ရခိုင်တိုင်းရင်းသား ပညာရေးဝန်ထမ်းအရာရှိဟောင်းတစ်ဦးကို ချင်းပြည်နယ်တွင် တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ခန့်အပ်

ရခိုင်ပြည်နယ်ပညာရေးမှူးရုံးတွင် ဒုတိယညွှန်ကြားရေးမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး အငြိမ်းယူသွားသည့် ပညာရေးဝန်ထမ်းဟောင်းတစ်ဦးကို လက်ရှိ အိမ်စောင့်အစိုးရအဖွဲ့မှ စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ချင်းပြည်နယ်တွင် တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် သြဂုတ်လ ၁ ရက်နေ့က ခန့်အပ်လိုက်ကြောင်း သိရသည်။

02 Aug 2021


DMG ၊ သြဂုတ် ၂

ရခိုင်ပြည်နယ်ပညာရေးမှူးရုံးတွင် ဒုတိယညွှန်ကြားရေးမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး အငြိမ်းယူသွားသည့် ပညာရေးဝန်ထမ်းဟောင်းတစ်ဦးကို လက်ရှိ အိမ်စောင့်အစိုးရအဖွဲ့မှ စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ချင်းပြည်နယ်တွင် တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် သြဂုတ်လ ၁ ရက်နေ့က ခန့်အပ်လိုက်ကြောင်း သိရသည်။

လက်ရှိအစိုးရမှခန့်အပ်လိုက်သည့် တာဝန်ကို လူမျိုး၊ သာဘာမခွဲခြားဘဲ ပြည်နယ်တိုးတက်ရန် အကောင်းဆုံးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ခန့်အပ်ခံရသည့် ဦးစိန်ထွန်းလှက ပြောသည်။

“ကျနော်အနေနဲ့တော့ စိတ်လည်းဝင်စားတယ်။ လုပ်လည်းလုပ်မယ်လို့ဆုံးဖြတ်ထားပါတယ်။ အရင်တုန်းကတော့ မျှော်တော့မမျှော်လင့်ခဲ့ဘူး။ သို့သော်လည်း လတ်တလောခန့်အပ်ခံလိုက်ရတယ်ဆိုတော့ ဝမ်းမြောက်ဂုဏ်ယူစွာနဲ့ လက်ခံပါတယ်။ မိဘပြည်သူတွေကလည်း လက်ခံကြပါတယ်။ တိုင်းရင်းသားရေးရာဝန်ကြီးနေရာကို ပေးအပ်လိုက်တယ်ဆိုတော့ ပေးအပ်လိုက်တဲ့တာဝန်ကို လူမျိုးဘာသာမခွဲခြားဘဲ ကိုယ့်ပြည်နယ်တိုးတက်ရေးအတွက် ကိုယ့်မြို့နယ်တိုးတက်ရေးအတွက် အတတ်နိုင်ဆုံး ကြိုးစား သွားမယ်လို့ ဆုံးဖြတ်ထားတယ်” ဟု ဆိုသည်။

လက်ရှိတိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ခန့်အပ်ခံရသည့် ဦးစိန်ထွန်းလှမှာ ၂၀၁၆ ဒီဇင်ဘာလမှ ၂၀၂၀ ခုနှစ်မတ်လအထိ ရခိုင်ပြည်နယ်ပညာရေးမှူးရုံးတွင် ဒုတိယညွန်ကြားရေးမှူး(စီမံ) တာဝန်ကိုထမ်းဆောင်ခဲ့ပြီး လက်ရှိမှာ အငြိမ်းစားယူထားသူ ဖြစ်သည်။

ချင်းပြည်နယ်တွင် ရခိုင်တိုင်းရင်းသားတစ်ဦးကို ယခုကဲ့သို့ တိုင်းရင်းသားရေးရာဝန်ကြီးနေရာတွင် ခန့်အပ်လိုက်ခြင်းမှာ ကောင်းသောလက္ခဏာတစ်ခုဖြစ်သည်ဟု ပလက်ဝဒေသခံတစ်ဦးဖြစ်သည့် ကိုတင်ထွန်းအောင်ကပြောသည်။

“ကျနော်တို့ ပလက်ဝမှာ လွတ်လပ်ရေးရကတည်းက ၇၄ နှစ်တိုင်တိုင် ရခိုင်လူမျိုးမှာ ထူးထူးပေါက်ပေါက် တော်တဲ့သူတွေကို အစိုးရအဆက်ဆက်ခန့်ထားတဲ့သူမရှိဘူး။ အခု ဒီဆရာက ပညာရေးမှူးတစ်ယောက်အနေနဲ့ အငြိမ်းစားယူထားသူလည်း ဖြစ်တယ်။ အခု သူ့ကိုစစ်ကောင်စီအစိုးရက ခန့်အပ်လိုက်တဲ့ အပေါ်မှာတော့ အတိုင်းမသိဝမ်းသာမိတယ်“ ဟု ဆိုသည်။

ချင်းပြည်နယ်တွင် ရခိုင်တိုင်းရင်းသားတစ်ဦးကို တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ခန့်အပ်လိုက်သည့်အပေါ် လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ဝေဖန်ပြောဆိုနေသူများလည်း ရှိနေသည်။

ချင်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ခန့်လိုက်သည့်အပေါ် ပလက်ဝဒေသခံ ခူမီးတိုင်းရင်းသားတစ်ဦးဖြစ်သည့် ဦးအေးကျော်က “ကျနော်တို့အနေနဲ့ လက်ခံလား၊ မခံဘူးလားဆိုတာထက် သူရဲ့လုပ်ရည်ကိုင်ရည်အပေါ်မှာပဲ မူတည်ပါတယ်။ လောလောဆည်ပြောဖို့အတွက်က စောပါသေးတယ်“ ဟု ဆိုသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့ အဖြစ် ပြင်ဆင်ဖွဲ့စည်းကြောင်း စစ်ကောင်စီက ယမန့်နေ့ သြဂုတ်လ ၁ ရက်နေ့တွင် ကြေညာခဲ့သည်။