- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မင်းပြားတွင် တစ်ခြားဒေသမှဝင်ရောက်လာသူများနှင့် သံသယလူနာများအားထားရှိရန် Quarantine Center ၂ ခုကို ကြိုတင်ပြင်ဆင်ထား
ရခိုင်ပြည်နယ်၊ မင်းပြားမြို့တွင် တစ်ခြားဒေသများမှ ဝင်ရောက်လာသူများ၊ ပိုးတွေ့လူနာများနှင့်ထိတွေ့ခဲ့သည့် သံသယလူနာများအားထားရှိရန် Quarantine Center (၂)ခုကို ကြိုတင်ပြင်ဆင်ထားကြောင်း မြို့နယ်ကောင်စီဝင်ထံမှ သိရသည်။
15 Jul 2021
DMG ၊ ဇူလိုင် ၁၅
ရခိုင်ပြည်နယ်၊ မင်းပြားမြို့တွင် တစ်ခြားဒေသများမှ ဝင်ရောက်လာသူများ၊ ပိုးတွေ့လူနာများနှင့်ထိတွေ့ခဲ့သည့် သံသယလူနာများအားထားရှိရန် Quarantine Center (၂)ခုကို ကြိုတင်ပြင်ဆင်ထားကြောင်း မြို့နယ်ကောင်စီဝင်ထံမှ သိရသည်။
အဆိုပါ Quarantine Center (၂)ခုကို မင်းပြားမြို့၊ မြို့တော်ခန်းမနှင့် အားကစားခန်းမတို့တွင် ယခုလ (၁၀)ရက်နေ့မှစတင်ကာ ကြိုတင်လုပ်ဆောင်ထားပြီး တစ်ခြားဒေသမှ ဝင်ရောက်သူများကို စတင်ထားရှိတော့မည်ဖြစ်ကြောင်း မင်းပြားမြို့နယ်ကောင်စီဝင် ဦးသခင်ချိုက ပြောသည်။
“ကျနော်တို့ဖက်က အားလုံး ready ပြင်ထားပြီးပြီ။ အခုလောလောဆည်တော့ မင်းပြားမြို့ထဲကို တစ်ခြားနေရာဒေသက ဝင်လာတဲ့သူတွေတော့ မရှိသေးဘူးပေါ့။ ကျနော်တို့ အဓိကလျာထားတာက ပိုးတွေ့လူနာနဲ့ထိစပ်တဲ့လူနာတွေကိုထားမယ်ဆိုပြီးပေါ့။ သူတို့တွေကို Quarantine ထားမယ့်အချိန်မှာ အဆင်သင့်ဖြစ်နေအောင်ဆိုပြီး ကြိုလုပ်ထားတာပါ’’ဟု ၎င်းကပြောသည်။
ယင်းအပြင် မင်းပြားမြို့အတွင်း၌ မြို့သူ၊မြို့သားများအား ကျန်းမာရေးဌာနမှ ညွှန်ကြားထားသည့် စည်းကမ်းများနှင့်အညီလိုက်နာနေထိုင်ကြရန် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ကျန်းမာရေးဌာနတို့မှ ပူးပေါင်းကာ နေ့စဉ်လုပ်ဆောင်ပေးလျှက်ရှိကြောင်းလည်း ၎င်းကဆိုသည်။
“အိမ်အပြင်ထွက်တိုင်း Mask တပ်ဖို့၊ အပြင်ကရောက်ရင် လက်တွေဆေးဖို့ရယ်၊ ကျန်းမာရေးဌာနက ညွှန်ကြားချက်တွေကို တစ်နေ့ ၂ ကြိမ်ဆောင်ရွက်တယ်။ ဒါကတော့ ကျနော်တို့ဖက်က ဆောင်ရွက်တာပေါ့နော်။ ကျန်းမာရေးဌာနဖက်ကဆိုလည်း တစ်နေ့ကို ၄ ကြိမ်လောက်တောင်လုပ်ပေးတယ်။ Mask မတပ်ရင် အရေးယူမယ်ဘာညာတို့တော့ မလုပ်ထားသေးဘူး။ လုပ်ဖို့ကလည်း ကျနော်တို့မင်းပြားမြို့အတိုင်းတာနဲ့ အဲဒီလောက်ထိမရှိသေးဘူးလေ” ဟု ဦးသခင်ချိုကဆိုသည်။
ဒေသခံများအနေဖြင့်လည်း မိမိကိုယ်ကိုသံသယရှိပါက မကြောက်မရွံ့ဘဲ လာရောက်ဆေးကုသမှုခံယူရန်လိုအပ်ကြောင်း မင်းပြားလူငယ်များအစည်းအရုံး ဥက္ကဋ္ဌ ကိုနေငြိမ်းချမ်းက ပြောသည်။
“ကျနော်တို့ကလည်း လိုအပ်လာရင် ပူးပေါင်းပါဝင်ပေးမယ်ဆိုပြီး ကောင်စီဝင်တွေကို ပြောထားတယ်။ အခုလိုကြိုတင်ပြီးလုပ်ထားတာကိုလည်း ကျနော်တို့အနေနဲ့အားပေးတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့မြို့သူ၊မြို့သားတွေက စည်းကမ်းလိုက်နာမှု လုံးဝမရှိဘူး။ ပေါ့ဆကြတယ်။ ဆိုင်တွေဆိုလည်း ဖွင့်မြဲတိုင်း ဖွင့်စမြဲဘဲ။ နောက်ပြီးတစ်ချို့လူတွေက အနံ့မရပေမယ့် Quarantine ဝင်ရမှာကိုကြောက်တာကြောင့် ဆေးခန်းမပြဘဲ အိမ်မှာကုတ်ပြီးဆေးသောက်နေကြတယ်။ ဒါကြောင့် နေမကောင်းရင် ဆေးရုံ၊ဆေးခန်းကိုသွားပြီး ကုသမှုခံယူကြဖို့ ကျနော်ကတော့ အကြံပေးချင်တယ်’’ ဟု ပြောသည်။
လက်ရှိတွင် မင်းပြားမြို့နယ်၌ ကိုဗစ်အတည်ပြုလူနာ ၇ ဦးထိရှိလာနေပြီး ၎င်းတို့နှင့်ဆက်စပ်ခဲ့သူများကို မိမိတို့နေအိမ်အတွင်း၌သာ Stay Home ထားရှိကာ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများကို စောင့်ကြည့်ခိုင်းထားကြောင်းလည်း မြို့နယ်ကောင်စီဝင်ထံမှ သိရသည်။
ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့သည့် မတ်လအတွင်းကနေ ယခုဇူလိုင်လ ၁၃ ရက်နေ့အထိ ကိုဗစ်ပိုးတွေ့လူနာ ၉၉၇ ဦး၊ ဆေးရုံမှဆင်းခွင့်ရလူနာ ၁၉၆ ဦးနှင့် သေဆုံးသူဦးရေ ၁၆ ဦးအထိရှိလာနေပြီဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။ ဇူလိုင်လ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့တို့ တွင်လည်း ရခိုင်တွင် ကိုဗစ်အတည်ပြုလူနာသေဆုံးမှု ဆက်လကတိုးလျက်ရှိနေသည်။