- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ဒါးလက်ချောင်းအုပ်စုမှ ဒေသခံများ ဆန်သယ်ယူခွင့် ကန့်သတ်ခံရ
အမ်းမြို့နယ်၊ ဒါးလက်ချောင်းကျေးရွာအုပ်စုတွင် ယခုမေလ ၆ ရက်နေ့မှစတင်ကာ ဆန်သယ်ယူခွင့်ကို စစ်ကောင်စီက ကန့်သတ်လိုက်ကြောင်း ဒေသခံများကပြောဆိုကြသည်။
09 May 2022
DMG ၊ မေ ၉
အမ်းမြို့နယ်၊ ဒါးလက်ချောင်းကျေးရွာအုပ်စုတွင် ယခုမေလ ၆ ရက်နေ့မှစတင်ကာ ဆန်သယ်ယူခွင့်ကို စစ်ကောင်စီက ကန့်သတ်လိုက်ကြောင်း ဒေသခံများကပြောဆိုကြသည်။
ယခုကဲ့သို့ ဆန်ရိက္ခာသယ်ယူခွင့်ကို ကုန်လမ်း၊ ရေလမ်းနှစ်ခုလုံးမှပိတ်ထားခြင်းဖြစ်ကာ တစ်ပတ်လျှင် တစ်ကြိမ်သာခွင့်ပြုမည်ဟုသိရကြောင်း ဒါးလက်ချောင်းကျေးရွာမှ ဒေသခံတစ်ဦးကပြောသည်။
“ကုန်းလမ်းကြောင်းရော၊ ရေလမ်းကြောင်းရော ပိတ်ထားတာ။ ဘယ်လောက်ကြာကြာ ပိတ်မယ်ဆိုတာတော့ မသိဘူး။ တစ်ပတ်ကိုတစ်ကြိမ် သယ်ယူခွင့်ရမယ်လို့တော့ပြောတယ်”ဟု ၎င်းဒေသခံကဆိုသည်။
ဒါးလက်ချောင်းကျေးရွာအုပ်စုတွင် ကျေးရွာပေါင်း ၅၀ ကျော်ရှိပြီး ဆန်ရိက္ခာများကို မင်းပြားမြို့နယ်ဖက်မှ အဓိကဝယ်ယူကြသည်။ လက်ရှိမှာ ဆန်ရိက္ခာသယ်ယူခွင့် ပိတ်ပင်ထားခြင်းမှာ မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို မသိရသေးဟု ဒေသခံများကပြောသည်။
“အခုဆန်တွေ ဈေးတက်သွားတယ်။ ဆန် ၂ တောင်းအိတ်တစ်အိတ်ကို နှစ်သောင်းကျပ်ထိဖြစ်သွားတယ်။ အရင်တုန်းက ၁၈၀၀၀ ဘဲရှိတယ်။ အဲဒါပိတ်ထားတာ ဘယ်လောက်မှမကြာသေးဘူး။ ဈေးကအဲလိုဖြစ်နေတယ်။ ကြာကြာဆိုရင်တော့ တော်တော်အခက်အခဲဖြစ်လာမှာသေချာတယ်”ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒါးလက်ချောင်းဒေသခံတစ်ဦးကပြောသည်။
ယခုကဲ့သို့ ဒါးလက်ချောင်းကို ရိက္ခာသယ်ယူခွင့်ပိတ်ပင်ထားခြင်းနှင့်ပတ်သက်ပြီး ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရသူ ဦးလှသိန်းကို ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းက “ဒါတွေကို ငါလဲမသိသေးဘူး။ ဒါကတပ်ဖက်ဆိုင်ရာတွေက လုပ်တဲ့ကိစ္စတွေဖြစ်တယ်။ ငါတို့မသိဘူး။ တပ်ဖက်ကိုဘဲ မေးကြည့်ရမှာဖြစ်တယ်”ဟု ဆိုသည်။
ထို့ကြောင့် ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။
ဒါးလက်ချောင်းကျေးရွာအုပ်စုအတွင်း ရိက္ခာသယ်ယူခွင့်ကို ပြီးခဲ့သည့်တိုက်ပွဲကာလအတွင်းကလည်း တစ်နှစ်ခန့်ကြာပိတ်ပင်ခံခဲ့ရပြီး ဒေသခံများမှာ စားသောက်ရေးအတွက် အခက်အခဲများစွာကြုံတွေ့ခဲ့ကြရသည်။