ဆီဈေးတက်၍ ရခိုင် ကုန်းလမ်း၊ ရေလမ်း ယာဉ်စီးခများ တိုးမြင့်လာ

ရခိုင်တွင် စက်သုံးဆီဈေးနှုန်းများ အဆမတန် မြင့်တက်လာနေသည့်အတွက် ရခိုင်မှ ရန်ကုန်၊ မန္တလေးစသည့်မြို့များသို့ ပြေးဆွဲနေကြသည့် ကုန်းလမ်းနှင့် ပြည်နယ်တွင်းပြေးဆွဲနေသည့် ရေကြောင်းလမ်းတို့မှာ ခရီးစရိတ်အဖြစ် ယာဉ်စီးခကိုတိုးမြှင့်ကောက်ခံလာနေကြောင်း သိရသည်။

15 Mar 2022

DMG ၊ မတ်လ ၁၅

ရခိုင်တွင် စက်သုံးဆီဈေးနှုန်းများ အဆမတန် မြင့်တက်လာနေသည့်အတွက် ရခိုင်မှ ရန်ကုန်၊ မန္တလေးစသည့်မြို့များသို့ ပြေးဆွဲနေကြသည့် ကုန်းလမ်းနှင့် ပြည်နယ်တွင်းပြေးဆွဲနေသည့် ရေကြောင်းလမ်းတို့မှာ ခရီးစရိတ်အဖြစ် ယာဉ်စီးခကိုတိုးမြှင့်ကောက်ခံလာနေကြောင်း သိရသည်။

လက်ရှိတွင် စစ်တွေမြို့မှ ရန်ကုန်နှင့် မန္တလေး စသည့်မြို့များသို့ ပြေးဆွဲနေသည့် မော်တော်ယာဉ်လှိုင်းများမှာ ယခင်ကထက် ကျပ် (၅၀၀၀)ကျော်အထိ တိုးမြှင့်ကောက်ခံနေရကြောင်းလည်း စစ်တွေအဝေးပြေးကားဂိတ် တာဝန်ရှိသူတို့ထံမှ စုံစမ်းသိရှိရသည်။

ရွှေညီကိုကားဂိတ်မှ ဂိတ်မှူးကိုဝင်းနိုင်က “ကားအားလုံးကို ဆီးဈေးတက်တဲ့အတွက် ငွေ(၅၀၀၀)ကျပ်စီ တိုးကောာက်လိုက်တာ။ ဒါကလည်း ဆီဈေးတက်တဲ့အတွက် ပို့ဆက်ရုံးမှာအစည်းအဝေးခေါ်ပြီးတော့ ဒီလိုဈေးနှုန်းဖြစ်သင့်တယ်ဆိုပြီးတော့ တိုးမြှင့်လိုက်ရတာဖြစ်တယ်”ဟု DMG ကိုပြောသည်။

ယင်းကြောင့် လက်ရှိတွင် ရန်ကုန်၊ မန္တလေး စသည့်ပြည်မမြို့များသို့သွားသည့် ယာဉ်လိုင်းများမှာ ယခင်ပျဉ်းမျှ (၂၅၀၀၀)ကျပ်ရှိရာကနေ ရိုးရိုးကားက (၃၀၀၀၀)ကျပ်ရှိနေပြီး အထူးကားဆိုလျှင် (၃၅၀၀၀)ကျပ်အထိ ဈေးတက်သွားခြင်းဖြစ်သည်။

လက်ရှိ ရခိုင်စက်သုံးဆီဈေးနှုန်းများမှာ ပရီမီယံဒီဇယ်ဆီ ၁ လီတာကို ငွေကျပ်၂၅၀၀ အထိ ဈေးနှုန်းရှိနေသည့်အတွက် ယခုကဲသို့အခြေအနေများ ဆက်တိုက်ကြုံတွေ့လာပါက ရခိုင်ပြည်နယ်အတွင်းရှိ ပို့ဆောင်ရေးလုပ်ငန်းများလည်း ထိခိုက်မှုများရှိလာနိုင်ကြောင်း အဝေးပြေးကားဂိတ်မှူးများထံမှ သိရသည်။

“ကားတွေကရပ်တန့်သွားရင်တော့ ကားသမားတွေရဲ့ မိသားစုမှ မဟုတ် ကားဂိတ်တစ်ခုလုံး ထိခိုက်မှာပဲ။ မိသားစုတွေရဲ့ စားဝတ်နေရေး အလုပ်သမားတွေရဲ့စားဝတ်နေရေး အားလုံးထိခိုက်သွားနိုင်တယ်”ဟု ကိုဝင်းနိုင်ကဆိုသည်။

