- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
အာဏာသိမ်းမှုဆန့်ကျင်ရေးတွင်မပါဝင်ရန် ရခိုင်တွင် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းမှာ စစ်ကောင်စီ၏ စိုးရိမ်မှုလွန်ကဲနေသောလုပ်ရပ်ဟု ရှုမြင်ကြ
အာဏာသိမ်းမှုဆန့်ကျင်ရေးကိစ္စများတွင်မပါဝင်ကြရန်နှင့် ထိုသို့ ပါဝင်သူများကို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ရခိုင်ပြည်အတွင်းရှိမြို့နယ်အချို့တွင် လက်ကမ်းစာစောင်များဖြန့်ဝေကာ သတိပေးမှုများရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
31 Jan 2022
DMG ၊ ဇန်နဝါရီလ ၃၁
အာဏာသိမ်းမှုဆန့်ကျင်ရေးကိစ္စများတွင်မပါဝင်ကြရန်နှင့် ထိုသို့ ပါဝင်သူများကို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ရခိုင်ပြည်အတွင်းရှိမြို့နယ်အချို့တွင် လက်ကမ်းစာစောင်များဖြန့်ဝေကာ သတိပေးမှုများရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
လာမည့်ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်အာဏာသိမ်းမှု(၁)နှစ်ပြည့် အသံတိတ်သပိတ်ဆင်နွှဲရန် စစ်အာဏာရှင်ဆန့်ကျင်ရေးအင်အားစုများမှ တိုက်တွန်းဆော်သြလျက်ရှိကြသည်။
ထိုသို့ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကိစ္စများတွင် မပါဝင်ကြရန် ဇန်နဝါရီလ ၂၈ ရက်နေ့ နေ့လည်ပိုင်းက စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်တို့ပူးပေါင်းကာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင် လမ်းသွားလမ်းလာသူများကို သတိပေးစာများဖြန့်ဝေခဲ့ကြောင်း သိရသည်။
“လမ်းမှာသွားသူတွေကိုလိုက်ပေးတယ်။ တွေ့ရသလောက်တော့ ပြည်သူတွေကလည်း အဲဒီအပေါ်မှာ အလေးထားတဲ့အနေအထားမှာမရှိဘူး။ ဒီအချိန်မှာ ကိုယ့်လမ်းကြောင်းနဲ့ကိုဘဲ သွားနေတဲ့ပုံစံဖြစ်နေတော့ တစ်ခြားကိစ္စရပ်တွေနဲ့ ပတ်သက်စရာလည်းမရှိဘူး။ စိတ်လည်းမဝင်စားဘူး”ဟု အမည်မဖော်လိုသူ ကျောက်တော်ဒေသခံတစ်ဦးကပြောသည်။
အဆိုပါလက်ကမ်းစာစောင်တွင် NUG၊ CRPH နှင့် ယင်းတို့ လက်အောက်ခံအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေရန်ရည်ရွယ်ပြီး လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် လှုံ့ဆော်ပြုလုပ်နေကြောင်းပါရှိသည်။
စစ်အာဏာရှင်ဆန့်ကျင်ရေးတွင်ပါဝင်သူများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၂(က)၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၄(က)နှင့် ၅၀၅ စသည့်ပုဒ်မများနှင့်အရေးယူမည်ဟု စစ်ကောင်စီမှ သတိပေးစာဖြန့်ဝေခဲ့သည်။
ရခိုင်ပြည်အတွင်း ထိုသို့လုပ်ဆောင်ခြင်းသည် စစ်ကောင်စီက စိုးရိမ်မှုလွန်ကဲသော လုပ်ဆောင်ချက်တစ်ခုဖြစ်ကြောင်း ကျောက်တော်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဦးထွန်းဝင်းက ရှုမြင်သည်။
“ရခိုင်ပြည်က ပြည်ထောင်စုဆိုတဲ့အဝန်းထဲမှာ သီးသန့်နိုင်ငံရေးအခင်းအကျင်းတစ်ခုလို့ ထည့်စဉ်းစားစာရမယ်လို့မြင်တယ်။ဘာကြောင့်လဲဆိုတော့ မြန်မာ့နိုင်ငံရေး ရေစီးကြောင်းတွေထဲမှာ ရခိုင်ပြည်သူတွေက လိုက်စီးမျှောခံစားနေတဲ့အခြေအနေတစ်ခုတော့မဟုတ်ဘူး”ဟု ဦးဦးထွန်းဝင်းကပြောသည်။
လက်ရှိအချိန်တွင် မိမိဦးတည်ချက်နှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းရေးတို့ရရှိအောင် မည်သို့ဆောင်ရွက်မည်ကို သီးခြားဆန်သောပုံစံမျိုးနှင့်သွားနေချိန်မှာ ပြည်သူများအနေဖြင့်လည်း အဆိုပါကိစ္စအား စိတ်ဝင်စားမည်မဟုတ်ကြောင်း ၎င်းကဆက်ပြောသည်။
