တစ်ပတ်အတွင်း ရခိုင်သတင်းများ စုစည်းမှု (၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့အထိ)

မြန်မာစစ်တပ်နှင့် AA တို့ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများမှာ ယခုအချိန်တွင် တိုက်ပွဲအရှုံးအနိုင်ကို ဆုံးဖြတ်တော့မည့် အဆုံးသတ်တိုက်ပွဲကာလ ကျရောက်လာပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA)၏ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်က လူမှုကွန်ယက်ပေါ်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

23 Sep 2022

စက်တင်ဘာ ၁၆

. ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းရှိ အောင်မင်္ဂလာကျေးရွာကို မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်တပ် ပူးပေါင်းအဖွဲ့တို့က ဝင်ရောက်စစ်ဆေးမှုများရှိသည့်အတွက် ဒေသခံများမှာ အခြားကျေးရွာများသို့ ထွက်ပြေးတိမ်ရှောင်ခဲ့ကြရသည်။
. စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ပေးရန်သွားသည့် ပရဟိတသမား ကိုအမ်းသားကြီး၏ ကားကို စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်ခန့်တွင် မြောက်ဦးမြို့အဝင်ရှိ ခလရ ၅၄၀ တပ်ရင်းမှ တပ်သားများက သေနတ်များဖြင့်ပစ်ခတ်ကာ ဖမ်းဆီးရန်ကြိုးပမ်းခဲ့သည်။
. တောင်ကုတ်မြို့ ချောင်းဝသို့ဝင်လာသည့် မြန်မာစစ်တပ်၏ ထောက်ပို့သင်္ဘောတစ်စီးကို ရက္ခိုင့်တပ်တော်( AA)က စက်တင်ဘာလ ၁၆ ရက်နေ့ နေ့လည် ၂ နာရီခန့်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။
. ရခိုင်ပြည်အတွင်းတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားလာပြီးနောက် စစ်ဘေးရှောင်များကို ကူညီရာတွင် အဓိကကျသည့် INGO/NGO အဖွဲ့အစည်းများကို စစ်ကောင်စီက ခရီးသွားလာခွင့် ပိတ်ပင်ခဲ့သည်။

စက်တင်ဘာ ၁၇

. မြန်မာစစ်တပ်နှင့် AA တို့ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများမှာ ယခုအချိန်တွင် တိုက်ပွဲအရှုံးအနိုင်ကို ဆုံးဖြတ်တော့မည့် အဆုံးသတ်တိုက်ပွဲကာလ ကျရောက်လာပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA)၏ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်က လူမှုကွန်ယက်ပေါ်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
. မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့တိုက်ပွဲကြောင့် ပလက်ဝမြို့ပေါ်တွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင်များကို လာမည့်အောက်တိုဘာလအတွင်း နေရပ်ပြန်ရန် မြို့နယ်အုပ်ချုပ်ရေးမှူးက ညွှန်ကြားထားကာ လတ်တလောတွင် နေရပ်ပြန်၊မပြန်ကိစ္စနှင့်ပတ်သက်ပြီး စာရင်းကောက်ယူနေကြောင်း သိရသည်။
. ရခိုင်ပြည်အတွင်းရှိ အချက်အချာကျသည့် ကုန်းလမ်းကြောင်းနှင့် ရေလမ်းကြောင်းအချို့ကို မြန်မာစစ်တပ်က ရက်တာရှည်ပိတ်ထားသဖြင့် ဒေသခံများ၏ လူမှုဘဝထိခိုက်နေကြရသည်။
. ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကို DMG သတင်းဌာနတွင် "အခု ရှုံးထွက်တိုက်ပွဲဖြစ်တယ်၊ ဘယ်သူနိုင်ပြီး ဘယ်သူရှုံးမလဲ ပြတ်ပြတ်သားသားတိုက်ပွဲ"ဟု AA နှင့်ဆက်စပ်ပြီး အင်တာဗျုးဖြေဆိုမှုကြောင့် တပ်မတော်အကြည်အညိုပျက် စေမှုပုဒ်မ- ၅၀၅(က)နှင့် ဆက်သွယ်ရေးဥပဒေပုဒ်မ- ၆၆(ဃ) တိုဖြင့် မြန်မာစစ်တပ်က အမှုဖွင့်ခဲ့သည်။
. ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၊ ဘင်ဒရိုဘင်ခရိုင်၊ ခေါင်းတုံးဒေသအတွင်းသို့ စက်တင်ဘာလ ၁၆ ရက်နေ့၊ ညနေပိုင်းက လက်နက်ကြီးကျည် ကျရောက်မှုနှင့်ပတ်သက်ပြီး စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့ အပြန်အလှန် စွပ်စွဲခဲ့ကြသည်။

