- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
လူပေါင်း ၆ သောင်းကျော် အားထားနေရသည့် ပိုးရွှီပြင်တိုက်နယ်ဆေးရုံတွင် ရေပြတ်လတ်မှုကြောင့် လူနာများအခက်တွေ့
ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျားချောင်းဒေသ၊ ပိုးရွှီပြင်တိုက်နယ်ပြည်သူ့ဆေးရုံရှိ ရေတွင်း/ ရေကန်များတွင် ရေပြတ်လပ်နေသဖြင့် ဆေးကုသမူခံယူရန်လာကြသည့် ခွဲစိတ်လူနာများနှင့် ကျန်းမာရေး ဝန်ထမ်းများမှာ အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
04 Feb 2022
DMG ၊ ဖေဖော်ဝါရီ ၄
ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျားချောင်းဒေသ၊ ပိုးရွှီပြင်တိုက်နယ်ပြည်သူ့ဆေးရုံရှိ ရေတွင်း/ ရေကန်များတွင် ရေပြတ်လပ်နေသဖြင့် ဆေးကုသမူခံယူရန်လာကြသည့် ခွဲစိတ်လူနာများနှင့် ကျန်းမာရေး ဝန်ထမ်းများမှာ အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
ထိုသို့ ရေတွင်း/ရေကန်များတွင် ရေပြတ်လပ်နေသဖြင့် လူနာများခွဲစိတ်ကုသရာတွင် ခွဲစိတ်ခန်းအတွင်း ရေမရှိမှု၊ ကျန်းမာရေးဝန်ထမ်းများ၊ လူနာများ၊ လူနာစောင့်များအတွက် သုံးရေများမရရှိမှု စသည့်အခက်အခဲများပေါ်ပေါက် နေသည်ဟု တိုက်နယ်ဆေးရုံမှ သိရသည်။
ထိုသို့ အခက်အခဲရှိနေသဖြင့် ဆေးရုံနှင့် တစ်မိုင်ကျော်ခန့်ကွာဝေးသည့် ရေကန်မှ ရေသွယ်တန်းရန် ကြိုးပမ်း နေကြသည်။ သို့သော် ရေသွယ်တန်းရန် ရေပိုက်များဝယ်ယူရမည်ဖြစ်သဖြင့် ငွေကြေးအလှူရှင်များလိုအပ်နေ သည်ဟု တိုက်နယ်ဆေးရုံမှာ တာဝန်ကျနေသည့် ဒေါက်တာအောင်နိုင်စိုးက ပြောသည်။
“ ဆေးရုံအတွင်းက ရေကန်မှာ ရေကမရှိတော့ဘူး။ ခမ်းသွားပြီ။ ရေမရှိတဲ့အတွက် ခွဲစိတ်လူနာတွေလာတဲ့အခါ အခက်ခဲတွေရှိတယ်။ ခွဲစိတ်လူနာတွေအတွက် အဓိကရေလိုအပ်တယ်။ ရေမရှိတော့ အဆင်ပြေသလို လုပ်နေရတဲ့အခါ လူနာတွေရော၊ ကျန်းမာရေးဝန်ထမ်းတွေပါ အခက်အခဲတွေရှိတယ်။ အခုက ရွာထဲကန်က ရေသယ်ဖို့အတွက် ရေပိုက်တွေဝယ်ဖို့ အလှူရှင်တွေ လိုအပ်နေပါတယ်”ဟု ၎င်းကဆိုသည်။
ထိုသို့ ရေသွယ်တန်းရန်အတွက် ရေပိုက်များဝယ်ယူရန် စုစုပေါင်း ငွေကျပ် သိန်း ၃၀ နီးပါးခန့် ကုန်ကျနိုင်ကြောင်း ဒေါက်တာ အောင်နိုင်စိုးက ဆက်လက်ပြောသည်။
ပိုရွှီပြင်တိုက်နယ်ဆေးရုံရှိ ရေတွင်း/ရေကန်၌ ယခုကဲ့သို့ နှစ်စဉ်နှစ်တိုင်း ရေပြတ်လပ်မူရှိပြီး ဆေးလာကုသူများ အခက်အခဲများရှိနေကြောင်း ပိုးရွီးပြင်မဟာမိတ် လူမူကူညီရေးအသင်းမှ ပြန်ကြားရေးတာဝန်ခံ ကိုအောင်ကျော် ပြောသည်။
“ ကျွန်တော်တို့ တောဖျားချောင်းဒေသမှာ နှစ်စဉ်နှစ်တိုင်း ရေအခက်အခဲနဲ့ကြုံရတယ်။ အရင်နှစ်တွေကဆိုရင် ဆေးရုံမှာ ရေတွေဝယ်ပြီးတော့ သုံးရတယ်။ အဲဒါကြောင့် ကျွန်တော်တို့ အသင်းကနေပြီးတော့ ဆေးရုံမှာ ရေကန်တစ်ကန်တူးဖို့တော့ လုပ်နေတယ်။ အခုကဆေးရုံက ရေကန်မှာ ရေပြတ်နေပြီဆိုတော့ လူနာတွေက အခက်အခဲတွေကြုံရတယ်။ အဲဒါကြောင့် ရေသယ်ဖို့အတွက် ရေပိုက်တွေလိုအပ်နေတာပါ” ဟု ၎င်းကဆိုသည်။
ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျားချောင်းဒေသမှ ကျေးရွာသားများမှာ ကျန်းမာရေးအတွက် ပိုးရွီးပြင်တိုက်နယ် ဆေးရုံးကို အဓိက အားကိုးနေရခြင်းဖြစ်သည်။ အဆိုပါ တောဖျားချောင်းဒေသတွင် ကျေးရွာအုပ်စုစုပေါင်း ၂၀ အုပ်စု၊ ကျေးရွာပေါင်း ၆၄ ရွာနှင့် လူဦးရေး စုစုပေါင်း ၆ သောင်းကျော်ရှိကြောင်းသိရသည်။