စစ်တွေမြို့ရှိ ရပ်ကွက်တစ်ချို့တွင် ရေအခက်အခဲနှင့်ကြုံနေရ

ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေမြို့တွင် အဓိကရေပေးဝေနေသော ကန်တော်ကြီးရေကန်နှင့် ဗျိုင်းဖြူရွာရေကန်တို့မှာ ရေခမ်းခြောက်လာခြင်းကြောင့် ရပ်ကွက်တစ်ချို့တွင် ရေအခက်အခဲနှင့်ကြုံတွေ့နေရသည်ဟု မြို့ခံများကပြောသည်။

26 Apr 2022

DMG ၊ ဧပြီ ၂၆

ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေမြို့တွင် အဓိကရေပေးဝေနေသော ကန်တော်ကြီးရေကန်နှင့် ဗျိုင်းဖြူရွာရေကန်တို့မှာ ရေခမ်းခြောက်လာခြင်းကြောင့် ရပ်ကွက်တစ်ချို့တွင် ရေအခက်အခဲနှင့်ကြုံတွေ့နေရသည်ဟု မြို့ခံများကပြောသည်။

ကန်တော်ကြီးရေကန်မှ ဖေဖော်ဝါရီလအထိသာ ရေပုံမှန်ရရှိခဲ့ပြီး ယခုနောက်ပိုင်းတွင် ပုံမှန်မရရှိတော့သဖြင့် ပြင်ပမှရေများကို ဝယ်ယူသုံးစွဲနေရသည်ဟု ဓညဝတီ(က)ရပ်ကွက်မှ ဦးကောင်းထက်ကဆိုသည်။

“ကုန်ခဲ့တဲ့အပတ်ကဆို လုံးဝမရဘူး။ တနင်္ဂနွေတစ်ရက်ပဲ ပေးခဲ့တယ်။ ရေပုံမှန်မရှိ။ ‌ဟိုဘက်လမ်း၊ ဒီဘက်လမ်း စုစုပေါင်းဆိုင်ခန်း ၆၀ မှာ ကန်တော်ကြီးရေရတာ ၇ ခန်းပဲရှိတယ်။ ၇ ခန်းလည်းပုံမှန်မရ။ ကျန်တဲ့လူတွေတော့ ရေဝယ်သုံးရတယ်။ ၂ လပိုင်းအထိ ရေပုံမှန်ရခဲ့တယ်။ မီးမလာလို့ဆိုပြီးရေမပေးတာတစ်ခု၊ နောက်တစ်ခုက ရေကို သူတို့ပေးချင်တဲ့နေ့ပေးတယ်။ မပေးချင်နေ့မပေးဘူး”ဟု ၎င်းကပြောသည်။

ကန်တော်ကြီးရေကန်မှာ လုံးဝနီးပါးရေခမ်းခြောက်နေပြီး ဗျိုင်းဖြူရွာရေကန်မှာလည်း ရေခမ်းလာနေသဖြင့် ရေမှာနောက်ကျိနေကာ သန့်ရှင်းမှုမရှိသောကြောင့် ရေရရှိရေးအခက်အခဲဖြစ်ရသည်ဟု လမ်းမတော်မြောက်ရပ်ကွက်မှ ဦးခိုင်မြတ်ကျော်က DMG ကိုပြောသည်။

“အဓိကတော့ ရေကြည်လင်မှုမရှိဘူး။ လူတွေက အရေပြားယားယံတာတွေ၊ အဖုအထစ်ဖြစ်တာတွေ ကျန်းမာရေးရှုထောင့်က အဲလိုမျိုးတွေခံရတယ်။ ဗျိုင်းဖြူရွာကကန်ရေဖြစ်လို့ ရေကနောက်ကျိပြီး ရွံ့ရေလိုတွေချည်းပဲ။ အလုပ်လုပ်ကြတဲ့လူတွေအနေနဲ့လည်း ဒုက္ခအများကြီးရောက်ပြီး အခက်အခဲတွေအများကြီးဖြစ်တယ်။ လုပ်စားကိုင်စားရတာလည်း အဆင်မပြေဘူးလေ။ ရေကိုပဲလုံးပန်းနေရတယ်။ မနက်အာရုံလာလာ၊ နေ့ခင်းလာလာ အဲဒီရေရှိတဲ့နေရာကိုပဲသွားနေကြရတယ်”ဟု ၎င်းကဆိုသည်။

ထို့အပြင် လမ်းမတော်တောင်ရပ်ကွက်တွင်လည်း သင်္ကြန်မတိုင်မီကပင် ကြည်လင့်သည့်ရေမရရှိတော့ဘဲ ယခုရက်ပိုင်း ရရှိသည့်‌ရေများမှာ နောက်ကျိနေသဖြင့် အပြင်ကသောက်ရေဗူးကြီးများကိုဝယ်သုံးနေရကြောင်း အဆိုပါရပ်ကွက်တွင်နေထိုင်သူ ဒေါ်မလှဖြူက ပြောသည်။

