- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
HIV ကူးစက်နိုင်ခြေရှိသူများ PrEP ဆေးကို သုံးစွဲသင့်ဟုဆို
ကိုယ်ခံအားစနစ်ကိုတိုက်ခိုက်ကာ လူ့အသက်ကိုသေစေနိုင်သည့် HIV ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်မှုမဖြစ်ပွားစေရန် HIV ဗိုင်းရပ်စ်ပိုးကူးစက်နိုင်ခြေကို ကာကွယ်နိုင်စွမ်းရှိသည့် (PreP)ဆေးကို သုံးစွဲသင့်ကြောင်း ကျန်းမာရေးဆိုင်ရာတာဝန်ရှိသူများက အကြံပြုပြောဆိုကြသည်။
21 Aug 2022
DMG ၊ သြဂုတ် ၂၁
ကိုယ်ခံအားစနစ်ကိုတိုက်ခိုက်ကာ လူ့အသက်ကိုသေစေနိုင်သည့် HIV ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်မှုမဖြစ်ပွားစေရန် HIV ဗိုင်းရပ်စ်ပိုးကူးစက်နိုင်ခြေကို ကာကွယ်နိုင်စွမ်းရှိသည့် (PreP)ဆေးကို သုံးစွဲသင့်ကြောင်း ကျန်းမာရေးဆိုင်ရာတာဝန်ရှိသူများက အကြံပြုပြောဆိုကြသည်။
PrEP (Pre-Exposure Prophylaxis)ဆေး သောက်သုံးခြင်းသည် HIV ဗိုင်းရပ်စ်ပိုးကူးစက်နိုင်ခြေရှိသည့် အခြေအနေမှ ကြိုတင်ကာကွယ်သည့်နည်းလမ်းဖြစ်သောကြောင့် ရောဂါပိုးကူးစက်နိုင်ခြေရှိသူများ သောက်ရမည့်ဆေးဖြစ်ကြောင်းဆိုသည်။
အများအားဖြင့် လိင်လုပ်သားများသည် PrEP ဆေးကို ပိုမိုသောက်သုံးသင့်ကြောင်း ကျန်းမာရေးတာဝန်ရှိသူများက ပြောဆိုကြသည်။
အဆိုပါ PrEP ဆေးသောက်သုံးခြင်းသည် HIV ရောဂါပိုးပြန့်ပွားမှုအား ထိန်းချုပ်နိုင်သည့် အကောင်းဆုံးသောနည်းလမ်းများထဲမှ တစ်ခုဖြစ်ကြောင်း ရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဇော်ဇော်အောင်က DMG သို့ ပြောသည်။
“သူက ထိတွေ့ဆက်ဆံမှုမရှိခင်မှာ ရောဂါကူးစက်မှုဖြစ်ပွားနိုင်တဲ့အပြုအမူတွေ၊ ကွန်ဒုံးမပါဘဲ လိင်ဆက်ဆံတာ၊ မူးယစ်ဆေး အကြောထဲသွင်းတဲ့အခါ အပ်တွေမျှသုံးတဲ့အပြုအမူတွေကို မရှောင်နိုင်တဲ့သူတွေမှာ ဒီ PrEP(HIV ဗိုင်းရပ်စ်သတ်ဆေး)ကို နေ့စဉ်သောက်ရတယ်။ ဒီအပြုအမူတွေကို လုပ်နေဆဲပဲဆိုရင် ဒီဆေးသောက်ပြီး HIV ကူးစက်မှုမဖြစ်အောင် ကာကွယ်ပေးတယ်”ဟု ၎င်းကပြောဆိုသည်။