စက်တင်ဘာ ၁၈

. မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ စစ်ရေးတင်းမာနေသော တောင်ကုတ်မြို့တွင် ချာင်းကောက်ရပ်ကွက်၊ ဦးဥတ္တမလမ်းတွင်နေထိုင်သည့် အသက်(၅၂)နှစ်အရွယ် ဦးထွန်းချစ်နှင့် ဝက်ကျိတ်အုပ်စု၊ မှော်ဟင်းတောရပ်ကွက်မှ အသက်(၄၂)အရွယ် ဦးကျော်သောင်းတို့ကို မြန်မာစစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
. ကိုဗစ်ကပ်ရောဂါကြောင့် ကန့်သတ်ပိတ်ပင်ထားသည့် အကျဉ်းသားများနှင့်တွေ့ခွင့်ကို လက်ရှိတွင် ပြန်လည်ခွင့်ပြုပေးရန် လိုလားကြောင်း မိသားစုဝင်များက တောင်းဆိုကြသည်။
. "ဝ"ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ဦးဆောင်သည့် ပြည်ထောင်စုနိုင်ငံရေးညှိနှိုင်းဆွေးနွေးမှုကော်မတီ (FPNCC) အဖွဲ့ဝင်များသည် ယခုလအတွင်း “ဝ”ထိန်းချုပ်နယ်မြေ ပန်ဆန်းမြို့တွင် တွေ့ဆုံခဲ့ကြောင်းသိရသည်။

စက်တင်ဘာ ၁၉

. ရခိုင်ပြည်ရှိ မြို့နယ်အများစုတွင် ယာဉ်လိုင်စင်များလုပ်ပေးခြင်းမရှိသေးဘဲ လိုင်စင်မဲ့ယာဉ်များကို စစ်ဆေးဖမ်းဆီးနေသည့်အပေါ် ဒေသခံပြည်သူများက ဝေဖန်မှုများရှိနေကြသည်။
. ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များနှင့် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်နေခြင်း မရှိသော်လည်း လူမှုရေးကိစ္စရပ်များတွင် ကူညီဆောင်ရွက်မှုများရှိကြောင်း ရက္ခိုင့်တပ်တော်(AA) သတင်းစာရှင်းလင်းပွဲတွင် ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောကြားခဲ့သည်။
. ရခိုင်ပြည်အတွင်း စစ်ကောင်စီက ခရီးသွားလာခွင့်ကန့်သတ်ထားသည့်အတွက် အခက်အခဲဖြစ်နေသော INGO/NGO နှင့် လူမှုကူညီရေးအသင်းအဖွဲ့များ၏ ကူညီထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)မှ ဆောင်ရွက်ပေးသွားမည်ဟု AA ဘက်က ပြောဆိုခဲ့သည်။
. ရက္ခိုင့်တပ်တော်(AA)အနေဖြင့် နိုင်ငံတကာက အသိအမှတ်ပြုသည့် အစိုးရတစ်ရပ်ဖြစ်ရန် ကြိုးပမ်းနေကာ နိုင်ငံတကာနှင့် တရားဝင်စကားပြောနိုင်သည့် အခြေအနေကိုရောက်သည့်အခါတွင် မွတ်ဆလင်အရေးနှင့်ပတ်သက်၍ ဖြေရှင်းသွားမည့်မူဝါဒများကို တရားဝင်ထုတ်ပြောသွားမည်ဟု ဦးခိုင်သုခက စက်တင်ဘာလ ၁၉ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
. လက်ရှိ စစ်ရေးတင်းမာမှုမြင့်တက်နေသည့် မောင်တောမြို့နယ်တွင် စစ်ကောင်စီတပ်အင်အား ၉၀၀၀ နှင့် ၁၀၀၀၀ အကြားထိ ရှိနိုင်ကြောင်း ULA/AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။
. စစ်တွေမြို့၊ ပြည်နယ်အစိုးရရုံးအနီးတွင် ဓားထိုးဒဏ်ရာများနှင့်သေဆုံးသွားသည့် မနွယ်သန္တာဝင်းအမှုနှင့်ပတ်သက်ပြီး ပြစ်မှုကျူးလွန်ထားသည်ဟု သံသယရှိသူများကို ဥပဒေနှင့်အညီ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း အေအေဘက်က ထုတ်ဖော် ပြောဆိုခဲ့သည်။
. CRPH/NUG တို့နှင့်ဆက်စပ်သည်ဟုဆိုကာ ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ခံထားရသည့် မြောက်ဦးမြို့ခံ ကိုရင်ဆို့ (ခ) ကိုကျော်ဇံဝေကို စက်တင်ဘာလ ၁၉ ရက်နေ့တွင် မြောက်ဦးခရိုင်တရားရုံး၌ ပထမဆုံးအကြိမ် စတင်ရုံးထုတ်ခဲ့သည်။
. တောင်ကုတ်မြို့နယ်၊ ကိုင်းရှည်ရပ်ကွက်မှ ကိုဇော်မျိုးထွန်း (ခ) ငပွနှင့် ကိုင်းရှည်လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးမြင့်လှိုင်တို့ကို မြန်မာစစ်တပ်မှ စစ်ဆေးမေးမြန်းစရာရှိသည်ဟုဆိုကာ စက်တင်ဘာလ ၁၉ ရက်နေ့တွင် လာရောက် ခေါ်ဆောင်သွားခဲ့သည်။
မြောက်ဦးမြို့တွင် မြန်မာစစ်တပ်က စက်တင်ဘာလ ၁၉ ရက်နေ့၊ ည ၁၁ နာရီအချိန်၌ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် လူနေအိမ်များ ထိခိုက်ပျက်စီးမှုများရှိခဲ့သည်။

