စစ်ကောင်စီကို လေယာဉ်ဆီဖြတ်တောက်ရေး တောင်းဆိုရန် လက်မှတ်ကောက်ခံနေ 

" ပြည်သူတွေရဲ့ လက်မှတ်တွေနဲ့အတူ လေယာဉ်ဆီတင်ပို့နေတဲ့ ရေကြောင်း ကုမ္ပဏီ၊ ရေကြောင်း အာမခံပေးတဲ့ကုမ္ပဏီစတဲ့ သူတို့ အခြေစိုက်တဲ့ နိုင်ငံရဲ့အစိုးရတွေကို စာပို့ တောင်းဆိုသွားမှာပါ ” ဟု သွေးစွန်းငွေအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက DMG သို့ ပြောသည်။ 

By Admin 22 Oct 2024

၂၀၂၄ ခုနှစ်၊ မေလအတွင်းက တနင်္သာရီတိုင်းမှ ပြည်သူများ စစ်ကောင်စီကို လေယာဉ်ဆီ တင်ပို့ ရောင်းချနေသည့် နိုင်ငံများအား တားဆီးပိတ်ပင်ပေးရန် တောင်းဆိုမှု ပြုလုပ်နေသည်ကို တွေ့ရစဉ်။  (ဓာတ်ပုံ - DDMSC) 
၂၀၂၄ ခုနှစ်၊ မေလအတွင်းက တနင်္သာရီတိုင်းမှ ပြည်သူများ စစ်ကောင်စီကို လေယာဉ်ဆီ တင်ပို့ ရောင်းချနေသည့် နိုင်ငံများအား တားဆီးပိတ်ပင်ပေးရန် တောင်းဆိုမှု ပြုလုပ်နေသည်ကို တွေ့ရစဉ်။  (ဓာတ်ပုံ - DDMSC) 

DMG ၊ အောက်တိုဘာ ၂၂ 

စစ်ရေးအရရှုံးနိမ့်နေသည့် စစ်ကောင်စီသည် တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့၊ ရွာများကို လေကြောင်းမှ နေ့စဉ်နှင့်အမျှ ဗုံးကြဲတိုက်ခိုက်နေ၍ ပြည်သူများမှာ ထိခိုက်သေဆုံးမှုများ မြင့်တက်လာနေသည်။ 

ထို့ကြောင့် စစ်ကောင်စီကို လေယာဉ်ဆီဖြတ်တောက်ပေးရေးအတွက် ပြည်သူများ၏ လက်မှတ်ထိုး တောင်းဆိုမှုတစ်ရပ်ကို သွေးစွန်းငွေ (Blood Money) အဖွဲ့က အောက်တိုဘာ ၁၈ ရက်မှ စကာ နိုဝင်ဘာလအထိ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။ 

“ online petition link (အင်တာနက် အသနားခံလွှာ) ကနေ ကောက်ယူသွားမှာပါ။ ပြည်သူတစ်ဦးချင်းစီရဲ့ အချက်အလက်တွေကို သိမ်းထားမှာမဟုတ်တဲ့အတွက် စိတ်ချလက်ချ ပါဝင်လို့ရပါတယ်။ ပြည်သူတွေရဲ့ လက်မှတ်တွေနဲ့အတူ လေယာဉ်ဆီတင်ပို့နေတဲ့ ရေကြောင်း ကုမ္ပဏီ၊ ရေကြောင်း အာမခံပေးတဲ့ကုမ္ပဏီစတဲ့ သူတို့ အခြေစိုက်တဲ့ နိုင်ငံရဲ့အစိုးရတွေကို စာပို့ တောင်းဆိုသွားမှာပါ ” ဟု သွေးစွန်းငွေအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက DMG သို့ ပြောသည်။ 

မြန်မာနိုင်ငံသို့ လေယာဉ်ဆီတင်သွင်းသည့် ကုမ္ပဏီများ (သို့မဟုတ်) မည်သည့်အဖွဲ့အစည်းကိုမဆို အရေးယူပိတ်ဆို့မှုများ ချမှတ်သွားမည်ဟု အမေရိကန်ပြည်ထောင်စုဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၃ ရက်တွင် ကြေညာခဲ့သည်။

သို့သော် ယခုနှစ် ပထမ ၆ လအတွင်း အရပ်သားများကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှု ၅ ဆအထိ တိုးလာကြောင်း မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂအထူးအစီရင်ခံစာ တင်သွင်းသူက ပြောဆိုထားသည်။