ထို့အတူ ခရီးသည် သယ်ယူပို့ဆောင်ရေးယာဉ်လိုင်းများတွင် အခြားသော အသုံးစရိတ်များမှာလည်း မြင့်တက်လာမှုများကြောင့် ကုန်ပစ္စည်းတန်ဆာခများကိုလည်း တိုးမြင့်ကောက်ခံနေရကြောင်း ကေသီဦးကားဂိတ်မှ ဦးမောင်လှရွှေက DMG ကိုပြောသည်။

“ရခိုင်က ပြည်မဘက်ကိုတင်လို့ရှိရင် ကုန်စည်တစ်ပိသာကို ကျပ်(၃၀)နဲ့ (၅၀)ကြားတက်သွားတယ်။ ရခိုင်က ပြည်မဘက်ကို တင်လို့ရှိရင် (၁၀၀)နဲ့ (၁၅၀)ကြားရှိတယ်။ ရန်ကုန်၊ မန္တလေးဘက်ကလာတဲ့ကုန်ပစ္စည်းတွေကျတော့ တစ်ပိသာကို (၁၈၀)ကျပ်ကနေ အခုဆိုရင် (၂၀၀)ကနေ (၃၀၀)ကျပ်အထိရှိပါတယ်” ဟု ဦးမောင်လှရွှေကပြောသည်။

လက်ရှိတွင် စစ်တွေ-ရန်ကုန်ပြေးဆွဲနေသည့် ခရီးသည်သယ်ယူပို့ဆောင်ရေးယာဉ်လိုင်း (၁၁)ခုနှင့် စစ်တွေ-မန္တလေးပြေးဆွဲနေသည့် ယာဉ်လိုင်း(၆)ဂိတ်ရှိပြီး အခြားသောကုန်စည်ပို့ဆောင်ရေး ယာဉ်လိုင်းများလည်း အများအပြားရှိနေသည်ဟု စစ်တွေအဝေးပြေးကားဂိတ်မှ ဂိတ်မှူးများထံမှ စုံစမ်းသိရှိရသည်။

အလားတူ ရခိုင်ပြည်နယ်အတွင်းပြေးဆွဲနေသည့် ရေကြောင်း ယာဉ်လိုင်းတို့မှလည်း လက်ရှိတွင် ဈေးနှုန်းတိုးမြှင့်ကောက်ခံနေကြောင်း ရေယာဉ်တာဝန်ရှိသူတို့ထံမှ သိရသည်။

“အရင်ကတော့ ပေါက်တောကို ကျပ် (၃၀၀၀)ကောက်တယ်။ အခုကျတော့ (၄၀၀၀)ကျပ်ဖြစ်သွားပြီ။ နောက်ပြီးတော့ မင်းပြားကိုကျတော့ အရင်က (၆၀၀၀)ကနေ အခုတော့ (၈၀၀၀)ကျပ်၊ မြေပုံကိုကျတော့လည်း မင်းပြားလိုပဲ”ဟု ရွှေပြည်တန်အမြန်ရေယာဉ် မန်နေဂျာ ဦးစံမော်သိန်းက DMG သို့ပြောသည်။

ထို့ကြောင့် စစ်တွေ-ပေါက်တောခရီးစဉ်ကို ယခင်က ရွှေပြည်တန်ဈေးနှုန်း (၃၀၀၀)ရှိရာကနေ ယခုအချိန်တွင် (၄၀၀၀)ကျပ်သို့ တိုးမြှင့်လိုက်သည့်အတွက် စီးနင်းလိုက်ပါသူတို့ အခက်အခဲဖြစ်ပေါ်စေကြောင်းလည်း ခရီးသွားများကဆိုသည်။

“အရင်တုန်းက ပေါက်တောနဲ့စစ်တွေသွားရင် ရွှေပြည်တန်ခ (၃၀၀၀)ပဲရှိတယ်လေ။ အခုဆီဈေးနှုန်းတွေတက်လို့ဆိုပြီးတော့ (၄၀၀၀)ကျပ်ပေးရတယ်။ ဆိုတော့အခက်အခဲဖြစ်တယ်။ နောက်ထပ်လည်း ဆီဈေးတက်မယ်လို့ကြားသေးတယ်။ အသွားအပြန်ဆို ကျမတို့မှာ (၂၀၀၀)ပိုပေးနေရတယ်”ဟု ပေါက်တောမှ ဒေါ်မလှဝင်းက DMG ကိုပြောသည်။

စစ်တပ်အာဏာသိမ်းမှု၏ အကျိုးဆက်အဖြစ် ရခိုင်ပြည်နယ်တွင် စားသုံးဆီ၊ စက်သုံးဆီနှင့် ကုန်ဈေးနှုန်းတို့မှာ တရိပ်ရိပ်မြင့်တက်နေပြီး ပြည်သူတို့မှာလည်းအခက်အခဲမျိုးစုံဖြင့် ကြုံတွေ့နေကြရသည်။