စက်တင်ဘာ ၂၀

. ရခိုင်ပြည်၊ စစ်တွေမြို့အဝင် တပ်နယ်စစ်ရေးဂိတ်တွင် မြန်မာစစ်တပ်နှင့် ရဲတပ်ဖွဲ့ပူးပေါင်းအဖွဲ့တို့က ယခုရက်ပိုင်းအတွင်း ခရီးသွားများကို စစ်ဆေးမှု ပိုမိုတင်းကြပ်လာနေကြောင်း ကားသမားနှင့် ဒေသခံခရီးသွားများထံမှ သိရသည်။
. ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ နဂရာကျေးရွာသို့ စက်တင်ဘာလ ၂၀ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်တွင် မြန်မာစစ်တပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်အတွင်းရှိနေသည့် မိသားစုလေးဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။
. ရခိုင်ပြည်မှ ပြည်တွင်းလေယာဉ်လက်မှတ်ဈေးနှုန်းများ အဆမတန်မြင့်တက်လာနေမှုအပေါ် ဒေသခံများကြား ဝေဖန်မှုမြင့်တက်လျက်ရှိသည်။
. ရခိုင်ပြည်နယ်၊ မင်းပြားမြို့၊ သပြေညိုရပ်ကွက်မှ အသက် ၄၁ နှစ်အရွယ် ဦးညီညီနှင့် ပြည်တော်လှရပ်ကွက်မှ အသက် ၃၇ နှစ်အရွယ် ကိုမောင်မောင်တို့ကို မြန်မာစစ်တပ် တပ်ဖွဲ့ဝင် ၅၀ ကျော်ပါဝင်သည့် အဖွဲ့က ဖမ်းဆီးသွားခဲ့သည်။
. ရခိုင်ပြည်၊ မြောက်ဦးမြို့ လက်ကောက်ဈေးတွင်နေထိုင်သည့် သတင်းထောက်ဟောင်း ကိုမြတ်သူထွန်း(ခေါ်) ကိုဖိုးသီဟကို စက်တင်ဘာလ ၂၀ ရက်နေ့ နေ့လည် ၁ နာရီကျော်အချိန်ခန့်တွင် မြန်မာစစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်တောင်သွားခဲ့သည်။
. ရခိုင်အမြိုးသားအဖွဲ့ချုပ် ၊ရက္ခိုင့်တပ်တော်(ULA/AA)ထံတွင် အခြားသော ရခိုင်လက်နက်ကိုင်အဖွဲ့များနှင့် ပါတီများမှ ပူးပေါင်းလာပါက တာဝန်ပေးသွားရန်အဆင်သင့်ရှိကြောင်း AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောကြားခဲ့သည်။
. ရက္ခိုင့်တပ်တော်(AA)ကို ကူညီထောက်ပံခြင်းများ မပြုလုပ်ကြရန် ရခိုင်မှ လုပ်ငန်းရှင်အချို့အား ပြည်နယ်စစ်ကောင်စီမှ စက်တင်ဘာလ ၂၀ ရက်နေ့တွင် ခေါ်ယူသတိပေးခဲ့သည်။

