ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ကောင်စီကား မိုင်းဆွဲခံရပြီးနောက် လေကြောင်းအသုံးပြု တိုက်ခိုက်

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ယနေ့(နိုဝင်ဘာလ ၁၀ ရက်) နံနက် ၆ နာရီခန့်က ရိက္ခာလာပို့သည့် စစ်ကောင်စီကားကို ရန်ကုန်-စစ်တွေကားလမ်းမပေါ်ရှိ ပဒေသာကျေးရွာနှင့် ဆင်အင်းကြီးကျေးရွာကြား အရောက်တွင် ရက္ခိုင့်တပ်တော်(AA)က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများကပြောသည်။

By Admin 10 Nov 2022

ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ကောင်စီကား မိုင်းဆွဲခံရပြီးနောက် လေကြောင်းအသုံးပြု တိုက်ခိုက်

ပုဏ္ဏားကျွန်းမြို့ကို အဝေးမှ လှမ်းမြင်ရစဉ်။

DMG ၊ နိုဝင်ဘာ ၁၀

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ယနေ့(နိုဝင်ဘာလ ၁၀ ရက်) နံနက် ၆ နာရီခန့်က ရိက္ခာလာပို့သည့် စစ်ကောင်စီကားကို ရန်ကုန်-စစ်တွေကားလမ်းမပေါ်ရှိ ပဒေသာကျေးရွာနှင့် ဆင်အင်းကြီးကျေးရွာကြား အရောက်တွင် ရက္ခိုင့်တပ်တော်(AA)က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများကပြောသည်။

ထို့သို့ ကားမိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီ၏ ပုဏ္ဏားကျွန်းအခြေစိုက်တပ်ရင်းများမှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့်အပြင် လေကြောင်းမှလည်း လာရောက်ပစ်ခတ်နေကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ပဒေသာကျေးရွာသားတစ်ဦးက ပြောသည်။

“မနက် ၅ နာရီခွဲလောက်က ကားလမ်းမပေါ်မှာ စစ်ကောင်စီရဲ့ ရိက္ခာတင်လာတဲ့ကားကို AA က ကြားဖြတ်ပစ်ခတ်တယ်။ မိုင်းဆွဲတိုက်ခိုက်တာ။ လူတွေအိပ်ရာက မထသေးချိန်ဖြစ်လို့ အတိအကျမသိပါ။ ဖြစ်တာကတော့ ရထားလမ်းအကျော် ဂိတ်ဘူတာနားမှာဖြစ်တာ သေချာပါတယ်”ဟု အဆိုပါ ဒေသခံကပြောသည်။

စစ်ကောင်စီကား မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် နံနက် ၇ နာရီကျော်မှစတင်ကာ ပုဏ္ဏားကျွန်းအခြေစိုက် ခမရ (၅၅၀)တပ်ရင်းနှင့် ကွမ်းတောင်ကျေးရွာရှိ စစ်ကောင်စီ ယာယီစခန်းတို့မှ လက်နက်ကြီးများ ပစ်ခတ်မှုရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အပြင် ရဟတ်ယာဉ်သုံးစီးဖြင့်လည်း အလှည့်ကျ လာရောက်ပစ်ခတ်နေမှုကြောင့် ကျေးရွာအနီးသို့ လက်နက်ကြီးများကျရောက်မှုရှိသဖြင့် အနီးတစ်ဝိုက်ရှိ ရွာသားများမှာ ထွက်ပြေးနေကြရသည်ဟု ပဒေသာကျေးရွာသားက ဆက်ပြောသည်။

“လေယာဉ်နဲ့ကတော့ အခုထိလည်း လာပစ်နေတုန်းပါ။ အလှည့်ကျ တစ်စီးတခေါက်စီ လာပစ်နေကြတာပါ။ ကျွန်တော်တို့ရွာထဲကလူအားလုံးလည်း ပြေးနေကြပါပြီ။ ပြေးတာကတော့ တရွာတည်းကို ဦးတည်ပြီး ပြေးကြတာမဟုတ်။ ကိုယ်နဲ့ နီးစပ်တဲ့ရွာတွေကို‌ ပြေးကြတာပါ။ ဘာလို့ဆို အားလုံးအသက်အန္တရာယ်ကို စိုးရိမ်ပါတယ်။ ကိုယ်နဲ့နီးစပ်တဲ့ ဆွေမျိုးတွေအိမ်ကို ဦးတည်ပြီးသွားကြတာပါပဲ”ဟု ၎င်းကဆိုသည်။

