မောင်တောမြို့နယ်တွင် အသက် ၆၈ နှစ်အရွယ် အမျိုးသားတစ်ဦး ပျောက်ဆုံးနေ

ပျောက်ဆုံးနေသည့် အမျိုးသားမှာ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာမှ ဦးမောင်သာစိန်ဖြစ်သည်။

By Admin 28 Oct 2022

မောင်တောမြို့နယ်တွင် အသက် ၆၈ နှစ်အရွယ် အမျိုးသားတစ်ဦး ပျောက်ဆုံးနေ

တောတွင်ပျောက်ဆုံးနေသည့် ဦးမောင်သာစိန်ကို ဒေသခံများ ဝိုင်းဝန်းရှာဖွေနေကြစဉ်။ ဓာတ်ပုံ-ဇော်မင်းထွန်း

DMG ၊ အောက်တိုဘာ ၂၈

ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာမှ အသက် ၆၈ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ အောက်တိုဘာလ ၂၆ ရက်နေ့မှစ၍ ပျောက်ဆုံးလျက်ရှိနေကြောင်း သိရသည်။

ပျောက်ဆုံးနေသည့် အမျိုးသားမှာ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာမှ ဦးမောင်သာစိန်ဖြစ်သည်။ ၄င်းမှာ ယင်းနေ့နံနက် ၁၀ နာရီက ရွာနှင့်တစ်မိုင်ကျော်ခန့်ဝေးသည့် မယူတောင်အောက်ရှိ စားကျက်သို့ သွားရောက်ခဲ့ရာမှ ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း သားဖြစ်သူ ကိုမောင်သန်းလွင်က DMG သို့ပြောသည်။

“သူက ပိုက်တိုင်လုံး တစ်လုံး၊နှစ်လုံး သွားခုတ်မယ်ဆိုပြီး အိမ်က မနက် ၁၀ နာရီလောက်က ထမင်းစားပြီး ထွက်သွားတာပါ။ အရင်ကလည်း သွားနေကျပါ။ ၄ နာရီလောက်မှ ကျနော့်အမေက သတိထားမိပြီး ကျနော်တို့ကို ပြောတာပါ။ အဲဒီကတည်းကနေ လိုက်ရှာနေတာပါ။ အခုထိ မတွေ့သေးပါဘူး”ဟု သားဖြစ်သူကပြောသည်။

ဦးမောင်သာစိန်မှာ သွေးကိုမြင်လျှင် မူးလဲတတ်သူဖြစ်ပြီး တိုင်ခုတ်ရာမှ လက်ထိပြီး သွေးကိုမြင်၍ မူးလဲသွားခြင်းလည်း ဖြစ်နိုင်ကြောင်းနှင့် တောရိုင်းတိရစ္ဆာန်တို့ကြောင့် အန္တရာယ်ဖြစ်ပေါ်မည်ကိုလည်း စိုးရိမ်မိကြောင်း သားဖြစ်သူက ဆက်ပြောသည်။

“ကျနော့်အဖေက သွေးကိုမြင်ရင်တော့ မူးလဲတတ်ပါတယ်။ ကျနော်အဖေသွားတုန်းက ဓားပါသွားတယ်လေ။ တိုင်ခုတ်တဲ့အချိန် လက်ထိလို့ ကိုယ့်သွေးကိုယ်မြင်ပြီး မူးလဲသွားတာများလားပေါ့။ မဟုတ်ရင် သဘာဝဘေး၊ တောရိုင်းတိရစ္ဆာန်ဘေးတွေကြောင့် အခက်အခဲကြုံပြီးရင် ရှိနေမလားလို့ပဲ ခံစားမိပါတယ်”ဟု ကိုမောင်သန်းလွင်က ပြောသည်။

လက်ရှိတွင် ဦးမောင်သာစိန်အား ဒေသခံများမှာ တောအနှံ့ လိုက်လံရှာဖွေလျက်ရှိကြောင်း သိရသည်။