စက်တင်ဘာ ၂၁

. ရခိုင်ပြည်တောင်ဘက်ပိုင်းရှိ ကျောက်ဖြူ၊ မာန်အောင်၊ တောင်ကုတ်၊ အမ်း စသည့်မြို့နယ်များတွင် နှစ်ပတ်အတွင်း ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟုစွပ်စွဲကာ မြန်မာစစ်တပ်ကဖမ်းဆီးထားသူ ၁၃ ဦးရှိကြောင်း ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောခဲ့သည်။
စက်တင်ဘာ ၂၁
. ရခိုင်ပြည်နယ်တွင် ယခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း COVID-19 မျိုးရိုးဗီဇပြောင်း ရောဂါပိုးကူးစက်ခံရသူ ၃ ဦးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
. ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ အမှတ်(၃) တန်းနားပြင်ရပ်ကွက်မှ ကိုအောင်လင်းထွန်းနှင့် အမှတ်(၃) အင်းတောင်ရပ်ကွက်မှ ကိုသက်လင်းဇော်တို့ ဒေသခံနှစ်ဦးကို စက်တင်ဘာလ(၂၁)ရက်နေ့၊ ညနေ(၅)နာရီခန့်တွင် မြန်မာစစ်တပ်မှ ဖမ်းဆီးသွားပြီး မြို့ပေါ်ရပ်ကွက်ရှိ လူမှုရေးကိစ္စဆောင်ရွက်သူများ၏ နေအိမ်အချို့ကိုလည်း ဝင်ရောက်ရှာဖွေခဲ့သည်။
. မင်းပြားမြို့နယ်၊ နရမ်းကျေးရွာဘုန်းကြီးကျောင်းတွင် တပ်စွဲနေထိုင်နေသည့် မြန်မာစစ်တပ်သည် စက်တင်ဘာလ ၂၁ ရက်နေ့၊ ညနေ ၅ နာရီခန့်က ရွာသား ၂ နှစ်ဦးဖြစ်သည့် ကိုအောင်ဇော်ဝင်းနှင့် တပည့်ဖြစ်သူ ကိုညီညီတို့ကို ဖမ်းဆီးခဲ့သွားခဲ့သည်။

စက်တင်ဘာ ၂၂

. ရခိုင်ပြည်အတွင်းက သံတွဲနှင့် ဂွမြို့နယ်တွင် ပင်လယ်ပြင် ပလတ်စတစ်ကင်းစင်ရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြာင်း သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ဒေါက်တာ မောင်မောင်ကြည်က DMG သို့ပြောခဲ့သည်။
. ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားလာမှုနှင့်အတူ အရပ်သားများ သံသယဖြင့်ဖမ်းဆီးခံရမှုမှာလည်း များပြားလာနေကာ DMG မှ ကောက်ယူထားသည့်စာရင်းအရ ၂၀၂၂ ခုနှစ် ဇွန်လမှ စက်တင်ဘာလ ၂၁ ရက်နေ့အထိ သုံးလကျော်ကာလအတွင်း မြန်မာစစ်တပ်မှဖမ်းဆီးခဲ့သူ ၁၄၀ ဦးအထိရှိနေသည်။
. ဖေ့စ်ဘွတ်ခ်၏(သတင်းအသစ်ရယူမှု) News Feed ပုံစံအသစ်သည် ပြည်သူများက ယုံကြည်စိတ်ချရသော သတင်းအချက်အလက်များအား လက်လှမ်းမီနိုင်မှုကို အတားအဆီးဖြစ်နေနိုင်ကာ သတင်းအမှားများ ပြန့်ပွားမှုကိုလည်း ဖြစ်ပွားစေနိုင်သောကြောင့် ဖေ့စ်ဘုတ်အနေဖြင့် ယင်းပုံစံသစ်အား မြန်မာနိုင်ငံတွင် အကောင်အထည်မဖော်ရန် သတင်းမီဒီယာတိုက်နှင့် မီဒီယာအခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းစုစုပေါင်း (၄၃) ဖွဲ့က စက်တင်ဘာလ ၂၂ ရက်နေ့တွင် ထုတ်ပြန်ချက်ထုတ်ကာ တိုက်တွန်းခဲ့သည်။
. ကျောက်ဖြူမြို့နယ်အတွင်း မလကျွန်းကျေးရွာမှ အသက် ၁၆ နှစ်အရွယ် ကိုမောင်သန်းစိန်နှင့် အသက် ၁၅ နှစ်အရွယ် ကိုလမင်းတို့နှင့် သပြုတောင်ကျေးရွာမှ မလကျွန်းရွာသို့ အလည်ရောက်ရှိနေသည့် အသက် ၁၆ နှစ်အရွယ် ကိုကတုံးဆိုသူကိုလည်း မြန်မာစစ်တပ်က ဖမ်းဆီးသွားခဲ့သည်။
. မောင်တောမြို့နယ်မြောက်ပိုင်း ကွမ်းသီးပင်ကျေးရွာအနီးတွင် စက်တင်ဘာလ ၂၂ ရက်နေ့၊ မွန်းလွဲ ၁၂ နာရီခန့်မှစ၍ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့၍ ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။