အလားတူ ပုဏ္ဏားကျွန်းမြို့နယ်မှ အထုတ်သည်၊ ဝက်နှုတ်သီး၊ ဆင်အင်းကြီး စသည့်ကျေးရွာများအနီးတွင်လည်း ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှုရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

ဆင်အင်းကြီးကျေးရွာမှ ‌ဒေသခံတစ်ဦးက “လက်နက်ကြီးကတော့ ၅၅၀ တပ်ရင်းကလည်း ပစ်တယ်။ ကွန်းတောင်အခြေစိုက်စခန်းကလည်း ပစ်နေတယ်။ လက်နက်ကြီးကတော့ အချက် ၁၀ ကျော်လောက်ပစ်တယ်။ လက်နက်ကြီးအသံတွေက သိပ်အကျယ်ကြီးကြားရပါတယ်။ မြေကြီးတွေတောင် တုန်ပါတယ်။ အခုလည်း လေယာဉ်နဲ့လာပြီးတော့ ဆင်အင်ကြီးနဲ့ အထုပ်သည်ရွာကြား ပတ်ဝန်းကျင်မှာ ပစ်နေကြပါတယ်”ဟု ပြောသည်။

ထိုသို့ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းပစ်ခတ်မှုတို့ကြောင့် ကျေးရွာအနည်းဆုံး ၆ ရွာခန့်မှ ဒေသခံများမှာ ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးနေကြရကြောင်း သိရသည်။

“လေယာဉ်နဲ့ လာမပစ်ခင်ကတည်းကနေ လက်နက်ကြီးအသံတွေကြားပြီး လူတွေကပြေးနေကြပါပြီ နီးစပ်တဲ့ ရွာတွေကို။ ကျွန်တော်တို့ ဆင်အင်ကြီးကလူတွေဆိုရင်လည်း အရေးကြီးတဲ့ ပစ္စည်းတွေကိုယူပြီး ဝက်နှုတ်သီးရွာနဲ့ အထုပ်သည်ရွာဘက်ကို ရှောင်သွားကြပါပြီ။ ကျွန်တော်တို့ ရွာမှာတော့ လူကြီးပိုင်း နည်းနည်းပဲကျန်ခဲ့တယ်။ အခုလည်း လေယာဉ်နဲ့လာပြီး ပစ်နေတာ လူတိုင်းကြားရပါတယ်”ဟု ထွက်ပြေးတိမ်းရှောင်နေရသည့် ဆင်အင်းကြီးကျေးရွာသားတစ်ဦးက ပြောသည်။

ထိုသို့သော အခြေအနေများကြောင့် ပုဏ္ဏားကျွန်းမြို့ပေါ်တွင်လည်း ဈေးနှင့်ကျောင်းများကို ပိတ်ထားကာ လမ်းမပေါ်တွင်လည်း တိတ်ဆိတ်ခြောက်ကပ်လျက်ရှိနေကြောင်း ပုဏ္ဏားကျွန်းမြို့ခံတစ်ဦးက ပြောသည်။

“မနက်ပိုင်း ၇ နာရီကျော်ကတည်းကနေ လက်နက်ကြီးအသံတွေ ထွက်လာလို့ လူတွေက စိုးရိမ်ပြီး ဈေးတွေကော ကျောင်းတွေကော ပိတ်ပြီးပြန်သွားကြပါပြီ။ လမ်းသွားလမ်းလာတွေလည်း ခြောက်ကပ်သွားပါပြီ။ ဆိုင်ကယ် တစ်စီးစ၊ နှစ်စီးလောက်ပဲ သွားလာတာတွေရှိပါတယ်”ဟု ၎င်းကပြောသည်။

လက်ရှိတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် အိုင်ဒင်ကျေးရွာအတွင်း လက်နက်ကြီး ၆ လုံးခန့်ကျရောက်ကာ နဝမတန်းကျောင်းသားတစ်ဦးနှင့် အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း ကနဦးသိရှိရသည်။