HIV ဗိုင်းရပ်စ်ပိုးကူးစက်မှုအား ကြိုတင်ကာကွယ်နိုင်သည့် PrEP ဆေးဝါးသည် လက်ရှိအချိန်တွင် ရခိုင်ပြည်အတွင်းသို့ မရောက်ရှိသေးသော်လည်း မြန်မာနိုင်ငံအတွင်းရှိ ရန်ကုန်တိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းတို့တွင် စတင်စမ်းသပ်သုံးစွဲနေကြပြီဖြစ်ကြောင်း သိရသည်။ မကြာမီ နှစ်များတွင် မြန်မာတစ်နိုင်ငံလုံးရှိ တိုင်းနှင့်ပြည်နယ်အားလုံးတွင် PreP ဆေးအား ထုတ်ယူနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများထံမှ သိရသည်။
HIV ရောဂါ အများဆုံးကူးစက်နိုင်သည့် နည်းလမ်းများမှာ အကာအကွယ်မဲ့ လိင်ဆက်ဆံရာမှ သုက်၊ သွေးများ ခန္ဓာကိုယ်အတွင်းသို့ဝင်ရောက်ခြင်းကြောင့် ကူးစက်ခြင်း၊ ဆေးထိုးအပ် မျှဝေသုံးမိခြင်းကြောင့် သွေးမှတစ်ဆင့် ကူးစက်နိုင်သကဲ့သို့ ရောဂါပိုးရှိသည့် မိခင်မှတဆင့် ကလေးအားကူးစက်နိုင်သည်။
ထို့အပြင် HIV ရောဂါပိုးအား မကုသဘဲထားခဲ့လျှင် အနှေးနှင့်အမြန် ကိုယ်ခံအားစနစ်ပျက်စီးနိုင်ပြီး အသက်သေဆုံးစေနိုင်သည်။ ယင်းကြောင့် ၃ လတစ်ကြိမ် HIV ပိုး ရှိ၊မရှိသွေးစစ်ဆေးရန်လိုအပ်ပြီး ရောဂါပိုးကူးစက်သည်ဟုတွေ့ရှိခဲ့လျှင် HIV ဗိုင်းရပ်စ်ပိုးကို မပြန့်ပွားစေရန် ထိန်းပေးသည့် ART (Antiretroviral Therapy)ဆေးများအား နေ့စဉ်အချိန်မှန်သောက်ပေးရန်လိုအပ်ကြောင်း ဒေါက်တာဇော်ဇော်အောင်က ပြောသည်။
“HIV ရှိတာသေချာပြီဆို ကျနော်တို့ပြည်နယ်၊ တိုင်းအားလုံးမှာ ART ဆေးပေးတာတွေရှိပါတယ်။ ART ဆေးထုတ်ပေးတဲ့ နေရာတွေရှိပါတယ်။ အခမဲ့လုပ်ပေးတယ်။ လိုအပ်တဲ့သွေးစစ်ဆေးမှုတွေ၊ ကျန်တာတွေကိုလည်း အခမဲ့လုပ်ပေးပါတယ်။ အဓိကတော့ ART ဆိုတဲ့ဆေးကို နေ့စဉ်အချိန်မှန်မှန်သောက်ရတယ်။ HIV ရောဂါက ပျောက်ကင်းတဲ့ရောဂါတော့ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီဆေးက ဒီရောဂါကို လူကောင်းလိုပဲထိန်းထားနိုင်တယ်။ ပိုးတွေကို ခန္ဓာကိုယ်ထဲမှာ မပြန့်ပွားအောင်လို့ ထိန်းထားတဲ့ဆေးပေါ့”ဟု ၎င်းကဆိုသည်။
အဆိုပါ HIV ရောဂါပိုးမပြန့်ပွားရန် ထိန်းချုပ်နိုင်သည့် ART ဆေးအား ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဆေးရုံကြီးတွင် ဆရာဝန် များနှင့်တိုင်ပင်ကာ ထုတ်ယူနိုင်ကြောင်းသိရသည်။
ရခိုင်ပြည်နယ်သည် HIV ရောဂါပိုးတွေ့ရှိမှုနည်းပါးသည့် ဒေသဖြစ်ကြောင်းသိရပြီး ရခိုင်တွင် HIV ရောဂါဝေဒနာခံစားနေရသောကြောင့် ART ဆေးသုံးစွဲနေရသူအရေအတွက်သည် ထောင်ကဏန်းမျှသာရှိကြောင်း ကျန်းမာရေးဦးစီးဌာန၏ စာရင်းအရ သိရသည်။