- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်က စစ်ရှောင်စခန်းအချို့တွင် သောက်သုံးရေရှားပါးမှုနှင့်ကြုံနေရ
စစ်ဘေးရှောင်များမှာ အဖွဲ့အစည်းများ၏ ထောက်ပံ့ကူညီမှုဖြင့် စားဝတ်နေရေးကိုဖြေရှင်းနေရပြီး လက်ရှိမှာ သောက်သုံးရေရှားပါးမှုနှင့်ကြုံတွေ့နေသဖြင့် ရေလုံလောက်စွာရရှိနိုင်ရန် လိုလားနေကြသည်။
18 Jan 2022
DMG ၊ ဇန်နဝါရီ ၁၈
ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းအချို့တွင် နွေရာသီကာလ မရောက်မီကပင် သောက်သုံးရေရှားပါးမှုနှင့် ကြုံတွေ့နေရပြီဖြစ်သည်။
စစ်ဘေးရှောင်စခန်းများတွင် ဆောင်းရာသီနှင့် နွေရာသီ၌ ရေရှားပါးမှုနှင့် နှစ်စဉ်ကြုံ့တွေ့နေရကြောင်း လက်ရှိရေရှားပါးမှုနှင့်ရင်ဆိုင်နေရသည့် မင်းပြားမြို့၊ ဖားပြိုစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးမောင်ထွန်းလှက ပြောသည်။
“ရေရဖို့ စခန်းအနီးက တောတောင်တွေဆီလည်း သွားရှာလို့မရဘူး။ စစ်တပ်ကရှိနေတယ်ဆိုတော့လေ။ ကျနော်တို့မှာလည်း ငွေမရှိတော့ ရေရဖို့ကိစ္စ သက်ဆိုင်ရာတာဝန်ရှိသူတွေက ဆောင်ရွက်ပေးဖို့ တင်ပြတောင်းဆိုထားတယ်” ဟု ၎င်းကပြောသည်။
ရေရရှိရေးအတွက် ပြီးခဲ့သည့် ဒီဇင်ဘာလက စစ်ကောင်စီသို့ စာဖြင့်တင်ပြထားကြောင်းလည်း ဦးမောင်ထွန်းလှက ဆိုသည်။
စစ်ဘေးရှောင်များမှာ အဖွဲ့အစည်းများ၏ ထောက်ပံ့ကူညီမှုဖြင့် စားဝတ်နေရေးကိုဖြေရှင်းနေရပြီး လက်ရှိမှာ သောက်သုံးရေရှားပါးမှုနှင့်ကြုံတွေ့နေသဖြင့် ရေလုံလောက်စွာရရှိနိုင်ရန် လိုလားနေကြသည်။
ပုဏ္ဏားကျွန်းမြို့နယ်၊ ရေဖြူကန်စစ်ဘေးရှောင်တွင်လည်း စခန်းအနီးရှိ တောင်တစ်ဖက်မှ ရေကန်ကိုအသုံးပြုနေရပြီး လက်ရှိအချိန်တွင် ထိုကန်မှာလည်း ရေတဖြည်းဖြည်းလျော့နည်းလာပြီဖြစ်သည်။
“ရေရဖို့ စခန်းကနေတစ်မိုင်လောက်အကွာမှာရှိတဲ့ ရေကန်မှာ ရေသွားခပ်ရတယ်။ ရှေ့လလောက်ဆို အဲဒီကန်လည်း ရေခမ်းတော့မယ်”ဟု စစ်ဘေးရှောင်တစ်ဦးဖြစ်သူ ဦးသန်းဌေးကပြောသည်။
ပုဏ္ဏားကျွန်းမြို့နယ်၊ စက်မှုဇုန်စစ်ဘေးရှောင်စခန်းတွင်လည်း သောက်သုံးရေရှာပါးမှုနှင့်ကြုံနေရသဖြင့် စစ်ဘေးရှောင်များမှာ ရေအသုံးပြုရန် အခက်အခဲရှိနေကြောင်း သိရသည်။
ရခိုင်ပြည်နယ်ရှိ ရသေ့တောင်၊ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ မြေပုံ စသည့်မြို့နယ်များရှိ စစ်ဘေးရှောင်စခန်းများနှင့် ကျေးရွာများတွင် ရေရှားပါးမှုကို နှစ်စဉ်နှစ်တိုင်းကြုံတွေ့နေကြရသည်။
စစ်ဘေးရှောင်များ ရေရရှိရေးနှင့်ပတ်သက်ပြီး စစ်ကောင်စီမှ မည်ကဲ့သို့ စီမံဆောင်ရွက်နေသည့်ကိုသိရှိရန် ပြည်နယ်စစ်ကောင်စီထံ DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။
ရခိုင်ပြည်နယ်တွင် ၂ နှစ်ကြာဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် နေရပ်စွန့်ခွာလာသူများထဲမှ လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်စုစုပေါင်းရှစ်သောင်းကျော် ရှိနေသေးသည်။