- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
တစ်ပတ်အတွင်း ရခိုင်သတင်းများစုစည်းမှု (၂၀၂၂ ခုနှစ် ဇွန်လ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ)
- ချင်းပြည်နယ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ စစ်ရေးတင်းမာနေမှုကြောင့် ပလက်ဝမြို့ပေါ်ရှိ စစ်ဘေးရှောင်များမှာ နေထိုင်စားသောက်ရေး ပိုမိုကျပ်တည်းလာနေကြောင်း စစ်ဘေးရှောင်စခန်း တာဝန်ရှိသူများထံမှ သိရသည်။
08 Jun 2022
ဇွန် ၁
- ရခိုင်ပြည်နယ် ဂွမြို့နယ်နှင့် သံတွဲမြို့နယ်တို့တွင် ဇွန်လ ၁ ရက်နေ့ ည ၁၁ နာရီ ၁၅ မိနစ်ခန့်က အင်အားအသင့်အတင့်ရှိသည့် မြေငလျင်တစ်ခုလှုပ်ခတ်သွားခဲ့သည်။
- မြောက်ဦးမြို့၊ နန်းတော်ကုန်းပေါ်ရှိ မြောက်ဦးခေတ်လက်ရာ ရုပ်တုနှစ်ခုဖြစ်သည့် ဓက္ကားမင်း(ခေါ်) အဖိုးရှင်နတ်မောင်နှင့် မြောက်ဦးနန်းသူဂမှုံးဖြူ ရုပ်တနှစ်ခုကို မျက်စိများဖောက်ထုတ်ခြင်း၊ နှာခေါင်းနှင့်မျက်နှာများကို ဖျက်ဆီးခြင်း ခံခဲ့ရသည်။
- ရခိုင်တွင် မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် ရသေ့တောင်မြို့နယ် အငူမော်မှ ဘူးသီးတောင်မြို့သို့ ဆက်သွယ်ထားသည့်ကားလမ်းမှာ ဆိုးဝါးစွာပျက်စီးနေသဖြင့် ခရီးသည်များနှင့် ယာဉ်မောင်းများ သွားလာရာတွင် အခက်အခဲနှင့်ရင်ဆိုင်နေရသည်။
- ရခိုင်ပြည်အပါအဝင် ပြည်တွင်းလေကြောင်းလိုင်းများဖြင့် လေယာဉ်လိုက်ပါစီးနင်းမည့် ခရီးသည်များ အနေနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံထားသည့် ဆေးထိုးလက်မှတ်တင်ပြနိုင်ပါက ကိုဗစ်စစ်ဆေးရန်မလိုအပ်ဘဲ လေယာဉ်စီးခွင့်ပြုကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဇွန်လ (၁) ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
ဇွန် ၂
- အခြေခံပညာကျောင်းများကို ဇွန်လ ၂ ရက်နေ့မှစတင် ဖွင့်လှစ်ထားပြီဖြစ်သောကြောင့် မိမိတာဝန်ကျရာ စာသင်ကျောင်းများသို့ မရောက်ရှိသည့် ဆရာ၊ဆရာမများကို နိုင်ငံ့ဝန်ထမ်းဥပဒေဖြင့် အရေးယူသွားမည်ဟု ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ သတိပေးခဲ့သည်။
- ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည့်သံသယဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ အိုင်ဒင်ကျေးရွာမှ ကိုနေလင်းဌေး(၂၅ နှစ်)နှင့် ကိုမောင်စောအေး(၃၂)နှစ်တို့ နှစ်ဦး၏အမှုကို အမိန့်ချမည့်ရက်ထပ်မံရွှေ့ဆိုင်းခဲ့သည်။
- အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုရင်ဆိုင်နေရသည့် တောင်ကုတ်မြို့နယ်၊ ဆားပြင်ကျေးရွာမှ ကိုသန်းနိုင်၊ ချက်ဖေါက်ကျေးရွာမှ ကိုကျော်တင်အောင်၊ ကိုနေရဲဝင်း(ခ)ငမော့၊ ကိုဌေးမောင်၊ မအီမြို့မှ ကိုသန်းဇော်ဌေး၊ ကိုသန်းဇော်ဇော်တို့ အမှုကို တရားလိုသက်သေများမရောက်ရှိ၍ ရုံးချိန်းထပ်ရွှေ့ဆိုင်းခဲ့သည်။