ရခိုင်ပြည်သည် တည်ငြိမ်အေးချမ်းနေသည့်အခြေအနေတွင်ရှိသောကြောင့် အထိတ်တလန့်ဖြစ်စေနိုင်သည့် လက်ကမ်းစာစောင်များကိုဖြန့်ဝေမှုမလုပ်သင့်ဟု ကျောက်တော်ဒေသခံ ကိုဇော်ဝင်းက ပြောသည်။
“ရခိုင်ပြည်က ရက္ခိုင့်တပ်တော်ရဲ့အုပ်ချူပ်မှုအောက်မှာရှိနေတယ်လို့ပြောလို့ရတယ်။ CRPH, NUG, PDF စတဲ့အဖွဲ့စည်းတွေနဲ့ ပတ်သက်ဆက်နွယ်စရာ အကြောင်းတော့ရှိမယ်မထင်ဘူး။ လက်ကမ်းစာစောင် ဖြန့်ဝေတာက ပြည်သူတွေကိုအထိတ်တလန့်ဖြစ်စေတယ်”ဟု ၎င်းကဆိုသည်။
စစ်အာဏာရှင်ဆန့်ကျင်ရေးတွင်မပါဝင်ရန် စစ်ကောင်စီမှ လက်ကမ်းစာစောင်များဖြန့်ဝေကာ သတိပေးခြင်းကို ရခိုင်ပြည်နယ်၊ မောင်တောမြို့မှ လူစည်းကမ်းသည့်နေရာများနှင့် မြို့မနာရီစင်အနီးတစ်ဝိုက်တွင်လည်း ဇန်နဝါရီလ ၂၈ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။
မောင်တောမြို့နယ် ပြည်နယ်လွှတ်တော်အမတ်ဟောင်း ဦးမောင်အုန်းက “အဲဒါကတော့ သူတို့အလုပ်ပဲလေ။ ပြည်သူတွေကတော့ တည်ငြိမ်အေးချမ်းစွာနေထိုင်နေကြတာပါ။ ဒီဟာမလုပ်နဲ့ ဒီဟာလုပ်ရင် ဒီလိုဖမ်းမယ်ဆိုတာကတော့ ပြည်သူတွေကိုပြောနေစရာမလိုဘူး။ ပြည်သူတွေက ကိုယ့်အသိနဲ့နေထိုင်နေကြတာ။အဲဒီလိုမျိုးပြောလာတာ ပြည်သူတွေစိတ်ကိုထိခိုက်မှုဖြစ်သွားစေမယ်”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၀ ရွေးကောက်ပွဲရလာဒ်ကိုအကြောင်းပြပြီး အရပ်သားအစိုးရကိုဖြုတ်ချကာ စစ်တပ်က နိုင်ငံတော်အာဏာကိုသိမ်းယူထားသည်မှာ လာမည့်ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တစ်နှစ်တိတိ ပြည့်တော့မည်ဖြစ်သည်။
စစ်တပ်ကအာဏာသိမ်းပြီးနောက် နိုင်ငံတဝှမ်း စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုများ အရှိန်အဟုန်မြင့်မားလျက်ရှိနေသည်။ ရခိုင်ပြည်နယ်တွင်းက တောင်ကုတ်၊ ဂွ၊ သံတွဲ မြို့နယ်တချို့တွင် အာဏာသိမ်းမှုအစောပိုင်းကာလ၌ အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှုများရှိခဲ့သော်လည်း ကျန်မြို့နယ်များတွင် လက်ရှိအချိန်ထိ တစ်စုံတစ်ရာလှုပ်ရှားမှုမရှိခဲ့ပေ။
ရခိုင်ပြည်နယ်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(PDF) မရှိသော်လည်း PDF နှင့်ဆက်စပ်သည် (သို့မဟုတ်) ငွေကြေးထောက်ပံ့သည်ဟုစွပ်စွဲချက်ဖြင့် သံတွဲ၊ တောင်ကုတ်၊ မြောက်ဦး စသည့်မြို့နယ်များမှ ဒေသခံ ၈ ဦးကို ဖမ်းဆီးအမှုဖွင့်ထားသည်။
NUG၊ PDF စသည့်အဖွဲ့အစည်းများနှင့်ပတ်သက်၍ ရခိုင်ပြည်သူများအနေဖြင့် စိတ်ဝင်စားမှုမရှိသကဲ့သို့ ရက္ခိုင့်တပ်တော်(ULA/AA)ဖက်မှလည်း အဆိုပါကိစ္စရပ်များအား ထိန်းချုပ်ထားသည့်အတွက် ပါဝင်စရာအကြောင်းမရှိဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကပြောသည်။
“ဒီလိုစာထုတ်ပြီးသတိပေးရလောက်အောင်ထိ ဒီဖက်မှာ PDF/NUG နဲ့ပတ်သက်လို့ ဆက်သွယ်ဆောင်ရွက်မှုက သိရသလောက်မရှိပါဘူး။ အခုကိစ္စကို မြို့နယ်နှစ်ခုမှာလုပ်တာကတော့ ထူးခြားမှုတစ်ခုဖြစ်နေတယ်။ ခြုံပြီးပြောမယ်ဆိုရင် PDF/NUG တို့အဖွဲ့အစည်းတွေမှာ ပါဝင်ကူညီမှုက ရခိုင်ပြည်မှာမရှိသလောက်ပါဘဲ။ ဘာကြောင့်လဲ ဒီကိစ္စတွေကို အေအေကထိန်းချုပ်ထားတဲ့အတိုင်းအတာမှာရှိနေလို”ဟု ဦးဖေသန်းကသုံးသပ်သည်။
အာဏာသိမ်းမှုတစ်နှစ်ပြည့်သည့်နေ့တွင် “ပြည်တော်ဝင်ဖို့ ရုန်းကြစို့”ဟု အမည်ပေးထားသည့် စစ်အာဏာလှုပ်ရှားမှုတွင် အပြင်မသွား၊ အလုပ်မသွား၊ ဈေးမသွားဘဲ တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်နှင့် လက်ခုတ်တီးသပိတ်တို့ပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါသပိတ်မှာ တစ်နိုင်ငံလုံးပါဝင်ဆင်နွှဲကြရန် အာဏာသိမ်းမှုဆန့်ကျင်ရေးအင်အားစုများမှ နှိုးဆော်ထားကြသည်။