စစ်တွေတွင် မွတ်ဆလင်ပြည်သူ့စစ်အတွက် လစဉ်ကြေး ထပ်တိုးကောက်ခံ

ပြီးခဲ့သည့် စစ်တင်ဘာလက တစ်အိမ်ကို ငွေကျပ် ၅,၀၀၀ ကောက်ခံခဲ့သော်လည်း ယခု အောက်တိုဘာလတွင် တစ်အိမ်မှ ၁၅,၀၀၀ ကျပ်အထိ ထပ်တိုးကောက်ခံလာကြောင်း မွတ်ဆလင်များက ပြောသည်။ 

By Admin 12 Oct 2024

စစ်တွေမြို့နယ်အတွင်းရှိ လှေဆိပ်တစ်ခုတွင် တွေ့ရသော မွတ်ဆလင်များနှင့် စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တစ်ဦး။ (File Photo: 2018)
စစ်တွေမြို့နယ်အတွင်းရှိ လှေဆိပ်တစ်ခုတွင် တွေ့ရသော မွတ်ဆလင်များနှင့် စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တစ်ဦး။ (File Photo: 2018)

DMG ၊ အောက်တိုဘာ ၁၂

ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ မွတ်ဆလင်ပြည်သူ့စစ်များကို ထောက်ပံ့ရန်ဟုဆိုကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကျေးရွာတာဝန်ခံများသည် မွတ်ဆလင် ဒုက္ခသည်စခန်းများနှင့်ကျေးရွာများထံမှ လစဉ်ကြေး ထပ်တိုးကောက်ခံနေသည်ဟု သိရသည်။ 

ပြီးခဲ့သည့် စစ်တင်ဘာလက တစ်အိမ်ကို ငွေကျပ် ၅,၀၀၀ ကောက်ခံခဲ့သော်လည်း ယခု အောက်တိုဘာလတွင် တစ်အိမ်မှ ၁၅,၀၀၀ ကျပ်အထိ ထပ်တိုးကောက်ခံလာကြောင်း မွတ်ဆလင်များက ပြောသည်။ 

သဲချောင်းဒုက္ခသည်စခန်းမှ အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက “မွတ်ဆလင် ပြည်သူ့စစ် လိုအပ်တာကို ထောက်ပံ့ပေးသွားမယ်၊ အစားအသောက်၊ သူတို့လိုအပ်တဲ့ တခြားအသုံးအဆောင်၊ အဝတ်အစားက အစပေါ့နော်။ အဲဒါကြောင့် ကောက်ရတာလို့ ပြောပါတယ်။ အရင်လကတော့ ၅,၀၀၀၊ အခု ၁၅,၀၀၀ တိုးကောက်ပါတယ်” ဟု ပြောသည်။  

စစ်ကောင်စီသည် မွတ်ဆလင်ပြည်သူ့စစ်များအတွက် လစာနှင့် တခြားလိုအပ်သည့် ရိက္ခာအထောက်အပံ့များ ပေးရန် စစ်တွေမြို့နယ်ရှိ ဘုမေ၊ သဲချောင်း၊ ဘာဆာ၊ သက္ကယ်ပြင်၊ အုန်းတောကြီး၊ အုန်းတောချေ၊ ဒါးပိုင် စသည့် ကျေးရွာများနှင့် ဒုက္ခသည်စခန်းများထံမှ လစဉ်ကြေး အတင်းအဓမ္မကောက်ခံနေခြင်း ဖြစ်သည်။ 

အလုပ်အကိုင်မရှိခြင်း၊ ထောက်ပံ့မှုလည်း ပုံမှန်မရသည့်အပြင် ပုံမှန်ဝင်ငွေမရှိသည့်အတွက် စားသောက်ရေး၊ ကျန်းမာရေးနှင့် လူမှုရေး စသည့် ကဏ္ဍအသီးသီးမှာ အခက်အခဲရှိနေကြသည်ဟု ဒုက္ခသည်များက ပြောသည်။ 

အုန်းတောကြီး ဒုက္ခသည်စခန်းမှ အမျိုးသားတစ်ဦးက “အလုပ်အကိုင်လည်း မရှိ၊ ဝင်ငွေလည်း မရှိတဲ့အတွက်  အများစုကတော့ ဒီငွေကို မပေးနိုင်ကြဘူး။ ဒါပေမဲ့ ချေးငှားပြီး ရတဲ့နည်းနဲ့ ရှာဖွေပြီး ပေးကြရတယ်။ အစားအသောက်ကိုတောင် မနည်း ရှာဖွေပြီး စားသောက်နေရတာ။ ကျန်းမာရေးမကောင်းရင်တောင် ဆေးဝယ်မသောက်နိုင်တဲ့ သူတွေအများကြီးပါ” ဟု ပြောသည်။  

စစ်ကောင်စီသည် ပြည်သူ့စစ်များအား ထောက်ပံ့ရန်  လစဉ်ကြေး ကောက်ခံနေသော်လည်း ပြည်သူ့စစ်များမှာ မြေပြင်၌ အခက်အခဲမျိုးစုံဖြင့် ဖြတ်သန်းနေရသည်ဟု ပြည်သူ့စစ်မိသားစုဝင်များက ပြောသည်။ 

သက္ကယ်ပြင် ဒုက္ခသည်စခန်းမှ ပြည်သူ့စစ်မိသားစုဝင်တစ်ဦးက “သူတို့ကို ထောက်ပံ့ပေးဖို့ ငွေကောက်တယ်လို့တော့ ပြောတယ်။ ဒါပေမယ့် မြေပြင်မှာ သူတို့ကို မေးကြည့်လိုက်တော့ ထမင်းလည်း နပ်မမှန်ဘူး။ နေမကောင်းဖြစ်ရင်လည်း ဆေးကုသခွင့် ပြည့်ပြည့်ဝဝ မရကြဘူးလို့ ပြောပါတယ်။ ဆိုတော့ အဲဒီငွေတွေဟာ ဘယ်ကိုရောက်သွားလဲ မေးစရာဖြစ်နေပြီ” ဟု ပြောသည်။ 

စစ်တွေမြို့နယ်တွင် စစ်သင်တန်းဆင်း မွတ်ဆလင်ပြည်သူ့စစ် ထောင်နှင့်ချီရှိပြီး တစ်ချို့ကို ရွာအနီးတွင် ဘန်ကာများ၊ ကတုတ်ကျင်းများလုပ်ကာ ကင်းစောင့်ခိုင်းထားပြီး စစ်ကောင်စီ ရေတပ်စခန်းနှင့်  ရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင်ခံရသူများလည်း ရှိသည်။ 

ယင်းကိစ္စနှင့်ပတ်သက်၍ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် ရခိုင်ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရ ဦးလှန်သိန်းကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။ 

စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲခပ်စိပ်စိပ်ဖြစ်ပွားနေပြီး AA ၏ ထိုးစစ်ကို ခုခံရန် စစ်တွေက မွတ်ဆလင်များကို လစဉ် ပြည်သူ့စစ် ခေါ်ယူလျက် ရှိနေသည်။ 

စစ်တွေမြို့နယ်မှ မွတ်ဆလင်ဒုက္ခသည်များမှာ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်က ရခိုင်ပြည်အတွင်း ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာပြီး ဒုက္ခသည်စခန်းများတွင် နေထိုင်နေရသူများ ဖြစ်သည်။