ညီနောင်သုံးဖွဲ့ကို အကြမ်းဖက်အဖြစ် ကြေညာပြီးနောက် လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲနေ 

အကြမ်းဖက်အဖြစ် ကြေညာပြီးနောက် လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၀ ရက်အတွင်း ရှမ်းပြည်နယ် မြောက်ပိုင်းမှ မြို့နယ် ၅  ခုနှင့် ရခိုင်မှ မြို့နယ် ၃ ခုတွင် အရပ်သားနှင့် စစ်သုံ့ပန်း ၉၀ ဦးခန့် သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူ ၃၀ ဦးထက်မနည်း ရှိခဲ့သည်။ 

By Admin 12 Sep 2024

AA က ယာယီအကျဉ်းစခန်းအဖြစ် အသုံးပြုနေသော မောင်တော လေးမိုင်စခန်းကို စက်တင်ဘာ ၉ ရက်တွင် စစ်ကောင်စီ လေကြောင်းဗုံးကြဲမှုအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - AA Info Desk 
AA က ယာယီအကျဉ်းစခန်းအဖြစ် အသုံးပြုနေသော မောင်တော လေးမိုင်စခန်းကို စက်တင်ဘာ ၉ ရက်တွင် စစ်ကောင်စီ လေကြောင်းဗုံးကြဲမှုအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - AA Info Desk 

DMG ၊ စက်တင်ဘာ ၁၂

မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့ အာရက္ခတပ်တော်(AA)၊ ကိုးကန့်တပ်(MNDAA)၊ တအာင်းတပ် (TNLA)တို့ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာပြီးနောက် စစ်ကောင်စီသည် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်လာနေသည်။ 

စက်တင်ဘာ ၂ ရက်တွင် အကြမ်းဖက်အဖြစ် ကြေညာပြီးနောက် ညီနောင်သုံးဖွဲ့တို့၏ ထိန်းချုပ်နယ်မြေများကို စစ်ကောင်စီက နေ့စဉ်နှင့်အမျှ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေခြင်းဖြစ်သည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၀ ရက်အတွင်း ရှမ်းပြည်နယ် မြောက်ပိုင်းမှ မြို့နယ် ၅  ခုနှင့် ရခိုင်မှ မြို့နယ် ၃ ခုတွင် အရပ်သားနှင့် စစ်သုံ့ပန်း ၉၀ ဦးခန့် သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူ ၃၀ ဦးထက်မနည်း ရှိခဲ့သည်။ 

စစ်ဖက်၊ အရပ်ဖက် ခွဲခြားမှုမရှိဘဲ လေကြောင်းတိုက်ခိုက်ခြင်းမှာ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျုးလွန်နေခြင်း ဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစောနိုင်က ပြောသည်။ 

“စစ်ကောင်စီက အရပ်သားတွေကို ပစ်ခတ်တယ်ဆိုတာက ရာဇဝတ်မှုတွေကို ကျူးလွန်တာဖြစ်တယ်။ စစ်သားတွေ ဘယ်မှာရှိလဲဆိုတာ လေယာဉ်က ကြည့်လို့မှ မရတာ။ အဲတော့ စစ်ကောင်စီက ဘယ်သူထိထိ ထိရင်ပြီးရောဆိုပြီး ပစ်ခတ်တာဖြစ်တယ်။ ဒါတွေက သူတို့ စစ်ရာဇဝတ်မှုတွေကို ဆက်လက်ပြီး ကျူးလွန်နေတယ်ဆိုတာကို ကြေညာတာဖြစ်တယ်” ဟု သူက ပြောသည်။ 

စစ်ကောင်စီသည် ၎င်းတို့လက်လွှတ်ဆုံးရှုံးလိုက်ရသည့် နယ်မြေများကို ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဟု ကြွေးကြော်ပြီးနောက် လေကြောင်းစစ်ဆင်ရေးကို ပို၍ ပြုလုပ်လာနေသည်။ 

