ကျောက်တော်မှ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ကလေးများအပါအဝင် လူပေါင်း ၄၀ ခန့် အရေပြားရောဂါဖြစ်ပွားနေ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ တောင်မင်းကုလားစစ်ဘေးရှောင်စခန်းတွင် ကလေးများအပါအဝင် စစ်ဘေးရှောင်ဦးရေ ၄၀ ခန့် ခန္ဓာကိုယ်အနှံ့တွင် အဖုများပေါက်သည့် အရေပြားရောဂါဖြစ်ပွားနေသည်ဟု စခန်းတာဝန်ရှိသူများကပြောသည်။

14 Mar 2022

DMG ၊ မတ်လ ၁၄

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ တောင်မင်းကုလားစစ်ဘေးရှောင်စခန်းတွင် ကလေးများအပါအဝင် စစ်ဘေးရှောင်ဦးရေ ၄၀ ခန့် ခန္ဓာကိုယ်အနှံ့တွင် အဖုများပေါက်သည့် အရေပြားရောဂါဖြစ်ပွားနေသည်ဟု စခန်းတာဝန်ရှိသူများကပြောသည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီလက ထိုသို့အရေပြားတွင်အဖုထွက်သည့်ရောဂါ စခန်းအတွင်းစတင်ဖြစ်ပွားခဲ့ကာ လက်ရှိအချိန်တွင် ၅ နှစ်အောက်ကလေးများအပါအဝင် အသက် ၂၀ အရွယ်နှင့် အသက် ၄၀ ကျော်အရွယ်ရှိသူများ စုစုပေါင်း ၄၀ ဦးခန့် ဖြစ်ပွားနေကြောင်း သိရသည်။
ယခုဖြစ်ပွားနေသည်မှာ မည်သည့်ရောဂါဖြစ်သည်ကို မသိရသေးကြောင်း တောင်မင်းကုလားစစ်ဘေးရှောင်စခန်းမှ အမျိုးသမီးခေါင်းဆောင် မအေးအေးခိုင်ကပြောသည်။

“အဲဒီအဖုတွေပေါက်တော့မယ်ဆိုရင် လည်ချောင်းတွေနာကြတယ်။ ဖျားကြတယ်။ အားနည်းသွားတယ်။ ပြီးတော့ အဲဒီလိုခန္ဓာကိုယ်အနှံ့မှာ အဖုတွေထွက်လာပါတယ်။ ရာသီဥတုကြောင့် လား၊ သောက်သုံးရေမသန့်လို့လားဆိုတာတော့ ကျမတို့အနေနဲ့လည်းမသိရဘူး”ဟု ၎င်းကဆိုသည်။

တောင်မင်းကုလားစစ်ဘေးရှောင်စခန်းတွင် သောက်သုံးရေသန့်ရှင်းမှုမရှိခြင်း၊ နေရာထိုင်ခင်းကျဉ်းမြောင်းခြင်း၊ တာပေါ်လိပ်စကို အမိုးအကာအဖြစ်အသုံးပြုပြီး ကြာရှည်စွာနေထိုင်နေရသည်ဟု မအေးအေးခိုင်က ဆက်ပြောသည်။

လက်ရှိအရေပြားရောဂါဖြစ်နေသည့် ဦးအောင်ကျော်ဝင်းက ရောဂါခံစားနေရသည်မှာ တစ်ပတ်ခန့်ရှိနေပြီဖြစ်ကာ ဖျားခြင်း၊ လည်ချောင်းနာခြင်းနှင့် အဖုအထစ်များထွက်နေသည်ဟုပြောသည်။

“ကန်စောက်ကျန်းမာရေးဌာနကတော့ သူတို့အားတဲ့နေ့တွေဆိုရင် လာပြီးတော့ သောက်ဆေး၊လိမ်းဆေးတွေပေးပါတယ်။ နေကောင်းတဲ့သူတွေလည်း နေကောင်းသွားကြပြီ။ ဒါပေမဲ့ အသစ်သစ်ကူးစက်နေပါတယ်။ ဘာရောဂါလည်း ကျနော်တို့လည်းအတိအကျမသိဘူး။ ကျန်းမာရေးမှူးကတော့ ကျောက်ပေါက်တာလို့ပဲပြောပါတယ်”ဟု ဦးအောင်ကျော်ဝင်းက ပြောဆိုသည်။

အဆိုပါစစ်ဘေးရှောင်စခန်းကို ကန်စောက်ကျန်းမာရေးဌာနမှ တစ်ပတ်လျှင်တစ်ကြိမ်ခန့် ကျန်းမာရေးစောင့်ရှောက်မှုပေးသော်လည်း လုံလောက်မှုမရှိကြောင်း စစ်ဘေးရှောင်များကဆိုသည်။

လက်ရှိတောင်မင်းကုလားစစ်ဘေးရှောင်စခန်းတွင်ဖြစ်ပွားနေသည့် အရေးပြားရောဂါအခြေအနေနှင့်ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် ကျောက်တော်မြို့နယ်ဆရာဝန် ဒေါက်တာသန်းထွန်းဦးကိုဆက်သွယ်ခဲ့သော်လည်း အစည်းအဝေးလုပ်နေသည့်အတွက် မအားသေးဟုတုန့်ပြန်သည်။

အလားတူ ရခိုင်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်အား ဆက်သွယ်ခဲ့ရာ အဆိုပါ၏ကိစ္စနှင့်ပတ်သတ်၍ မြေပြင်ကျန်းမာရေးဌာနအား ဆက်သွယ်ပြီးမှ သိရှိနိုင်မည်ဖြစ်ပြီး စုံစမ်းမေးမြန်းသွားမည်ဟုပြောဆိုသည်။

“ဖျားတယ်၊ ခန္ဓာကိုယ်မှာ အဖုပေါ်တယ်ဆိုရင် ကျနော်တို့အနေနဲ့လည်း မမြင်ရပဲပြောလို့မရဘူး။ ဝက်သက်လည်းဖြစ်နိုင်တယ်ပေါ့နော်။ အဲဒီမှာတာဝန်ကျနေတဲ့သူတွေကို မေးမြန်းရဦးမယ်။ ကျနော်တို့ကတော့ ကျန်းမာရေးစောင့်ရှောက်မှုကတော့ စစ်ဘေးရှောင်တွေကို ပုံမှန်ပေးနေတာပဲလေ။ မြေပြင်ကိုမေးပြီးမှသိရမှာပါ” ဟု ၎င်းကဆိုသည်။

တောင်မင်းကုလားစစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၉၅ စုနှင့် လူဦးရေ ၅၀၀ ကျော်ရှိပြီး မြိုလူမျိုးတို့ အများစုနေထိုင်နေကြသည်။