- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်တွင် အမြန်ရေယာဉ်လိုင်းများ ခရီးစဉ်အချို့ကို ယာယီရပ်နားမည်
ရခိုင်ပြည်နယ်အတွင်းက မြို့နယ်များသို့ ပြေးဆွဲပေးနေသည့် အမြန်ရေယာဉ်လိုင်းများမှ ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်သည့် အနေဖြင့် ဇူလိုင်လ ၂၀ ရက်နေ့မှစတင်၍ ခရီးစဉ်အချို့ကို ယာယီရပ်နားထားမည်ဖြစ်ကြောင်း ရေယာဉ်တာဝန်ရှိသူများထံမှ သိရသည်။
19 Jul 2021
DMG၊ ဇူလိုင် ၁၉
ရခိုင်ပြည်နယ်အတွင်းက မြို့နယ်များသို့ ပြေးဆွဲပေးနေသည့် အမြန်ရေယာဉ်လိုင်းများမှ ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်သည့် အနေဖြင့် ဇူလိုင်လ ၂၀ ရက်နေ့မှစတင်၍ ခရီးစဉ်အချို့ကို ယာယီရပ်နားထားမည်ဖြစ်ကြောင်း ရေယာဉ်တာဝန်ရှိသူများထံမှ သိရသည်။
ထိုသို့ရပ်နားထားသည့် ရေယာဉ်ခရီးစဉ်များမှာ စစ်တွေ-ကျောက်ဖြူ-ရမ်းဗြဲ-ကျောက်နီမော်-တောင်ကုတ်၊ စစ်တွေ-မာန်အောင် ခရီးစဉ်လမ်းများဖြစ်သည်ဟု ရွှေပြည်တန်ရေယာဉ်မှ မန်နေဂျာ ဦးစံမော်သိန်းက DMG ကိုပြောသည်။
“အဲဒီလိုင်းတွေမှာ ကျောက်ဖြူမြို့နယ်တွေမှာဆိုရင် Quarantine ဝင်ရမှာတွေရှိတယ်။ ရမ်းဗြဲဆိုရင် လုံးဝလက်မခံတော့ဘူး။ တောင်ကုတ်ဆိုရင်လည်း သွားလာမဲ့အရာတွေ အခက်အခဲတွေရှိနေပါတယ်။ အဲဒါကြောင့် ကျနော်တို့က ကိုဗစ်ရောဂါကို ပိုပြီးတော့ ထိန်းချုပ်တဲ့အနေနဲ့ ယာယီရပ်နားထားလိုက်တာပါ” ဟု ဦးစံမော်သိန်းက ဆိုသည်။
လက်ရှိမှာ အမြန်ရေယာဉ်မောင်းနှင်သည့် ဒီဇယ်ဆီများကိုဝယ်ယူ၍မရရှိသည့်အတွက် အဆိုပါရေကြောင်းလှိုင်းများကို ပြေးဆွဲရန်အခက်အခဲများရှိနေပြီး ရောဂါလျော့ကျမှုအခြေအနေကိုကြည့်ကာ ပြန်လည်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
“အရေးတကြီး လူတွေသွားလာလို့ရအောင်တော့ အစီအစဉ်တွေဆွဲနေတာတွေရှိတယ်။ တစ်ပတ်ကိုတစ်စီးလောက်ခန့် သို့မဟုတ် ကျောက်ဖြူကို တစ်စီးလောက် သွားလို့ရအောင် စီစဉ်နေတာတွေရှိတယ်။ အခုရပ်နားလိုက်တာက ကိုယ့်အစီအစဉ်နဲ့ကိုယ် ရပ်နားလိုက်တာပါ” ဟု ဦးစံမော်သိန်းက ပြောသည်။
သို့သော် စစ်တွေ-ရသေ့တောင်-ဘူးသီးတောင်၊ စစ်တွေ-မြောက်ဦး၊ စစ်တွေ-မင်းပြား-မြေပုံ၊ စစ်တွေ-ပေါက်တော စသည့် မြို့နယ်များကိုမူ ကိုဗစ်ရောဂါစည်းကမ်းချက်များနှင့်အညီပုံမှန်ပြေးဆွဲသွားဖြစ်ကြောင်း သိရသည်။
စစ်တွေ-ရသေ့တောင်-ဘူးသီးတောင် ရေကြောင်းလိုင်းတစ်ခုတည်းကိုသာ ပြေးဆွဲလျှက်ရှိသည့် မလိခအမြန်ရေယာဉ်လိုင်း မှာလည်း ဇူလိုင် ၂၀ ရက်နေ့မှစတင်ပြီး တစ်ပတ်ကြာ ယာယီရပ်နားသွားမည်ဖြစ်ကြောင်း အဆိုပါရေယာဉ်လိုင်းမှ တာဝန်ရှိသူက ပြောသည်။
“လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်ရောဂါကြောင့် ကျနော်တို့တစ်ပတ်ခန့် ယာယီနားထားမယ်။ နောက်ပြီးတော့ အမြန်ယာဉ်ကို ပြုပြင် စရာတွေလည်းရှိသေးတယ်။ အဲဒီအတွက်ကြောင့် ရပ်နားလိုက်တာ။ ပြီးရင်တော့ ပြန်ပြီးပြေးဆွဲသွားမှာဖြစ်တယ်” ဟု မလိခရေယာဉ်လိုင်း မန်နေဂျာ ဦးအောင်ကိုလင်းက DMG ကို ပြောသည်။
လက်ရှိ ရခိုင်ပြည်နယ်တွင် ဇူလိုင်လ ၁၈ ရက်နေ့အထိ Covid-19 တတိယလှိုင်းအတွင်း ရောဂါကူးစက်ခံရသည့် လူနာများမှာ ၁၄၃၆ ဦး၊ ဆေးရုံမှဆင်းခွင့်ရရှိသူ ၃၇၂ ဦးနှင့်သေဆုံး သူ ၄၁ ဦးအထိရှိလာနေပြီဖြစ်သည်။