ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့အမှုတွင် လိုပြသက်သေများကို စစ်ဆေးပြီးစီး

PDF ဖြင့်ဆက်စပ်သည်ဟု စွပ်စွဲချက်ဖြင့် တရားစွဲဆိုခံထားရသည့် သံတွဲမြို့နယ်မှ ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့အမှုတွင် လိုပြသက်သေများအားလုံးကိုစစ်ဆေးပြီးဖြစ်ကြောင်း ရှေ့နေထံမှသိရသည်။

23 Feb 2022

DMG ၊ ဖေဖော်ဝါရီလ ၂၃

PDF ဖြင့်ဆက်စပ်သည်ဟု စွပ်စွဲချက်ဖြင့် တရားစွဲဆိုခံထားရသည့် သံတွဲမြို့နယ်မှ ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့အမှုတွင် လိုပြသက်သေများအားလုံးကိုစစ်ဆေးပြီးဖြစ်ကြောင်း ရှေ့နေထံမှသိရသည်။

အဆိုပါအမှုတွင် လိုပြသက်သေ ၁၃ ဦးပါဝင်ပြီး ယနေ့ရုံးချိန်းတွင် ကျန်ရှိနေသည့်လိုပြသက်သေ မအူပင်မြို့နယ်မှ စရတတပ်ကြပ် သူရဝင်းကို Video Conferencing ဖြင့် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

လိုပြသက်သေများကိုစစ်ဆေးပြီးဖြစ်သော်လည်း မြို့နယ်ဥပဒေ အရာရှိ၏တင်ပြချက်အရ သံတွဲမြို့မစခန်းမှူးအား ရုံးခေါ်သက်သေအနေဖြင့် စစ်ဆေးခွင့်တောင်းထားသည့်အတွက် လာမည့် မတ်လ ၃ ရက်နေ့တွင် သံတွဲမြို့မစခန်းမှူးကို စစ်ဆေးမည်ဖြစ်သည်ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်သင်္ဂီမောင်ကပြောသည်။

"မြို့နယ်ဥပဒေအရာရှိက ရုံးခေါ်သက်သေအနေနဲ့ သံတွဲမြို့မစခန်းမှူးကို စစ်ဆေးဖို့လိုသေးတဲ့အတွက် စစ်ဆေးခွင့်ပြုဖို့တင်ပြလာတဲ့အတွက် နောက်တစ်ပတ်မှာ ရုံးခေါ်သက်သေကိုစစ်မှာဖြစ်တယ်"ဟု ၎င်းကဆိုသည်။

ထိုသို့ ရုံးခေါ်သက်သေစစ်ဆေးပြီးပါက အမှုအား စွဲချက်တင်သင့်၊ မတင်သင့်ကို နှစ်ဖက်လျှောက်လဲချက်ပေးမည်ဖြစ်သည်။

ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့ကို မအူပင်တွင်ဖမ်းဆီးရမိသော PDF အဖွဲ့ဖြင့် ဆက်စပ်သည်ဟုဆိုကာ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့ကဖမ်းဆီးကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၂(က)ဖြင့် ငပလီ(၅၅)တပ်ရင်းမှ ဗိုလ်ကြီးနေဇော်ထက်မှ တရားလိုပြုလုပ်ကာ တရားစွဲဆိုထားခြင်းဖြစ်သည်။

လက်ရှိ ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့ကို PDF နှင့်ဆက်စပ်သည်ဟု ဖမ်းဆီးတရားစွဲဆိုထားခြင်းမှာ စွပ်စွဲခြင်းသာဖြစ်သည်ဟု မိသားစုဝင်များကပြောဆိုထားသည်။

ရခိုင်ပြည်နယ်အတွင်းက တောင်ကုတ်၊ သံတွဲ၊ မြောက်ဦး စသည့်မြို့နယ်များမှ လူငယ် ၉ ဦးကို PDF နှင့်ဆက်စပ်သည် (သို့မဟုတ်) ငွေကြေးထောက်ပံ့သည်ဟု စွပ်စွဲချက်ဖြင့် စစ်ကောင်စီမှ ဖမ်းဆီးတရားစွဲဆိုထားသည်။