ပြည်သူများမှာ စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်ကို နေ့စဉ်ခံနေရသဖြင့် စစ်ကောင်စီကို ရောင်းချမည့် လေယာဉ်ဆီလမ်းကြောင်းကို သက်ဆိုင်ရာ နိုင်ငံတကာအစိုးရက ပိတ်ဆို့ရန် ယုံကြည်ကြောင်း သွေးစွန်းငွေအဖွဲ့က ပြောသည်။ 

“ ပြည်သူ့လက်မှတ်တွေဆိုတာ ပြည်သူတွေရဲ့ လိုအပ်ချက်၊ တောင်းဆိုချက်တွေကို ထင်ဟပ်တာကြောင့် နိုင်ငံတကာကို ပြောဆိုတဲ့အခါမှာလည်း အင်အားတစ်ခုအနေနဲ့ဖြစ်ပါတယ်။ နောက်ပြီး မြေပြင်ကအသံတွေ၊ တောင်းဆိုမှုတွေကို ပြည်သူလူထုရဲ့ ထောက်ခံမှုတွေအဖြစ် လက်မှတ်တွေက သက်သေပြနေတာပါ ” ဟု သွေးစွန်းငွေအဖွဲ့ တာဝန်ရှိသူက ဆက်ပြောသည်။ 

လူ့အခွင့်အရေးအား လေးစားလိုက်နာသည့် နိုင်ငံ၏ အစိုးရ၊ ကုမ္ပဏီများအနေဖြင့် ပြည်သူလူထု၏ အသံကို မဖြစ်မနေ နားထောင်ရန် လိုအပ်ကာ ပြည်သူ့ဆန္ဒတောင်းဆိုချက်ကို လိုက်လျောရမည်ဟု သွေးစွန်းငွေအဖွဲ့က ပြောသည်။ 

စစ်ကောင်စီကို လေယာဉ်ဆီ ရောင်းချပေးနေသည့် နိုင်ငံများအနေဖြင့် လေယာဉ်ဆီကို ဆက်လက်ထောက်ပံ့ကူညီပေးနေမည်ဆိုလျှင် ပြည်သူများ နေ့စဉ်အသက်ဆုံးရှုံးမှုများ ဆက်ရှိနေမည်ဟု နိုင်ငံရေးသမားများက ပြောဆိုကြသည်။ 

“ မြန်မာစစ်အုပ်စုကို လေယာဉ်ဆီနဲ့ စစ်လက်နက်ပစ္စည်းတွေ ရောင်းချပေးနေတာတွေ ရှိနေသရွေ့တော့ စစ်အုပ်စုရဲ့ ပစ်မှတ်ထားတာကို မြို့၊ ရွာတွေ ခံနေကြရအုံးမှာဖြစ်တယ်။ ဒါကြောင့် ပြည်သူ့မျက်နှာကိုကြည့်ပြီး တားဆီးသင့်တယ် ”  ရခိုင်က နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးက ပြောသည်။ 

ပြီးခဲ့သည့် အောက်တိုဘာ ၁၀ ရက်က ဩစတြေးလျနိုင်ငံတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက တာဝန်ရှိသူနှင့် ဩစတြေးလျဆိုင်ရာ NUG ကိုယ်စားလှယ်များ တွေ့ဆုံပွဲတွင် စစ်ကောင်စီကို လေယာဉ်ဆီ အဓိကတင်ပို့ရောင်းချနေသည့် ဗီယက်နမ်နိုင်ငံကို ပိတ်ဆို့အရေးယူရန် တိုက်တွန်းသွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အင်ဒရူးက ပြောဆိုခဲ့သည်။ 

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လအထိ ၈ လအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးသူ ၈၁၃ ဦး အထိရှိပြီး ဒဏ်ရာရရှိသူ ၁,၅၇၅ ဦးရှိခဲ့ကြောင်း ဉာဏ်လင်းသစ်အဖွဲ့၏ အစီရင်ခံစာအရ သိရသည်။  

ယင်းအပြင် အနည်းဆုံး ဘာသာရေးအဆောက်အအုံ ၁၁၁ ခု၊ စာသင်ကျောင်း ၆၆ ကျောင်းနှင့် ဆေးရုံ၊ ဆေးခန်း ၂၇ ခု ပျက်စီးခဲ့သည်။  ၂၀၂၄ ခုနှစ်၊ မေလမှ ဩဂုတ်လအထိ ၄ လအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုထဲ ရခိုင်တွင် ၁၇၆ ကြိမ်ဖြင့် အများဆုံးဖြစ်ခဲ့ကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့မှ သိရသည်။