- ရခိုင်ပြည်တွင် ဇွန်လ ၂ ရက်နေ့က အခြေခံပညာစာသင်ကျောင်း ၃၀၀၀ ကျော်ဖွင့်လှစ်ခဲ့ပြီး ကျောင်းသား/သူ ၄ သိန်းကျော် ကျောင်းအပ်နှံ့ထားပြီဖြစ်သော်လည်း စစ်တွေမြို့နယ်ရှိ ကမန်တိုင်းရင်းသား အထက်တန်းကျောင်းသားများမှာ ကျောင်းအပ်ခွင့်မရရှိဖြစ်နေကြောင်း သိရသည်။
ဇွန် ၃
- စစ်အာဏာသိမ်းပြီးနောက် ကုန်ဈေးနှုန်းများ တစ်ဟုန်ထိုးမြင့်တက်လျက်ရှိရာ ရက္ကန်းထည်လုပ်ငန်းတွင် အသုံးပြုသည့် ကုန်ကြမ်းပစ္စည်းများမှာလည်း ဈေးနှုန်းမြင့်တက်နေသောကြောင့် လုပ်ငန်းလည်ပတ်ရန် အခက်တွေ့နေကြသည်။
- ထောင်ဒဏ်သုံးနှစ်ချမှတ်ခံထားရသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့ခံ ကိုတင်ထွန်းအောင်၏ အယူခံတင်ထားသည့်အမှုကို မတူပီခရိုင်တရားရုံးက လာမည့်ရုံးချိန်းတွင် အပြီးသတ်အမိန့်ချရန် ချိန်းဆိုခဲ့သည်။
- ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ဝါးတောင်ကျေးရွာ စစ်ဘေးရှောင်စခန်းတွင် လက်ရှိနေထိုင်သည့် မြေနေရာကို ဆက်လက်ငှားရမ်း၍ အဆင်မပြေတော့သဖြင့် စစ်ဘေးရှောင်များ နေအိမ်ဆောက်ခွင့်မရရှိဘဲ အခက်ကြုံနေကြရသည်။
- ရခိုင်တွင် မူလတန်းကျောင်းသား၊ ကျောင်းသူပေါင်း ၃ သိန်းကျော်ကို ကိုဗစ်ကာကွယ်ဆေး စတင်ထိုးပေးနေပြီဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဇွန် ၄
- ချင်းပြည်နယ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ စစ်ရေးတင်းမာနေမှုကြောင့် ပလက်ဝမြို့ပေါ်ရှိ စစ်ဘေးရှောင်များမှာ နေထိုင်စားသောက်ရေး ပိုမိုကျပ်တည်းလာနေကြောင်း စစ်ဘေးရှောင်စခန်း တာဝန်ရှိသူများထံမှ သိရသည်။
- ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၏ ဥက္ကဋ္ဌ ခိုင်မိုးလင်း ကျဆုံးခြင်း ဝမ်းနည်းဖွယ်အခမ်းအနားကို စစ်တွေမြို့၊ အိန္ဒိယ-ရခိုင်နယ်စပ်နှင့် ဘဂ်လားဒေ့ရှ်-ရခိုင် နယ်စပ်နေရာများတွင် ဇွန်လ ၄ ရက်နေ့ နံနက်ပိုင်းတွင်ပြုလုပ်ခဲ့ကြသည်။
- ချင်းပြည်နယ်၊ ပလက်ဝမြို့၊ မြို့မရပ်ကွက်မှ အသက် ၅၇ နှစ်အရွယ် ဦးမောင်မဲကျော့အား ဇွန်လ ၄ ရက်နေ့ ည ၉ နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
- ရခိုင်ပြည်၊ ကျောက်ဖြူမြို့၊ သမ္ဗာန်ချောင်းရပ်ကွက် အမှတ် (၃) ဖောင်တော်အနီးတွင် ဇွန်လ ၄ ရက်နေ့က အစ်ကိုဖြစ်သူ အသက် ၁၅ နှစ်အရွယ် မောင်ပိုင်စိုးမိုးနှင့် ညီဖြစ်သူ အသက် ၁၀ နှစ်အရွယ် မောင်စိုးမိုးတို့နှစ်ဦးမှာ ရေနစ်၍သေဆုံးမှုဖြစ်ပွားခဲ့သည်။
- ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ တစ်မိုင်ကုန်းစစ်ဆေးရေးဂိတ်တွင် လုံခြုံရေးယူနေကြသည့် စစ်ကောင်စီ တပ်သားများက ကားသမားများကို ဘီယာဝယ်တိုက်ခိုင်းခြင်း၊ ဖုန်းဘေဝယ်ခိုင်းခြင်းတို့ကို နေ့စဉ်နေ့တိုင်း ပြုလုပ်ခိုင်းနေသဖြင့် ကားသမားများအနေဖြင့် အထူး စိတ်အနှောင့်အယှက် ဖြစ်နေကြရသည်ဟုသိရသည်။
