြောင်း လူ့အခွင့်အရေးအသိုင်းအဝိုင်းများက စစ်ကောင်စီကို ဝေဖန်ထားကြသည်။