နပခ ခံတပ် မဲတောင်ဗျူဟာကုန်းကို AA သိမ်းပိုက် 

မဲတောင်ဗျူဟာကုန်းနှင့် ဆက်စပ်စခန်းကုန်းအားလုံးကို ကာလအတန်ကြာ ဝိုင်းရံပိတ်ဆို့ ဖြတ်တောက်ခဲ့ပြီးနောက်  စက်တင်ဘာ ၂၆ ရက်မှစ၍ ဗျူဟာကုန်းရှိ စခန်းများကို တစ်ခုပြီးတစ်ခု သိမ်းပိုက်ခဲ့ကာ အောက်တိုဘာ ၇ ရက်တွင် အလုံးစုံ သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။ 

By Admin 08 Oct 2024

မဲတောင်ဗျူဟာကုန်းကို သိမ်းပိုက်ပြီးနောက် တွေ့ရသော အာရက္ခတပ်တော် တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ - AA Info Desk)
မဲတောင်ဗျူဟာကုန်းကို သိမ်းပိုက်ပြီးနောက် တွေ့ရသော အာရက္ခတပ်တော် တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ - AA Info Desk)

DMG ၊ အောက်တိုဘာ ၈ 

စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ခံတပ်စခန်းဖြစ်သော မဲတောင်ဗျူဟာကုန်း စခန်းတစ်ခုလုံး နှင့် အနီးပတ်ဝန်းကျင်ရှိ စခန်းအားလုံးကို အပြီးသတ် သိမ်းပိုက်လိုက်ပြီဟု အာရက္ခတပ်တော်က အောက်တိုဘာ ၈ ရက်တွင် ထုတ်ပြန်သည်။ 

မဲတောင်ဗျူဟာကုန်းနှင့် ဆက်စပ်စခန်းကုန်းအားလုံးကို ကာလအတန်ကြာ ဝိုင်းရံပိတ်ဆို့ ဖြတ်တောက်ခဲ့ပြီးနောက်  စက်တင်ဘာ ၂၆ ရက်မှစ၍ ဗျူဟာကုန်းရှိ စခန်းများကို တစ်ခုပြီးတစ်ခု သိမ်းပိုက်ခဲ့ကာ အောက်တိုဘာ ၇ ရက်တွင် အလုံးစုံ သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။  

ဗျူဟာကုန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း AA က ဆိုသည်။ 

မဲတောင်ဗျူဟာကုန်းတွင် စစ်ကိုင်းတိုင်း ကလေး၊ မော်လိုက်၊ ဟုမ္မလင်းအခြေစိုက် စကခ (၁၀) လက်အောက်ခံ တပ်ရင်းများဖြစ်သော ခမရ (၃၆၂/၃၆၅/၃၆၉) တပ်ရင်းများ၊ နပခဌာနချုပ်လက်အောက်ခံ တပ်ရင်းအချို့နှင့် စကခ (၅)လက်အောက်ခံ ခမရ (၃၄၆/ ၃၇၃/ ၃၇၂) တပ်ရင်းများ စုပေါင်းထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

“တောဟိန်းတောင်ပြီးရင် ဒီဗျူဟာကုန်းကို သိမ်းပိုက်လိုက်နိုင်ပြီဆိုတော့ မြို့ထဲကိုဝင်တဲ့ လမ်းကြောင်းက လွယ်ကူသွားပြီလို့ ပြောလို့ရတယ်။ အပေါ်စီးကနေ နပခကို လှမ်းပစ်လို့ရတဲ့ အနေအထားဖြစ်တယ်။ ဒီဗျူဟာကုန်းက နပခကို ကာကွယ်ဖို့အတွက် အဓိကအရေးပါတဲ့ နေရာတစ်ခုလို့လည်း ပြောလို့ရတယ်။ အဲဒါကြောင့် စစ်ကောင်စီကလည်း အင်အားအလုံးအရင်းနဲ့ က ကွယ်ခဲ့တာ” ဟု ရခိုင်စစ်ရေးလေ့လာသူတစ်ဦးက ပြောသည်။

မဲတောင်ဗျူဟာကုန်းမှ သိမ်းပိုက်ရရှိသော စစ်လက်နက်များနှင့် စစ်အသုံးအဆောင်ပစ္စည်းများ။ (ဓာတ်ပုံ - AA Info Desk)

မဲတောင်ဗျူဟာကုန်းမှာ ကြိမ်ချောင်းနှင့် ခမောင်းတောကျေရွာကြားရှိ မဲတောင်ကြောတလျှောက်တွင်ရှိပြီး စခန်း ၅ ခုအထိရှိကာ နပခတည်ရှိရာ အမ်းမြို့ကို ကာကွယ်ရန်အတွက် စစ်ကောင်စီ၏ ခံတပ်စခန်းကြီးတစ်ခု ဖြစ်သည်။ 

မဲတောင်ဗျူဟာကျရှုံးပြီးနောက် အမ်းမြို့တွင် စစ်ကောင်စီက အင်အားဖြည့်တင်းထားပြီး မြို့အဝင်လမ်းတလျှောက် ကတုတ်ကျင်းများတူးကာ ခံစစ်အခိုင်အမာ ပြင်ဆင်နေကြောင်း သိရသည်။ 

“အမ်းမြို့မှာတော့ လှုပ်လှုပ်ရှားရှားတွေ တွေ့လာရတယ်။ မဲတောင်က တပ်ဆုတ်လာတဲ့ တပ်သားတွေကို မြို့အဝင်နဲ့ မြို့ပေါ်အနီးတပ်တွေမှာ ထပ်အင်အားဖြည့်ထားတယ်။ ဒီနေ့မှာဆိုရင် တပ်မိသားစုတွေကို ကားနဲ့ ပြည်မဘက်ကို‌ရွှေ့ပြောင်းနေတယ်” ဟု အမ်းဒေသခံတစ်ဦးက ပြောသည်။  

အမ်းတွင် စစ်ကောင်စီ၏ နပခ၊ ခမရ - ၃၇၁၊ ခမရ - ၃၇၂၊ ခမရ - ၃၇၃ နှင့်အတူ ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်(GE)၊ စစ်မြေပြင် အင်ဂျင်နီယာတပ် (BE)၊ ဆေးတပ်နှင့် စစ်လက်နက်တပ်ဖွဲ့များ ရှိသည်။

ရခိုင်တွင် ကျန်ရှိနေသေးသော စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်နိုင်ရေး ထိုးစစ်အရှိန်မြှင့်သွားမည်ဟု AA က ကြေညာပြီးနောက် စစ်ကောင်စီတပ်စခန်းများကို တစ်ခုပြီးတစ်ခု သိမ်းပိုက်လျက်ရှိနေသည်။