- ရသေ့တောင်မြို့နယ် မယူကမ်းဒေသရှိ အောင်ဗလကျေးရွာအတွင်း စစ်ကောင်စီတပ်သား ၂၀ ခန့်ဝင်ရောက်လာပြီး တစ်အိမ်ဝင် တစ်အိမ်ထွက်စစ်ဆေးမှု ပြုလုပ်ခဲ့ကြသည်။
ဇွန် ၅
- ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့သဘာဝပတ်ဝန်းကျင်နေ့ အထိမ်းအမှတ်အဖြစ် All Arakan Youth Organizations Network နှင့် ရခိုင်ပြည်ကျောင်းသားသမဂ္ဂအဖွဲ့တို့မှဦးစီးကာ လူငယ်များဖြင့် စစ်တွေမြို့၊ ရွှေပြည်သာရပ်ကွက်၊ ဗျိုင်းဖြူရွာတစ်လျှောက်နှင့် ရွှေမင်းဂံဆင်းလမ်းတစ်လျှောက်တို့တွင် သစ်ပင်များစိုက်ပျိုးခဲ့ကြသည်။
- ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကုန်ဘောင်အုပ်စု၊ ရမ်းပေါက်ကုန်ဘောင် ကျေးရွာတွင် နှစ်စဉ်ကျင်းပလေ့ရှိသည့် အမျိုးဆွေရွာလည်ပွဲကို ဇွန်လ ၄ ရက်နေ့နှင့် ၅ ရက်နေ့တို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။
- ရခိုင်ပြည်နယ်၊ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ဖက် နိုင်ငံဘင်္ဂလားဒေ့ရှ်နှင့် ယခုနှစ် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ မေလအထိ ၅လအတွင်း အမေရိကန် ဒေါ်လာ ၁၂ သန်းကျော်ထိ ကုန်သွယ်နိုင်ခဲ့သည်ဟု သိရသည်။
- ရက္ခိုင်မျိုးစောင့်လူငယ်များအဖွဲ့နှင့် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂတို့ မဟာမိတ်အဖြစ် ဖွဲ့စည်းကြောင်း ဇွန် ၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
- ရခိုင်တွင် စပါးအထွက်နှုန်းကောင်းသည့် မျိုးသန့်စပါး မျိုးစေ့ကို ထုတ်လုပ်နေသည့် ဓညဝတီတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ယခုနှစ် စိုက်ပျိုးရာသီတွင် မျိုးစေ့ထုတ် မျိုးသန့်စပါး ဧက ၂၀၀ နီးပါးကို တိုးချဲ့ စိုက်ပျိုးသွားမည်ဟု သိရသည်။
- ရခိုင်ပြည်နယ်အတွင်းရှိ မြိုလူမျိုးဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြားလူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် မြိုလူငယ်ကိုယ်စားလှယ်များတွေ့ဆုံပွဲက ဆုံးဖြတ်ခဲ့ကြသည်။
- ရခိုင်ပြည်၊ စစ်တွေမြို့တွင် အကြိမ်(၅၀)မြောက် စစ်တွေမြို့နယ်ဌာနပေါင်းစုံ ဗုဒ္ဓဘာသာဝင်အငြိမ်းစားများအသင်း မျက်နှာစုံညီအစည်းအဝေးကို ဇွန်လ ၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
ဇွန် ၆
- ကျောက်ဖြူမြို့နယ်တွင် ငါးလုပ်ငန်းဦးစီးဌာနမှ ခွင့်ပြုထားသော ကမ်းဝေးငါးဖမ်းစက်လှေ ၄၇ စီးရှိသည့်အနက် ၁၆ စီးမှာ ဆီဈေးနှုန်းမြင့်တက်နေသောကြောင့် လုပ်ငန်းမလည်ပတ်နိုင်သေးကြောင်း ကျောက်ဖြူခရိုင်ငါးလုပ်ငန်းဦးစီးဌာနနှင့် ရေလုပ်ငန်းရှင်များထံက သိရသည်။