စစ်ကောင်စီသည် မြေပြင်၌ ကြည်းတပ်အသုံးပြု၍ ထိုးစစ်ဆင်တိုက်ခိုက်နိုင်စွမ်း မရှိသဖြင့် ၎င်းတို့ ဆုံးရှုံးသွားသည့် နယ်မြေများကို ပြန်လည်ထိန်းချုပ်နိုင်မည် မဟုတ်ကြောင်း နိုင်ငံရေးသမားများက ရှုမြင်ကြသည်။ 

စစ်ရေး၊ နိုင်ငံရေး သုံးသပ်သူ ဦးဖေသန်းက “အခုတလောမှာ စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကို တွေ့လာရတာရှိပါတယ်။ ဒီလိုလုပ်ဆောင်ချက်တွေဟာ ဆုံးရှုံးသွားတဲ့နေရာတွေကို မြေပြင်မှာ သိမ်းပိုက်နိုင်စွမ်း မရှိတဲ့အခါ “ငါတို့ မအုပ်ချုပ်ရရင် မင်းတို့လည်း မအုပ်ချုပ်ရဘူး” ဆိုပြီး ခြိမ်းခြောက်မှု လုပ်လာတာဖြစ်တယ်။ ဒါတွေက ပြည်သူကို ခြိမ်းခြောက်မှုတွေဖြစ်ပြီး စစ်ရာဇဝတ်မှုကျူးလွန်တာလည်းဖြစ်တယ်” ဟု ပြောသည်။

ယခုရက်ပိုင်း ရခိုင်ဒေသကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရာတွင် အရပ်သားအပါအဝင် AA ဖမ်းဆီးထားသည့် စစ်ကောင်စီ၏ စစ်သုံ့ပန်းများရှိရာ နေရာများကို ဦးတည်ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ခိုက်မှုကြောင့် ပေါက်တောနှင့် မောင်တောမြို့နယ်တို့တွင် စစ်သုံ့ပန်းအပါအဝင် အကျဉ်းသား ၆၀ ထက်မနည်း သေဆုံးခဲ့ရကြောင်း AA က ထုတ်ပြန်ထားသည်။ 

AA က ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်သုံ့ပန်းများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းမှာ စစ်ကောင်စီသည် ၎င်းတို့၏ တပ်သားများကို ရန်သူဟု သတ်မှတ်လိုက်ခြင်းဟု ဦးဖေသန်းက ရှုမြင်သည်။ 

 “စစ်ကောင်စီမှာတော့ ရန်သူဆီမှာ လက်နက်ချတာပဲဖြစ်ဖြစ်၊ ဖမ်းဆီးခံရတာပဲဖြစ်ဖြစ် အဲဒီလိုလူတွေကို သစ္စာဖောက်လို့ သတ်မှတ်ခံရတယ်။ အသေခံမတိုက်ရင် သူတို့က သစ္စာဖောက်လို့ သတ်မှတ်လိုက်တာဖြစ်တယ်။ အခုလို အချိန်မျိုးမှာတော့ စစ်ကောင်စီအနေနဲ့ သူတို့ကို ရဲဘော်ရဲဖက်လို စိတ်မထားတော့ပဲ ရန်သူလို့ သတ်မှတ်ပြီး တိုက်ခိုက်တာဖြစ်တယ်” ဟု ပြောသည်။ 

ညီနောင်မဟာမိတ်သုံးဖွဲ့ကလည်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအပြင် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်နေသည့် မှတ်တမ်းများကို အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့များထံ ပေးပို့သွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်ထားသည်။ 

စစ်ကောင်စီသည် အရပ်သားများနေထိုင်ရာ မြို့၊ ရွာများနှင့် ၎င်းတို့စစ်ရှုံး၍ စွန့်လွှတ်ခဲ့ရသည့် နယ်မြေများကို လေကြောင်းမှ နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်နေ၍ ပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်ကို အထူးသတိထားကြရန် ညီနောင်သုံးဖွဲ့က တိုက်တွန်းထားသည်။