တောင်ကုတ်မြို့ဝင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ဒေသခံများထံမှ ငွေညှစ်နေ 

စက်တင်ဘာ ၁၄ ရက်က တောင်ကုတ်မြို့မှ အမျိုးသားနှစ်ဦးမှာ မြို့အနီးကျေးရွာများသို့ ကွမ်းရွက်ဝယ်ရန် သွားစဉ် တက္ကသိုလ်စစ်ဆေးဂိတ်ရှိ စစ်ကောင်စီတပ်သားများက ငွေကျပ် ၄ သိန်းကို အဓမ္မ ယူထားလိုက်ကြသည်။ 

By Admin 17 Sep 2024

ဓာတ်ပုံ - Taunggoke University Memory
ဓာတ်ပုံ - Taunggoke University Memory

DMG ၊ စက်တင်ဘာ ၁၇ 

ရခိုင်ပြည်၊ တောင်ကုတ်မြို့အဝင်ရှိ တက္ကသိုလ်စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဖြတ်သန်းသွားလာသည့် ဒေသခံများထံမှ အကြောင်းအမျိုးမျိုးပြကာ အတင်းအဓမ္မ ငွေညှစ်တောင်းခံမှုများရှိနေကြောင်း သိရသည်။ 

စက်တင်ဘာ ၁၄ ရက်က တောင်ကုတ်မြို့မှ အမျိုးသားနှစ်ဦးမှာ မြို့အနီးကျေးရွာများသို့ ကွမ်းရွက်ဝယ်ရန် သွားစဉ် တက္ကသိုလ်စစ်ဆေးဂိတ်ရှိ စစ်ကောင်စီတပ်သားများက ငွေကျပ် ၄ သိန်းကို အဓမ္မ ယူထားလိုက်ကြသည်။ 

“မြို့မှာကွမ်းရှားတော့ သူတို့က ရွာတွေမှာရှိနိုင်မလားဆိုပြီး သွားကြတာ။ ပိုက်ဆံ ငါးသိန်းပါတယ်လို့ သိရတယ်။ ဂိတ်မှာစစ်ဆေးခံရတယ်။ အေအေကို သွားထောက်ပံ့တာလားလို့ မေးပြီး ပါလာတဲ့ ပိုက်ဆံလေးသိန်းကို ယူသွားတယ်။ သူတို့မှာ ကွမ်းလည်းမရဘဲ ပြန်လာရတယ်” ဟု တောင်ကုတ်မြို့ခံတစ်ဦးက ပြောသည်။ 

ပြီးခဲ့သည့်ရက်ပိုင်းကလည်း တောင်ကုတ်မြို့အနီး ကျေးရွာတစ်ရွာမှ လူငယ်ပိုင်း အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဆိုင်ကယ်တစ်စီးဖြင့် မြို့သို့သွားစဉ် အဆိုပါစစ်ရေးဂိတ်တွင် စစ်ဆေးခံခဲ့ရပြီး ပါလာသည့် ငွေကျပ်နှစ်သိန်းထဲမှ တစ်သိန်းခွဲကို ပေးခဲ့ရကြောင်း တောင်ကုတ်ဒေသခံတစ်ဦးက ပြောသည်။  

“စစ်သားတွေက အမျိုးသမီးငယ်ကို ပြောသေးတယ်။ အဲဒီပိုက်ဆံကိုပြန်လိုချင်ရင် ငါနဲ့သုံးနာရီ အတူနေပေး ရမယ်ဆိုပြီးတော့။ အဲဒီအမျိုးသမီးက ရှက်ရှက်နဲ့ငိုပြီးပြန်လာခဲ့တယ်” ဟု ၎င်းက ပြောသည်။ 

ဇွန်လ နောက်ဆုံးပတ်မှစ၍ စစ်ကောင်စီသည် တောင်ကုတ်တက္ကသိုလ်တွင် အခိုင်အမာတပ်စွဲထားပြီး စစ်ဆေးရေးဂိတ်ဖွင့်လှစ်ကာ တင်းကြပ်စွာ စစ်ဆေးလျက်ရှိသည်။ 

‌စစ်ဆေးရေးဂိတ် တိုးမြှင့်ချိန်မှစ၍ ဖြတ်သန်းသွားလာသူများတွင် ပါလာသည်ငွေကြေးများကို ရာခိုင်နှုန်းအလိုက် တောင်းယူမှုများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။ 

တောင်ကုတ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ နှစ်ဖက်စစ်ရေးတင်းမာနေပြီး စစ်ကောင်စီက အင်အားအလုံး အရင်းဖြည့်တင်းထားကာ အာရက္ခတပ်တော်ကလည်း မြို့ပေါ်ကို ပိတ်ဆို့ဖြတ်တောက်ထားသည်။