EAOs များနှင့် တွေ့ဆုံဆွေးနွေးရာမှာ ရလာဒ်ကောင်းတစ်ခုထွက်ပေါ်သည်အထိ ဆွေးနွေးသွားမည်ဟု စစ်ကောင်စီပြော

စစ်ကောင်စီဥက္ကဋ္ဌကိုယ်တိုင် ဆွေးနွေးရန်ဖိတ်ခေါ်ထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် EAOs များနှင့် တွေ့ဆုံဆွေးနွေးရာ၌ ရလာဒ်ကောင်းတစ်ခုထွက်ပေါ်သည်အထိ ဆွေးနွေးသွားမည်ဖြစ်ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ယနေ့(မေလ ၁၉ ရက်)တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

19 May 2022

DMG ၊ မေ ၁၉

စစ်ကောင်စီဥက္ကဋ္ဌကိုယ်တိုင် ဆွေးနွေးရန်ဖိတ်ခေါ်ထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် EAOs များနှင့် တွေ့ဆုံဆွေးနွေးရာ၌ ရလာဒ်ကောင်းတစ်ခုထွက်ပေါ်သည်အထိ ဆွေးနွေးသွားမည်ဖြစ်ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ယနေ့(မေလ ၁၉ ရက်)တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေးဆွေးနွေးရာမှာ EAOs တို့၏ လိုအင်ဆန္ဒနှင့် စစ်ကောင်စီ၏ လိုလားချက်နှစ်ခုကြားမှ လက်ရှိလုပ်ဆောင်နေမှုအခြေအနေ၊ အနာဂတ်တွင်လုပ်ဆောင်ရမည့် ကြိုတင်စီမံကိန်းဟူ၍ ၂ ပိုင်းခွဲပြီး ဆွေးနွေးသွားမည်ဖြစ်ကာ ရလာဒ်ကောင်းတစ်ခုထွက်ပေါ်လာသည့်တိုင် ဆွေးနွေးသွားမည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

“ထပ်ပြီးတော့ပြောချင်တာက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ အာမခံတာကတော့ ဒီဆွေးနွေးပွဲမှာ ရလာဒ်ကောင်းတစ်ခုထွက်လာအောင် ဆွေးနွေးမယ်လို့ပြောချင်ပါတယ်။ ဒါကြောင့်မို့လို့ ဒီဆွေးနွေးပွဲဟာ ဆုံးဖြတ်ပေးနိုင်တဲ့တိုက်ရိုက်တွေ့ဆုံဆွေးနွေးတာဖြစ်ပါတယ်။ ရိုးသားပွင့်လင်းစွာနဲ့ ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး အဖြေတစ်ခုဆိုတာထက် ဆက်လုပ်ရမဲ့လုပ်ငန်းတစ်ခု ရလာဒ်ကောင်းတစ်ခုထွက်ပေါ်လာတဲ့တိုင် ဆွေးနွေးနိုင်မယ်လို့မျှော်လင့်ပါတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါငြိမ်းချမ်းရေးဆွေးနွေးပွဲကို မနက်ဖြန်(မေလ ၂၀ ရက်)တွင် NCA လက်မှတ်ရေးထိုးထားသည့် တောင်ပိုင်းရှမ်းပြည်တပ်ဖွဲ့(RCSS/SSA)အဖွဲ့နှင့် ပထမဆုံးဆွေးနွေးသွားမည်ဖြစ်ကာ ယင်းနောက်တစ်ဖွဲ့ချင်းစီနှင့် ထပ်မံဆွေးနွေးသွားမည်ဖြစ်ပြီး လိုအပ်လာပါက ထပ်မံဆွေးနွေးသွားမည်ဖြစ်ကြောင်းလည်းဆိုသည်။

“မနက်ဖြန်စတင်ဆွေးနွေးမယ်။ RCSS/SSA အဖွဲ့နဲ့ ပထမဆုံးဆွေးနွေးသွားမယ်။ တစ်ဖွဲ့ပြီးရင်တော့ နောက်ထပ်တစ်ဖွဲ့နဲ့ပေါ့နော်။ ပြီးရင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ၃ ဦးပါတဲ့ ကိုယ်စားလှယ်အဖွဲ့တွေနဲ့ ထပ်ပြီးဆွေးနွေးသွားမှာပါ” ဟု ၎င်းကဆိုသည်။

ငြိမ်းချမ်းရေးဆွေးနွေးကို တက်ရောက်မည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ရောက်ရှိနေပြီဖြစ်ကြောင်းလည်း ဆိုသည်။

အဆိုပါ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို NCA လက်မှတ်ရေးထိုးထားသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ကရင်အမျိုးသားငြိမ်းချမ်းရေးကောင်စီ(KNLA-PC)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့ တက်ရောက်မည်ဖြစ်သည်။

ထို့ပြင် NCA လက်မှတ်မရေးထိုးထားသည့် ဝပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)နှင့် မိုင်းလားအဖွဲ့(NDAA)တို့လည်း တက်ရောက်ရန်စာရင်းပေးထားသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့ မှစ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဦးဆောင်သည့် အရပ်သားအစိုးရကိုဖြုတ်ချကာ စစ်တပ်က နိုင်ငံတော်အာဏာကိုသိမ်းယူခဲ့ပြီး တစ်နှစ်ကျော်အကြာတွင် စစ်ကောင်စီဥက္ကဋ္ဌ ကိုယ်တိုင် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များနှင့်ဆွေးနွေးရန် ပြောဆိုလာခြင်းဖြစ်သည်။