တောင်ကုတ်တွင် တိုက်ပွဲပြင်းထန်နေ
AA မြို့ပေါ်သို့ ထိုးဖောက်ဝင်ရောက်လာ၍ ကိုင်းရှည်တံတားနှင့် သိမ်တောင်ရပ်ကွက်အနီးတွင် နိုဝင်ဘာ ၁၃ ရက်မှစ၍ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး ယနေ့အချိန်ထဲ တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။
15 Nov 2024
DMG ၊ နိုဝင်ဘာ ၁၅
ရခိုင်ပြည်၊ တောင်ကုတ်မြို့တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား ယနေ့ နိုဝင်ဘာ ၁၅ ရက်တွင် နှစ်ဖက် တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရသည်။
AA မြို့ပေါ်သို့ ထိုးဖောက်ဝင်ရောက်လာ၍ ကိုင်းရှည်တံတားနှင့် သိမ်တောင်ရပ်ကွက်အနီးတွင် နိုဝင်ဘာ ၁၃ ရက်မှစ၍ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး ယနေ့အချိန်ထဲ တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။
“မြို့တွင်းမှာ တိုက်ပွဲကဖြစ်နေဆဲပါ။ ဒါကြောင့် လေကြောင်း ပစ်ခတ်မှုတွေလည်း ရှိနေတယ်။ လက်နက် ကိုင်နှစ်ဖွဲ့ လုံးက ပြည်သူတွေကို ကာကွယ်ပေး ဖို့လိုအပ်နေတယ်” ဟု တောင်ကုတ်ဒေသခံတစ်ဦးက ပြောသည်။
တိုက်ပွဲဖြစ်ပွားမှုကြောင့် မြို့ပေါ်ဒေသခံများမှာ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေကြသော်လည်း ဒေသခံ အချို့မှာ ထွက်ပြေး၍မရဘဲ တိုက်ပွဲကြားပိတ်မိနေကြသည်။
စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားသည့်နေရာအပြင် အနီးပတ်ဝန်းကျင်ကျေးရွာများသို့ လေကြောင်းပစ်ခတ်မှုများ ပြုလုပ်နေ၍ ရန်ခေါ်ကျေးရွာမှ ဒေသခံ ထောင်နှင့်ချီမှာလည်း ဘေးလွတ်ရာနေရာအသီးသီးသို့ ထွက်ပြေးနေကြ ကြောင်းသိရသည်။
ရန်ခေါ်ကျေးရွာတွင် စစ်ကောင်စီဗုံးကြဲမှုကြောင့် ဒေသခံအချို့ထိခိုက်သေဆုံးမှုများမှုများရှိနေကြောင်း သိရှိရသော် လည်း DMG က သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
“ဗုံးကြဲမှုမှာ အရပ်သားလေးဦး သေးဆုံးပြီး နေအိမ်အများအပြား ပျက်ဆီးသွားတယ်လို့သိရတယ်။ ဒေသခံတွေက တော့ ထွက်ပြေးတိမ်းရှောင်နေကြပြီ” ဟု မြေပြင်အခြေအနေသိရှိသူတစ်ဦးက ပြောသည်။
အာရက္ခတပ်တော်က တောင်ကုတ်မြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်းများကို အချိန်အတော်ကြာ ဝန်းရံပိတ်ဆို့ ပြီးနောက် အောက်တိုဘာကုန်ပိုင်းမှ၍ တောင်ကုတ်ကို သိမ်းပိုက်နိုင်ရေး အရှိန်မြှင့်ထိုးစစ်ဆင်တိုက်ခိုက်နေခြင်း ဖြစ်သည်။
တောင်ကုတ်တွင် စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၅)၊ ခမရ - ၃၄၆၊ ခမရ ၅၄၄ တပ်ရင်းတို့ရှိ သည်။
အာရက္ခတပ်တော်က ရခိုင်တစ်ပြည်လုံးကို သိမ်းပိုက်ရန်ကြိုးပမ်းနေခြင်းဖြစ်ပြီး လက်ရှိ မောင်တော၊ အမ်း၊ တောင်ကုတ်နှင့် ဂွမြို့နယ်တို့ကို မကြာခင် သိမ်းပိုက်နိုင်တော့မည်ဟု AA က ထုတ်ပြန်ထားသည်။