တောင်ကုတ်မြို့တွင် အုပ်စုဖွဲ့ ခိုးဆိုးလုယက်မှုများ ရှိလာ 

တောင်ကုတ်မြို့မှာ စစ်ကောင်စီထိန်းချုပ်မှုအောက် ရှိနေသော်လည်း တရားစီရင်ရေး၊ အုပ်ချုပ်ရေး၊ ဥပဒေစိုးမိုးရေး စသည့် အုပ်ချုပ်ရေးယန္တရားများ လည်ပတ်မှုမရှိတော့သဖြင့် ဒေသခံများမှာ လုံခြုံမှုကင်းမဲ့လျက်ရှိသည်။ 

By Admin 12 Sep 2024

တောင်ကုတ်မြို့၊ ကိုင်းရှည်တံတားတွင် သွားလာနေသည့် ဒေသခံများကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွင်း တွေ့ရစဉ်။ 
တောင်ကုတ်မြို့၊ ကိုင်းရှည်တံတားတွင် သွားလာနေသည့် ဒေသခံများကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွင်း တွေ့ရစဉ်။ 

DMG ၊ စက်တင်ဘာ ၁၂

စစ်ကောင်စီထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ တောင်ကုတ်မြို့တွင် အုပ်စုဖွဲ့ခိုးမှု၊ လုယက်မှု၊ ဓားပြတိုက်မှု စသည့် ဒုစရိုက်မှုဖြစ်စဉ်များ ရှိလာနေကြောင်း ဒေသခံများထံမှ သိရသည်။ 

စက်တင်ဘာ ၁၁ ရက် ညအချိန်တွင် ဆေးရုံအကွက် (၁) ရပ်ကွက်ရှိ ဦးခင်မောင်တို့ လင်မယားနှစ်ဦးရှိသည့် နေအိမ်ကို အုပ်စုဖွဲ့ ဓားပြတိုက်မှု ဖြစ်ပွားခဲ့သည်။ မျက်နှာဖုံးစွပ် ဓားကိုင်ဆောင်ထားသော လူလတ်ပိုင်း အမျိုးသား ၁၀ ဦးခန့်က ဓားပြဝင်တိုက်စဉ် ပြန်လည်ခုခံရာ ဦးခင်မောင်နှင့် ဇနီးဖြစ်သူတို့မှာ ဓားဒဏ်ရာရရှိသွားခဲ့သည်။  

တောင်ကုတ်မြို့ခံတစ်ဦးက “သူတို့ နှစ်ယောက်လုံးက အိပ်နေကြတာ။ အသံကြားလို့ အိပ်ရာက ထကြည့်တော့ သူတို့(ဓားပြ)က အခန်းထဲရောက်နေပြီ။ အဲဒီမှာ ဦးခင်မောင်နဲ့ သူတို့ထဲကတစ်‌ယောက်က နပန်းလုံးကြတယ်လို့ သိရတယ်။ ဇနီးဖြစ်သူက ဘေးပတ်ဝန်းကျင်ကလူတွေကို အော်ခေါ်တော့ ထွက်ပြေးကြချိန်မှာ ဓားနဲ့ရမ်းကားသွားတဲ့အတွက် ဒဏ်ရာသွားတာဖြစ်တယ်” ဟု ပြောသည်။ 

ဦးခင်မောင်မှာ တောင်ကုတ်မြို့နယ် ရဲမှူး(ဟောင်း)တစ်ဦးဖြစ်ကြောင်း စုံစမ်းသိရှိရပြီး လင်မယားနှစ်ဦးစလုံး ခန္ဓာကိုယ်၌ ရှပ်ထိဒဏ်ရာရရှိသွားကာ တောင်ကုတ်ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိသည်။

တောင်ကုတ်မြို့တွင် စစ်ကောင်စီက မြို့အဝင်/အထွက်ကို ပိတ်ဆို့ထားသဖြင့် ကုန်စည်ပြတ်လပ်ကာ ကုန်ဈေးနှုန်း မြင့်တက်နေခြင်းကြောင့် ဒေသခံများမှာ စားဝတ်နေရေး အကျပ်အတည်းများစွာနှင့် ရင်ဆိုင်နေကြရသည်။ 

ထို့ကြောင့် အုပ်စုဖွဲ့ကာ ‌နေအိမ်ဖောက်ထွင်းမှု၊ ခိုးမှု၊ လုယက်မှုဖြစ်စဉ်များ ရှိလာနေခြင်းဖြစ်ပြီး အသက်အန္တရာယ် စိုးရိမ်ရသဖြင့် ဒေသခံများမှာ စိုးရိမ်ထိတ်လန့်နေရသည်ဟု ပြောကြသည်။

“ကျမတို့မှာ သူတို့ဖောက်ထွင်းခိုးယူနေတာကို မြင်ရင်လည်း မပြောရဲဘူး။ သူတို့က အုပ်စုနဲ့ဆိုတော့ ကျမတို့ပြောလိုက်ရင် ကိုယ့်ကို ရန်ပြုလာမှာကိုလည်း ကြောက်ရတယ်” ဟု တောင်ကုတ်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

တောင်ကုတ်မြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ စစ်ရေးတင်းမာနေပြီး စစ်ကောင်စီက မြို့ပေါ်တွင် အင်အားဖြည့်တင်းထားသည်။ 

တောင်ကုတ်မြို့မှာ စစ်ကောင်စီထိန်းချုပ်မှုအောက် ရှိနေသော်လည်း တရားစီရင်ရေး၊ အုပ်ချုပ်ရေး၊ ဥပဒေစိုးမိုးရေး စသည့် အုပ်ချုပ်ရေးယန္တရားများ လည်ပတ်မှုမရှိတော့သဖြင့် ဒေသခံများမှာ လုံခြုံမှုကင်းမဲ့လျက်ရှိသည်။