- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ပလက်ဝတွင် ဆန်နှင့် အခြားလူသုံးကုန်ပစ္စည်းများ ဈေးနှုန်းအဆမတန်မြင့်တက်နေ
မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ စစ်ရေးတင်းမာမှုရှိသည့် ပလက်ဝမြို့နယ်တွင် ဆန်နှင့် စက်သုံးဆီဈေးနှုန်းများအပါအဝင် အခြေခံလူသုံးကုန်ပစ္စည်းများ အဆမတန်မြင့်တက်နေသဖြင့် ဒေသခံများ စားဝတ်နေရေးအခက်အခဲနှင့်ရင်ဆိုင်နေရသည်။
10 Aug 2022
DMG ၊ ဩဂုတ် ၁၀
မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ စစ်ရေးတင်းမာမှုရှိသည့် ပလက်ဝမြို့နယ်တွင် ဆန်နှင့် စက်သုံးဆီဈေးနှုန်းများအပါအဝင် အခြေခံလူသုံးကုန်ပစ္စည်းများ အဆမတန်မြင့်တက်နေသဖြင့် ဒေသခံများ စားဝတ်နေရေးအခက်အခဲနှင့်ရင်ဆိုင်နေရသည်။
ပလက်ဝဒေသခံများမှာ ကုန်ပစ္စည်းများကို ကျောက်တော်မြို့မှ ဝယ်ယူစားသုံးနေခြင်းဖြစ်သော်လည်း မြန်မာစစ်တပ်က သြဂုတ်လ ၁ ရက်နေ့မှစတင်ကာ ရေကြောင်း၊ကုန်းကြောင်းပိတ်ထားသဖြင့် ကုန်စည်စီးဆင်းမှုမရှိသောကြောင့် ဈေးနှုန်းမြင့်တက်နေခြင်းဟု ဒေသခံများကဆိုသည်။
ပလက်ဝတွင် ဧည့်မထဆန်(ဒေသအခေါ်ဆန်ချေ)တစ်အိတ်လျှင် ၃ သောင်းခွဲရှိခဲ့ရာမှာ လက်ရှိတွင် ၆ သောင်းကျပ်အထိရှိနေသည်။ ထို့ပြင် ပေါ်ဆန်းမွှေးတစ်အိတ်လျှင် ယခင်က ၆ သောင်းကျပ်ရှိခဲ့ရာမှ လက်ရှိတွင် ၈ သောင်းကျော်အထိရှိနေသည်ဟု ဒေသခံများထံမှ သိရသည်။
“ဆန်တွေ၊ ဆီတွေကိုအကုန်လုံး ကျောက်တော်ကပဲတင်တာ။ အခုပိတ်ထားတော့ စားဝတ်နေရေးအခက်အခဲပေါ့ဗျာ။ ဆန်တွေ လည်းဈေးတက်တယ်။ သတ်မှတ်ချက်တောင်မရှိတော့ဘူး။ ကုန်ဈေးနှုန်းတွေ ဒီတိုင်းမြှင့်ပြီးရောင်းနေကြတယ်။ ဓာတ်ဆီတွေ ဆိုရင် ရှာလို့တောင်မရတော့ဘူး။ ဓာတ်ဆီတွေ ရှာလို့မရတော့ လုပ်ငန်းခွင်တွေလည်း ရပ်ထားရတယ်။ သုံးဘီးသမားတွေလည်းနားထားရတယ်။ လမ်းတွေပိတ်ထားတော့ စီးပွားရေးလည်းထိခိုက်တယ်”ဟု ဒေသခံတစ်ဦးကဆိုသည်။
ထို့ပြင် ဓာတ်ဆီတစ်လီတာကို ယခင် ၃၅၀၀ ကျပ်ရှိခဲ့ရာမှာ လက်ရှိတွင် ၈၀၀၀ ကျပ်အထိ မြင့်တက်နေသည်။ သို့သော် ဆီပြတ်တောက်မှုများလည်းရှိသဖြင့် ဒေသခံများမှာ အခက်တွေ့နေကြရသည်ဟု သိရသည်။
“ဈေးကတော့ အကုန်လုံးတက်နေတာပါ။ အဓိက ဆန်နဲ့ဓာတ်ဆီဆို ရှာလို့တောင်မရတော့ဘူး။ ဟင်းတွေ ငါးတွေဆိုရင်လည်း ရှာကြံပြီးစားနေရတယ်။ အရင်ကဝယ်လို့ရှိတဲ့ ငါးခြောက်တွေနဲ့ စားနေရတယ်။ လမ်းတွေကပိတ်ထားတာ ဘယ်ကိုမှသွားလို့မရဘူး။ ရှာကြံပြီးစားနေရတယ်”ဟု ဒေသခံတစ်ဦးက ဆိုသည်။
ကျောက်တော်မြို့၏ ဆန်ဈေးနှုန်းများမှာ ပေါ်ဆန်းမွှေး(ရှယ်) တစ်အိတ်လျှင် ၆၀၀၀၀ ကျပ်၊ ပေါ်ဆန်းမွှေး(ရိုးရိုး)တစ်အိတ်လျှင် ၅၇၀၀၀ ကျပ်၊ ဧည့်မထဆန် တစ်အိတ်လျှင် ၃၅၀၀၀ ကျပ်ရှိနေကြောင်း ဒေသတွင်းဆန်ဆိုင်များထံမှ သိရသည်။
ပလက်ဝဒေသခံတို့ စားဝတ်နေရေးအဆင်ပြေစေဖို့အတွက်ဆိုလျှင် ပလက်ဝ-ကျောက်တော်သို့ပြေးဆွဲနေသော ရေယာဉ်များကို ပိတ်ပင်တားဆီးမှု ဖြေလျှော့ရန်လိုအပ်သည်ဟု ဆိုကြသည်။ ထို့ပြင် စစ်ကောင်စီကပြေးဆွဲနေသော ရေနယားဇတ်ရေယာဉ်ကိုလည်း ပြန်လည်ပြေးဆွဲပေးရန်လိုအပ်ကြောင်း ဒေသခံများကဆိုသည်။
“ကုန်ပစ္စည်းတွေ ပလက်ဝမှာမရှိလို့ ဈေးတက်တာတော့ဟုတ်ပါတယ်။ အခုက ဈေးတက်နေရင်တောင် ရှာလို့မတွေ့တော့ဘူး။ ဒါကြောင့် လမ်းတွေပိတ်ထားရင်လည်း သင်္ဘော(စစ်ကောင်စီပိုင် ဇတ်ရေယာဉ်)တော့ ပြန်ထွက်စေချင်ပါတယ်။ သင်္ဘောသာ ပြန်ထွက်ရင် ဘာပဲဖြစ်ဖြစ် ကုန်ပစ္စည်းတွေပြတ်လပ်မှာမဟုတ်ဘူးလေ”ဟု နောက်ထပ်ပလက်ဝဒေသခံတစ်ဦးက ပြောသည်။
ပလက်ဝမြို့နယ်သည် အင်တာနက်ဖြတ်တောက်ခံထားရသည့် မြို့နယ်တစ်ခုလည်းဖြစ်သည်။ ထို့ပြင် ယင်းဒေသတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲမကြာခဏဖြစ်ပွားခြင်း၊ မြန်မာစစ်တပ်ဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် ဒေသခံများမှာ စိုးရိမ်ထိလန့်မှုများ၊ အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။