မြန်မာနိုင်ငံရှိ စီမံကိန်းများကို ကာကွယ်ပေးရန် စစ်ကောင်စီကို အိန္ဒိယတောင်းဆို

မြန်မာစစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၏ အီရန်ခရီးစဥ်ကအပြန် အိန္ဒိယတွင် ခရီးတစ်ထောက်ဝင်နားစဉ် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ခြင်းဖြစ်သည်။

By Admin 27 Jun 2024

ဓာတ်ပုံ - Dr. S. Jaishankar 
ဓာတ်ပုံ - Dr. S. Jaishankar 

DMG ၊ ဇွန် ၂၇

မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံထားသော အိန္ဒိယစီမံကိန်းများအား စစ်ကောင်စီအနေဖြင့် ထိထိရောက်ရောက် ကာကွယ်ပေးရန် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်သည်။

မြန်မာစစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၏ အီရန်ခရီးစဥ်ကအပြန် အိန္ဒိယတွင် ခရီးတစ်ထောက်ဝင်နားစဉ် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံအတွင်းရှိနေတဲ့ ကျနော်တို့ရဲ့ စီမံကိန်းများကို ယုံကြည်လို့ရနိုင်တဲ့ ကာကွယ်ပေးမှုများပေးရန် တောင်းဆိုခဲ့ကြောင်း” ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အက်စ်ဂျေရှန်ကာ၏ လူမှုကွန်ရက် X တွင် ယမန်နေ့က ရေးသားထားသည်။

မြန်မာနိုင်ငံရှိ အိန္ဒိယစီမံကိန်းများထဲမှ ရည်မှန်းချက်မြင့်မားသည့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်းမှာ ရစစ်ပွဲများနှင့်အတူ ရပ်တန့်နေသည်။ အဆိုပါ စီမံကိန်းလမ်းကြောင်းရှိ ပလက်ဝ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းဒေသများကို အာရက္ခတပ်တော်(AA)က ထိန်းချုပ်ထားပြီး စစ်တွေကိုလည်း ပိတ်ဆို့ထားသည်။

နိုင်ငံခြားစီမံကိန်းများကို လေ့လာစောင့်ကြည့်သူ ရခိုင်ဒေသခံတစ်ဦးက “အိန္ဒိယဟာ စစ်ကောင်စီနဲ့အဆင်ပြေတဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တော့ သူတို့စီမံကိန်းနဲ့ပတ်သက်ပြီး စစ်ကောင်စီဆီမှာ ပူဆာတာပေါ့လေ။ အခုဆိုရင် ကုလားတန်စီမံကိန်းကလည်း ရပ်တန့်နေတော့ သူတို့အတွက်နစ်နာတာပေါ့။ AA နဲ့လည်း တရားဝင်စကားပြောဖို့ မလွယ်သေးတဲ့အချိန်မှာ စစ်ကောင်စီကို အားကိုးနေရဆဲလို့ မြင်တယ်။ ဒါပေမယ့်လည်း စစ်ကောင်စီက နိုင်ငံအနှံ့မှာ စစ်‌ရေးအထိနာနေတော့ အိန္ဒိယတောင်းဆိုချက်ကို အပြည့်အဝလုပ်ပေးနိုင်ဖို့ မလွယ်ကူသေးဘူးလို့ မြင်တယ်” ဟု DMG ကို ပြောသည်။

အိန္ဒိယအတွက် မဟာဗျူဟာမြောက်အရေးပါသည့် ကုလားတန်မြစ်ကြောင်း စီမံကိန်းကို ၂၀၁၀ ခုနှစ်က စတင်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ကနဦးပြီးစီးရန် ရည်မှန်းထားခဲ့သော်လည်း ပလက်ဝနှင့် ရခိုင်ဒေသ မတည်ငြိမ်မှုများကြောင့် ဆယ်နှစ်ကျော်ကြာ နှောင့်နှေးနေခြင်းဖြစ်သည်။ 

ဆက်လက်ပြီး အိန္ဒိယဝန်ကြီးက နယ်စပ်ဒေသက တရားမဝင် မူးယစ်ဆေးဝါးနှင့် လက်နက်မှောင်ခိုကိစ္စ၊ လူကုန်ကူးမှုပြဿနာများအပြင် မြဝတီမှာပိတ်မိနေသည့် အိန္ဒိယနိုင်ငံသားများ အိမ်ပြန်နိုင်ရေး အမြန်ဆုံး ပူးပေါင်းဆောင်ရွက်ရန် ပြောကြားခဲ့သည်။

“အိန္ဒိယကတော့ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ပဋိပက္ခတွေထဲမှာ စစ်ကောင်စီဘက်က အပြည့်အဝ ပေါ်ပေါ်ထင်ထင် ရပ်တည်နေတယ်။ တကယ်လို့သာ စစ်ကောင်စီရှုံးပြီး နယ်မြေတွေလက်လွှတ်လိုက်ရရင် အိန္ဒိယစီမံကိန်းတွေကို တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်သွားမယ်။ အဲလိုမျိုးဖြစ်လာရင် အိန္ဒိယက တော်လှန်ရေးအဖွဲ့တွေနဲ့ ပြန်ဆွေးနွေးရမယ်၊ အလုပ်ရှုပ်အုံးမှာပေါ့။ အဲတာတွေမလုပ်ချင်လို့ စစ်ကောင်စီကို အပြည့်အဝ ထောက်ပံ့နေတာလို့ မြင်တယ်” ဟု စီးပွားရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။

မြန်မာစစ်ကောင်စီသည် အိန္ဒိယနိုင်ငံနှင့် ကောင်းမွန်သောဆက်ဆံရေးကို တည်ဆောက်ထားပြီး စစ်လက်နက်၊ ဆက်စပ်ပစ္စည်း၊ နည်းပညာနှင့် လောင်စာဆီအကူအညီများကို အိန္ဒိယမှရရှိနေကြောင်း Justice For Myanmar က မေလ ၁၆ ရက်တွင် ထုတ်ပြန်ထားသည်။