တရုတ်ကြားဝင်သော်လည်း ရခိုင်စစ်ပွဲရပ်တန့်ရန် အစီအစဉ်မရှိသေး

အပစ်ရပ်စဲရေးမှာ အရပ်သားများအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေသော စစ်ကောင်စီ၏ လုပ်ရပ်အပေါ် အများကြီးမူတည်ကြောင်း AA ပြောခွင့်ရသူ ဦးခိုင်သုခက ဇွန် ၈ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ 

By Admin 10 Jun 2024

ဓာတ်ပုံ - The New Humanitarian
ဓာတ်ပုံ - The New Humanitarian

DMG ၊ ဇွန် ၁၀

တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ဒေသတွင် အပစ်ရပ်စဲရန်အတွက် တရုတ်နိုင်ငံက ကြားဝင်ညှိနှိုင်းမှုများရှိသော်လည်း မဖြစ်နိုင်သေးကြောင်း အာရက္ခတပ်တော်(AA)က တရားဝင် ပြောဆိုလာသည်။

အပစ်ရပ်စဲရေးမှာ အရပ်သားများအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေသော စစ်ကောင်စီ၏ လုပ်ရပ်အပေါ် အများကြီးမူတည်ကြောင်း AA ပြောခွင့်ရသူ ဦးခိုင်သုခက ဇွန် ၈ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ 

“တွေ့ဆုံပွဲမှာ ကျနော်တို့ ပြောခဲ့တာရှိတယ်။ ပြည်သူလူထုတွေကို ပစ်မှတ်ထားပြီး မတိုက်ခိုက်ဖို့ စစ်ကောင်စီကို ပြောထားတယ်။ ဒီနေ့အချိန်အထိ ဆက်ပြီးဖြစ်နေပါတယ်။ AA နဲ့ဆက်စပ်တဲ့ တခြားစစ်မြေပြင်တွေမှာလည်း ဆက်ဖြစ်နေပါတယ်။ ဒါကြောင့် ဒီအပစ်အခတ်ရပ်စဲဖို့ကိစ္စက အများကြီး အခက်အခဲရှိနိုင်ပါတယ်” ဟု ပြောသည်။ 

AA၊ TNLA၊ MNDAA တို့၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်ဒေသက မြို့အများအပြား အသိမ်းခံရပြီးနောက် တရုတ်ကြားဝင်မှုကြောင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက် ဟိုင်ဂင် သဘောတူညီချက်ဖြင့် ရှမ်းပြည်မြောက်ပိုင်းတွင် အပစ်ရပ်စဲသွားသည်။ သို့သော်လည်း ရခိုင်ဒေသ မပါဝင်ခဲ့ပေ။

ပြီးခဲ့သည့် မေလအတွင်းက စစ်ကောင်စီနှင့် AA တို့သည် တရုတ်နိုင်ငံ ကူမင်းဆွေးနွေးပွဲတွင် နှစ်ဖွဲ့ချင်းတွေ့ဆုံ ဆွေးနွေးခြင်းများ ရှိခဲ့သည်။ 

“စစ်ကောင်စီနဲ့ ကျနော်တို့က ဟိုင်ဂင်နောက်ဆက်တွဲ အစည်းအဝေးတွေမှာ နှစ်ဖွဲ့ချင်းတွေ့ဆုံတာ ရှိပါတယ်။ တရုတ်နိုင်ငံကတော့ ပြေပြေလည်လည်နဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး‌ပြီး အဖြေရှာဖို့ လိုလားနေပါတယ်။ ဒါတွေက လက်ရှိ စစ်ကောင်စီလုပ်ရပ်ပေါ်မှာ အများကြီးမူတည်နေပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။

AA သည် ၂၀၂၃၊ နိုဝင်ဘာကနေ ယနေ့အချိန်ထိ ပလက်ဝနှင့် ရခိုင်က မြို့နယ် ၉ ခုကို သိမ်းပိုက်ထိန်းချုပ်ထားသည်။ အဆိုပါမြို့နယ်များကို စစ်ကောင်စီက မကြာခဏ လေကြောင်းပစ်ခတ်မှုများရှိနေပြီး အရပ်သားသေဆုံးမှုမှာလည်း တဖြည်းဖြည်း မြင့်တက်နေသည်။

“အဓိကတော့ စစ်ကောင်စီကို လေကြောင်းပစ်ခတ်မှုတွေ မလုပ်ဖို့ တောင်းဆိုချင်တယ်။ သူတို့ပစ်ခတ်မှုတွေက AA တပ်စခန်းတွေကို မထိဘဲ မြို့ရွာတွေမှာကျလို့ အပြစ်မဲ့ပြည်သူတွေ သေဆုံးတာများနေပြီ။ ကလေးတွေဆိုရင် ကားသံကြားတာကိုတောင် လေယာဉ်လာတယ်လို့ထင်တဲ့အထိ စိတ်ထဲမှာ ကြောက်စိတ်တွေစွဲနေပြီ” ဟု ကျောက်တော်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ရခိုင်ပြည်ထဲက ကျန်ရှိနေသေးသည့် မောင်တော၊ စစ်တွေ၊ အမ်း၊ တောင်ကုတ်၊ သံတွဲ၊ ဂွ၊ မာန်အောင်၊ ကျောက်ဖြူ မြို့နယ်တို့ကို ဆက်လက်သိမ်းပိုက်သွားမည်ဟု AA က ကြေညာထားသည်။

AA သည် နိုင်ငံအနှံ့ရှိ တော်လှန်ရေးတပ်ဖွဲ့များနှင့် ခိုင်မာသည့် မဟာမိတ်ဆက်ဆံရေး တည်ဆောက်ထားပြီး ရခိုင်ပြည်သာမက ရှမ်း၊ စစ်ကိုင်း၊ ချင်း၊ ကရင်စသည့် ဒေသများတွင် စစ်ရေးလှုပ်ရှားမှုများ ရှိနေသည်။

ULA/AA ၏ နိုင်ငံရေးရည်မှန်းချက်သည် မြန်မာနိုင်ငံထဲမှ ခွဲထွက်ခြင်းမဟုတ်ဘဲ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်သည့် ကွန်ဖက်ဒရစ်လမ်းစဉ်ကိုသာ လိုလားကြောင်း ပြောဆိုထားသည်။