စစ်တွေတွင် မွတ်ဆလင်များထံမှ စစ်ကောင်စီ ငွေညှစ်‌နေ 

ဘုမေ(မွတ်ဆလင်)ကျေးရွာနှင့် သဲချောင်း(မွတ်ဆလင်)ကျေးရွာကြားတွင် ယခင်က စစ်ဆေးရေးဂိတ် နှစ်ခုသာရှိပြီး လက်ရှိတွင် စစ်ဆေးဂိတ်နှစ်ခု ထပ်တိုးချကာ သွားလာခွင့်ကို ပိုမိုတင်းကျပ်လိုက်သည်။

By Admin 12 Sep 2024

စစ်တွေမြို့နယ်၊ သဲချောင်းကျေးရွာအတွင်း လှုပ်ရှားသွားလာနေသော မွတ်ဆလင်များအား ၂၀၂၂ ခုနှစ်က တွေ့ရစဉ်။ 
စစ်တွေမြို့နယ်၊ သဲချောင်းကျေးရွာအတွင်း လှုပ်ရှားသွားလာနေသော မွတ်ဆလင်များအား ၂၀၂၂ ခုနှစ်က တွေ့ရစဉ်။ 

DMG ၊ စက်တင်ဘာ ၁၂

ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်ကောင်စီက စစ်ဆေးရေးဂိတ်များ တိုးချဲ့ချထားပြီး လမ်းသွားလမ်းလာ မွတ်ဆလင်များထံမှ ငွေကြေးတောင်းခံမှုများရှိနေကြောင်း သိရသည်။ 

ဘုမေ(မွတ်ဆလင်)ကျေးရွာနှင့် သဲချောင်း(မွတ်ဆလင်)ကျေးရွာကြားတွင် ယခင်က စစ်ဆေးရေးဂိတ် နှစ်ခုသာရှိပြီး လက်ရှိတွင် စစ်ဆေးဂိတ်နှစ်ခု ထပ်တိုးချကာ သွားလာခွင့်ကို ပိုမိုတင်းကျပ်လိုက်သည်။ 

ဘုမေကျေးရွာမှ ကယ်ရီသမားတစ်ဦးက “အရင်က ဘာမှ စစ်ဆေးတာမရှိပေမယ့် အခုက ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံစာတွေ၊ ဘယ်သွားမယ် ဘာလုပ်မယ်ကအစ အကုန်လုံး အချက်အလက်တွေကို စစ်တယ်” ဟု ပြောသည်။

ဖြတ်သန်းသူများထံမှ ဆိုင်ကယ်တစ်စီး ငွေကျပ် ၂,၀၀၀၊ အိန္ဒိယသုံးဘီး (တုတ်တုတ်)တစ်စီးလျှင် ငွေကျပ် ၁၀,၀၀၀၊ ဘေးတွဲဆိုင်ကယ်တစ်စီးလျှင် ငွေကျပ် ၅,၀၀၀ ထိ ပေးနေရကြောင်း မွတ်ဆလင်များထံမှ သိရသည်။

သဲချောင်းကျေးရွာမှ မွတ်ဆလင်တစ်ဦးက “တစ်ရက် ကယ်ရီဆွဲတာ ပိုက်ဆံငါးသောင်းရတယ်။ စစ်ဆေးရေးဂိတ်ကို အသွားအပြန် နှစ်သောင်းပေးရတယ်။ ဆီဖိုးက နှစ်သောင်းကုန်တယ်။ ကိုယ့်အတွက်  တစ်သောင်းပဲကျန်တယ်။ ဒီလောက် ကုန်ဈေးနှုန်းမြင့်တက်နေတာ ပိုက်ဆံတစ်‌သောင်းနဲ့ တစ်နေ့တာစားဝတ်နေရေးက အဆင်မပြေဘူး” ဟု ပြောသည်။ 

အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်နေမှုနှင့် ကြုံတွေ့နေရသည့်အထဲ ဖြတ်သန်းခွင့်အတွက် ငွေကြေးပေးဆောင်နေရသဖြင့် မွတ်ဆလင်များမှာ စားဝတ်နေရေး အခက်အခဲဖြစ်နေကြသည်။  

စစ်တွေမြို့တွင် စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်ထားသည့်အပြင် မွတ်ဆလင်ကျေးရွာ အနီးဝန်းကျင်တွင်လည်း မြေမြှုပ်မိုင်း ထောင်ထားမှုများရှိသဖြင့် လုံခြုံရေးနှင့်ပတ်သက်၍ စိုးရိမ်မှုများ ရှိနေကြသည်။

“အခု စစ်တွေမြို့က အကျဉ်းထောင်လို ဖြစ်သွားပြီ။ မြို့ပတ်ပတ်လည်မှာ စစ်ကောင်စီက မိုင်းထောင်းထားတယ်။ နောက်ပြီးတော့ ခြံစည်းရိုးကာတာတွေရှိတယ်။ ပြေးစရာနေရာလည်းမရှိဘူး။ ကျနော်တို့ မွတ်ဆလင်တွေဆိုရင် မှတ်ပုံတင်မရှိတဲ့အတွက် ရန်ကုန်ဘက်ကိုလည်း ထွက်ပြေးလို့မရဘူး။ တိုက်ပွဲဖြစ်လာရင် အကုန်လုံးသေကြမှာ” ဟု မွတ်ဆလင်လူငယ်တစ်ဦးက ပြောသည်။ 

စစ်ရှိန်မြင့်တက်နေသည့် ရခိုင်ဒေသအတွင်း နိုင်ငံရေး၊ စစ်ရေးလိုအပ်ချက်အတွက် စစ်ကောင်စီက မွတ်ဆလင် များကို အသုံးချလျက်ရှိသည်။ 

စစ်ကောင်စီသည် မွတ်ဆလင်များကို အတင်းအဓမ္မဖိအားပေးစစ်မှုထမ်းစေခြင်း၊ ရခိုင်နှင့် မွတ်ဆလင်တို့ကြား နားလည်မှုလွဲပြီး လူမျိုးရေးပဋိပက္ခဖြစ်စေရန်ရည်ရွယ်ကာ ဖိအားပေးဆန္ဒပြခိုင်းမှုများ လုပ်ဆောင်မှုများရှိ နေသည်။