AA ထိုးစစ် အမ်းမြို့တွင်းအထိ ထိုးဖောက်လာ 

AA ထိုးစစ်မှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိသည့် အမ်းမြို့တွင်းအထိ ထိုးဖောက် တိုက်ခိုက်လာနေ၍ တိုက်ပွဲများ ပိုမိုပြင်းထန်လျက်ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

By Admin 13 Nov 2024

ပုံစာ - မောင်တောမြို့နယ်၊ ဗောဓိကုန်းစခန်းကို သိမ်းပိုက်ပြီးနောက် တွေ့ရသော AA တပ်ဖွဲ့ဝင်များ။ 
ပုံစာ - မောင်တောမြို့နယ်၊ ဗောဓိကုန်းစခန်းကို သိမ်းပိုက်ပြီးနောက် တွေ့ရသော AA တပ်ဖွဲ့ဝင်များ။ 

DMG ၊ နိုဝင်ဘာ ၁၃

အာရက္ခတပ်တော်(AA) ထိုးစစ်မှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိသည့် အမ်းမြို့တွင်းအထိ ထိုးဖောက် တိုက်ခိုက်လာနေ၍ တိုက်ပွဲများ ပိုမိုပြင်းထန်လျက်ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ 

“မနေ့ကညဉ့်အချိန်မှာ အမှတ်(၅)ရပ်ကွက်က မြို့မရဲစခန်းနား သုံးဖာလုံလောက်မှာ တိုက်ပွဲဖြစ်ပွားကြလို့ သိရတယ်။ ဒီနေ့မနက်မှာတောင် သိမ်းနိုင်တဲ့ အနေအထားမှာရှိတယ်” ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ 

အမ်းတွင် စစ်ကောင်စီတပ်စခန်း ၁၀ ခန့် သိမ်းပိုက်ထားပြီးဖြစ်သော AA သည် အမ်းမြို့ကို သိမ်းပိုက်နိုင်ရေးအတွက် မြို့ပေါ်အထိ ထိုးဖောက်လာခြင်းဖြစ်သည်။ တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ မြို့တွင်း ပိတ်မိနေသည့် ဒေသခံများမှာလည်း စိုးရိမ်ကြောက်လန့်နေကြသည်။ 

“စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတော့ မြို့ထဲပိတ်မိနေသူတွေ တော်တော် ဒုက္ခရောက်နေကြတယ်” ဟု မြေပြင်သတင်းရင်းမြစ် နောက်တစ်ဦးက ပြောသည်။

အမ်းမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်လာချိန်မှစ၍ စစ်ကောင်စီက မြို့အဝင်/အထွက်ကို ပိတ်ဆို့ထားသဖြင့် ဒေသခံအများအပြားမှာ ပိတ်မိနေကြပြီး စားနပ်ရိက္ခာအကျပ်အတည်းအပြင် လုံခြုံမှုကင်းမဲ့နေရသည်။ 

AA က နပခတစ်ခုလုံးကို သိမ်းပိုက်နိုင်ရေး အသည်းအသန်ကြိုးပမ်းနေသလို စစ်ကောင်စီဘက်ကလည်း စစ်ရေးအပြင် ဂုဏ်သိက္ခာပိုင်းအတွက်ပါ ထိခိုက်မခံလို၍ ကြည်း၊ လေ တို့ဖြင့် အပြင်းအထန် ခုခံနေသည်။ 

“အမ်းက ရခိုင်မှာ အဆင့်မြင့်ဆုံး စစ်တိုင်းဌာနချုပ်ဖြစ်တယ်။ အမ်းကျသွားရင် တောင်ကုတ်တို့ ဂွတို့လည်း အခြေအနေမကောင်းဘူး။ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျဆင်းသွားနိုင်တယ်။ အမ်းတစ်ဖက်မှာ အေအေမဟာမိတ် PDF တွေရှိတာတွေ့ရတယ်။ အဲလိုအချိန်မှာ စစ်ကောင်စီအတွက် အမ်းကိုဆုံးရှုံးခံရလို့ မရဘူး။ ကျရှုံးသွားရင် ရခိုင်မှာ စစ်ကောင်စီအနေနဲ့ စစ်ဦးကျိုးသွားမယ်” ဟု ရခိုင်စစ်ရေးစောင့်ကြည့်သူတစ်ဦးက ပြောသည်။ 

ရခိုင်တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှစ၍ AA က ရခိုင်ပြည်သိမ်းတိုက်ပွဲ ဆင်နွှဲနေသည်မှာ ယနေ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်တွင် တစ်နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။

တစ်နှစ်တာအတွင်း ချင်းပြည်နယ်၊ ပလက်ဝနှင့် ရခိုင်က မြို့နယ် ၁၀ ခုအထိ သိမ်းပိုက်ထားပြီး လက်ရှိတွင် မောင်တော၊ အမ်း၊ တောင်ကုတ်နှင့် ဂွမြို့တို့ကို ထိုးစစ်ဆင် တိုက်ခိုက်နေသည်။ 

စစ်ရေးရည်မှန်းချက်များအား တစ်ဆင့်ချင်း အကောင်အထည်ဖော်နေသော AA ၏ စစ်ရေးအောင်မြင်မှုများ အရ လာမည့် ၂၀၂၅ ခုနှစ်တွင် ရခိုင်ပြည်ကို အလုံးစုံသိမ်းပိုက်နိုင်သည့် အနေအထားတွေ့ရကြောင်း စစ်ရေး၊ နိုင်ငံရေးအကဲခက်သူတို့က သုံးသပ်နေကြသည်။