- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်တိုက်ပွဲတစ်နှစ်အတွင်း အရပ်သား ၁,၆၀၀ ကျော် ထိခိုက်သေဆုံး၊ ကလေးသူငယ်နှင့် အမျိုးသမီး ၈၀၀ ကျော် ပါဝင်
သေဆုံးဒဏ်ရာရသူများထဲ သံတွဲမြို့နယ်တွင် ၁၈၈ ဦးဖြင့် အများဆုံးဖြစ်ပြီး မောင်တောမြို့နယ်တွင် ၁၆၅ ဦးဖြင့် ဒုတိယအများဆုံးဖြစ်ကာ အများစုမှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။
13 Nov 2024
DMG ၊ နိုဝင်ဘာ ၁၃
ရခိုင်ပြည်တွင် တိုက်ပွဲစတင်သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်အထိ တစ်နှစ်တာအတွင်း စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှု၊ စစ်ကြောင်းထိုးသတ်ဖြတ်မှု ၊ စစ်ကျန်လက်နက်နှင့် မြေမြှုပ်မိုင်းတို့ကြောင့် အရပ်သား ၆၀၅ ဦးသေဆုံးပြီး ၁,၀၅၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း DMG ၏ စာရင်းပြုစုချက်အရ သိရသည်။
သေဆုံးဒဏ်ရာရသူများထဲ သံတွဲမြို့နယ်တွင် ၁၈၈ ဦးဖြင့် အများဆုံးဖြစ်ပြီး မောင်တောမြို့နယ်တွင် ၁၆၅ ဦးဖြင့် ဒုတိယအများဆုံးဖြစ်ကာ အများစုမှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။
ယင်းအထဲတွင် အသက် ၁၈ နှစ်အောက် ကလေးသူငယ် သေဆုံးသူ ၈၂ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၂၁၄ ဦး ပါဝင်ပြီး အမျိုးသမီး သေဆုံးသူ ၁၅၈ ဦးနှင့် ဒဏ်ရာရရှိသူ ၃၇၀ ဦး ရှိခဲ့သည်။ (အဆိုပါ ထိခိုက်သေဆုံးမှု အရေအတွက်မှာ DMG မှ ကောက်ယူရရှိထားသည့် စာရင်းသာဖြစ်ပြီး မြေပြင်တွင် ယခုထက်ပိုများနိုင်သည်။)
ကလေးသူငယ်များမှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးဒဏ်ရာရရှိမှုအပြင် စိတ်ဒဏ်ရာရရှိမှုမှာ စိုးရိမ်စရာဖြစ်နေသဖြင့် ကလေးသူငယ်များ၏ စိတ်ဒဏ်ရာများကို ကုစားပေးရန် လိုအပ်နေသည်။
“လေကြောင်းတိုက်ခိုက်မှုကြောင့် စိတ်ဒဏ်ရာရခဲ့တဲ့ ကလေးတွေဆိုရင် ဘာမှမပြောဘဲ တစ်ယောက်တည်းနေတာမျိုး၊ တချိုကလေးတွေဆို အလိုလိုနေရင်း ကြောက်နေတာမျိုးတွေ တွေ့ရတယ်။ မိဘနားကမခွာဘဲ နေနေတာမျိုးတွေ ဖြစ်တတ်တယ်။ သူတို့ကို စိတ်ရှည်ရှည်နဲ့ နားလည်ပေးဖို့လိုအပ်တယ်” ဟု စိတ်ပိုင်းဆိုင်ရာကုသမှု ဆောင်ရွက်နေသူ အမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိတွင်လည်း စစ်ကောင်စီသည် AA ထိန်းချုပ်ထားသည့် ဒေသများကို လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေ၍ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုများကို ခံစားနေရသည်ဟု ဒေသခံများက ပြောသည်။
“ဆိုင်ကယ်သံကြားရင်လည်း လေယာဉ်လာသံလိုပဲ ကြားတယ်။ အသံကြားတာနဲ့ မြေမှာ ပြေးဝပ်တယ်။ ကားသံနည်းနည်းဆူတာနဲ့ လေယာဉ်လာပြီလို့ ထင်နေမိတယ်” ဟု လေကြောင်းဗုံးကြဲခံရမှုကြောင့် ဒဏ်ရာရရှိခဲ့သူ ရခိုင်ဒေသခံ ဒေါ်ရီရီသန်းက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၀ ရက်က ကျောက်တော်မြို့တွင် လေကြောင်းဗုံးကြဲခံရမှုကြောင့် ဒေသခံ ၄ ဦး သေဆုံးပြီး ဒေါ်ရီရီသန်းအပါအဝင် ဒေသခံ ၂၄ ဦးမှာ ဒဏ်ရာရရှိသွားခဲ့သည်။
စစ်ကောင်စီသည် AA ထိန်းချုပ်ဒေသများအပါအဝင် တိုက်ပွဲဖြစ်ပွားရာ မြို့နယ်များ၌ လူနေအိမ်၊ ဘာသာရေးအဆောက်အုံနှင့် စာသင်ကျောင်းများကို လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် ပစ်ခတ်မှုများ ဆက်တိုက်လုပ်ဆောင်နေ၍ အရပ်သား ထိခိုက်သေဆုံးမှုမှာ မြင့်တက်နေဆဲဖြစ်သည်။
စစ်ရေး၊ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက “လေကြောင်းတိုက်ခိုက်မှုတွေက အာရက္ခတပ်တော်ကို ထိတယ်ဆိုတာထက် ပြည်သူတွေကို ထိတာ များပါတယ်။ သူတို့(စစ်ကောင်စီ)က ပြည်သူတွေနေတဲ့ နေရာတွေဖြစ်တဲ့ ဈေးတွေ၊ ကျောင်းတွေ၊ လမ်းတွေကို စစ်ရေးပစ်မှတ်ထား တိုက်နေတာဖြစ်တယ်။ ပြည်သူတွေကိုထိတော့ စစ်ရာဇဝတ်မှု ကျူးလွန်တယ်လို ပြောလို့ရတယ်” ဟု ပြောသည်။
တိုက်ပွဲတစ်နှစ်တာအတွင်း AA သည် ဘူးသီးတောင်၊ ရသေ့တောင်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲ၊ သံတွဲမြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားသည်။
မောင်တော၊ အမ်း၊ တောင်ကုတ်၊ ဂွမြို့နယ်တို့ကိုလည်း အလုံးစုံသိမ်းပိုက်နိုင်ရေးအတွက် ထိုးစစ်ဆင်နေပြီး စစ်ကောင်စီကလည်း လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်နေ၍ တိုက်ပွဲများမှာ နေ့စဉ်နှင့်အမျှ ပြင်းထန်နေသည်။