“အခုတော့ ဗျိုင်းဖြူရွာရေကန်ကပေးနေတယ်။ ရေကြိုင်မရတာက သင်္ကြန်မကျခင်ကတည်းကပါ။ ရေကိုအကြိုင်ခံပြီးသုံးနေရတယ်။ အဝတ်လျှော်ဖွတ်ဖို့တော့ ကောင်းပါတယ်။ အိမ်မှာဆိုရင် ရေသန့်ဗူးကြီးတွေဝယ်ပြီး ရေပူတည်ရတယ်။ ထမင်းချက်တာတွေမှာထည့်တယ်။ ငါးတွေဟင်းတွေချရင် ရေသန့်ထည့်ရတယ်။ ရေအကြိုင်လိုချင်ရင် အပြင်ကဝယ်သုံးရတယ်“ဟု ၎င်းကဆိုသည်။

ထိုသို့ရေအခက်အခဲဖြစ်ပေါ်နေသောကြောင့် အဝီစိရေတွင်းတူးမည်ဆိုလျှင်လည်း ဓညဝတီ၊ လမ်းမတော်မြောက်ရပ်ကွက်၊ မကျဉ်းမြိုင်၊ ကန်တော်ကြီးရပ်ကွက်ရှိ တစ်ချို့နေရာများတွင် ရေမထွက်သောကြောင့် ရေပြဿနာကိုဖြေရှင်းရန် အခက်အခဲဖြစ်နေကြသည်။

စစ်တွေမြို့ ကန်တော်ကြီးအကွက်(၅)တွင်နေထိုင်သူ မလှနွဲ့ယီက “သောက်ရေကို ရေသန့်ဗူးကြီးတွေမှာပြီး သောက်ကြရပါတယ်။ အိမ်နားမှာက ကျောက်တွေချည်းပဲဖြစ်လို့ ရေတူးလို့မရဘူး။ ရွာထဲမှာတော့ ရေပေးတဲ့လူတွေရှိတယ်။ တစ်လကိုတော့ ၂ ၂သာင်းခွဲ ၃ သောင်းပေးရပါတယ်။ ဒီကန်တော်ကြီးကရေတွေက ကျွန်မတို့ဆီကို လုံးဝပိုက်လိုင်းနဲ့လည်းမရောက်ပါ။ ကန်တော်ကြီးအနီးမှာနေပြီး ဒီကန်ကရေကိုမသောက်ဖူးတဲ့လူတွေ အများကြီးရှိပါတယ်”ဟု ပြောသည်။

ရေနှင့်ပတ်သက်ပြီး အမြဲတမ်းစိုးရိမ်ပူပန်နေရသည့်အတွက် ရေပြဿနာကို စနစ်တစ်ခုကိုသုံးပြီးဖြေရှင်းစေချင်ကြောင်း ရွှေပြားရပ်ကွက်တွင်နေထိုင်သူ ဦးဇော်မင်းထွန်းကပြောသည်။

“ဘယ်အစိုးရပဲတက်တက်၊ ဘယ်သူပဲလာလာ ဒီ‌ရေပြဿနာကို မဖြေရှင်းနိုင်ကြဘူး။ ရွှေပြား၊ လမ်းမတော်က အမြဲတမ်းခံရတယ်။ ဒီပြဿနာကို ဘယ်လိုစနစ်တစ်ခုနဲ့ဖြေရှင်းမယ်ဆိုတာလည်း အဲဒီလုပ်တဲ့ကိုင်တဲ့သူတွေပဲသိမှာပေါ့”ဟု ၎င်းကပြောသည်။

မြို့ထဲတွင် ရေပြတ်လပ်မှုမရှိအောင် ရေကားများဖြင့် လှည့်လည်ပေးနေကြောင်း၊ လာမည့်နှစ်တွင် ရေဖူလုံမှုရှိစေရန်ကြိုပမ်းနေကြောင်း ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းကပြောသည်။

“ကျွန်တော်တို့ တာဝန်ယူရတဲ့ကာလကလည်း တိုတောင်းနေသေးတော့ ရေကိစ္စနဲ့ပတ်သက်ပြီး အလုံးစုံမစီမံနိုင်သေးပါဘူး။ ဒါပေမဲ့ ဒီနှစ်ထဲ မြို့ထဲမှာရေမပြတ်အောင် ရေကားတွေနဲ့ ရေလှည့်ပေးတာ။ အဝီစီရေတွင်းတွေက ရေတွေနဲ့ဖြည့်ပေးတာတွေတော့ လုပ်နေပါတယ်။ နောက်နှစ်မှာ ရေဖူလုံဖို့အတွက်လည်းကြိုးပမ်းနေပါတယ်”ဟု ၎င်းကပြောသည်။

ထိုကဲ့သို့ အဓိကရေပေးဝေသည့်ကန်များမှ ရေခမ်းခြောက်လာမှုများကြောင့် ရွှေပြား၊ လမ်းမတော်မြောက်၊ လမ်းမတော်တောင်၊ ဆင်ကူးလမ်း၊ အုန်းတပင်၊ ရွာကြီးမြောက်၊ ရွာကြီးတောင်၊ မကျည်းမြိုင်ရပ်ကွက်ရှိ တချို့နေရာများ၊ ဓညဝတီရပ်ကွက် အစရှိသည့်ရပ်ကွက်များတွင် ရေအခက်အခဲများကို အများဆုံးကြုံတွေ့နေကြရသည်။