- ရက္ခိုင့်တပ်တော် (AA) အတွက် ရန်ပုံငွေကောက်ခံပေးသည်ဟု စွပ်စွဲချက်ဖြင့် ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက်မှ ဦးသန်းလှိုင် (၄၁) နှစ်နှင့် ဒေါ်ခင်အုန်းနွဲ့ (၅၆) နှစ်တို့ကို ဖမ်းဆီးစစ်ဆေးနေပြီး လက်ရှိ ရက်ပေါင်း ၁၀ ကျော်ကြာသည့်တိုင် မိသားစုဝင်များနှင့် တွေ့ခွင့်မရသေးကြောင်း သိရသည်။
- ရခိုင်ပြည်၊ စစ်တွေအပါအဝင် တခြားမြို့နယ်များတွင် စက်သုံးဆီများ လိုသလောက် ဝယ်မရသည့် အခြေအနေနှင့်ရင်ဆိုင်နေရပြီး ဈေးနှုန်းများမှာလည်း အလွန်မြင့်တက်လျက် ရှိနေသည်။
- မီးရှိုးခံလိုက်ရသည့် ကျောက်တော်မြို့နယ်မှ ဘုရားပေါင်းနှင့် တောင်ပေါက်ကျေးရွာမှ ဆောက်လုပ်မပြီးစီးဘဲ ကျန်ရှိနေသည့် နေအိမ် ၁၄၄ အိမ်ကို ဇွန်လမကုန်မီ အပြီးဆောက်လုပ်ပေးရန် ကျေးရွာသားများက လိုလားနေကြသည်။
- ငွေသဇင်ဖောင်ဒေးရှင်းက ဦးဆောင်ပြီး ပထမဆုံးအကြိမ်မြောက် ငွေသဇင်စာပေဆုချီးမြှင့်ပွဲကို ဇွန် ၆ ရက် နေ့လယ် ၁နာရီအချိန်ခန့်က ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ မင်းဘာကြီးလမ်းရှိ ရခိုင်သမိုင်းသုတေသီ ဆရာတော်အရှင်ကုသလ (ငွေသဇင်)သီတင်းသုံးတော်မူခဲ့သော အောင်မြေသာစည် ပရိယတ္တိစာသင်တိုက်အတွင်းပြုလုပ်ကျင်းပခဲ့သည်။
- ရခိုင်ပြည်နယ် ရမ်းဗြဲမြို့တွင် စိတ်မူမမှန်သည့် ရဲဒုတပ်ကြပ်ဟောင်း ဦးအောင်ထွန်းထွန်း(၅၁ နှစ်)မှာ ရမ်းဗြဲ မြို့နယ်တရားသူကြီး ဦးထွန်းထွန်းမြိုင်၏ ရိုက်နှက်မှုကိုခံရပြီးနောက် ထောင်ဒဏ် ၂ လ ချမှတ်ခံလိုက်ရသည်ဟု သိရသည်။
ဇွန် ၇
- တိုက်ပွဲဖြစ်ပွားပြီးနောက် မြန်မာစစ်တပ်၏ ခေါ်ဆောင်ခြင်းခံခဲ့ရသည့် ပလက်ဝမြို့နယ်၊ အဘောင်သားကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးသာထွန်းအောင်မှာ နှစ်ပတ်ခန့်ကြာသည့်တိုင် လွတ်မြောက်လာခြင်းမရှိသေးကြောင်း ဒေသခံများထံမှသိရသည်။
- တောင်ကုတ်မြို့နယ်၊ တဲမောက် အထက (ခွဲ) တွင် ဆရာ/မများ နားနေခန်းပြိုကျ၍ ကျောင်းဆရာမတစ်ဦး ဦးခေါင်းထိခိုက်ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့သည်။
- က္ခိုင့်အမျိုးသားအဖွဲ့ချုပ်၊ရက္ခိုင့်တပ်တော်(ULA/AA)၏ တတိယအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို လာမည့်ဇွန်လ ၁၄ ရက်နေ့ နံနက် ၁၀ နာရီတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ULA/AA ၏ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
- ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များရှိသော မြောက်ဦးဒေသကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း (UNESCO-ယူနက်စကို) ဝင်နိုင်ရေးအတွက် အဆိုပြုလွှာမူကြမ်းကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလက တင်သွားခဲ့ပြီးနောက် ယခုနှစ် စက်တင်ဘာလတွင် နိုင်ငံတကာအထိမ်းအမှတ်အဆောက်အအုံနှင့် နေရာဒေသများကောင်စီ (International Council on Monuments and Sites – ICOMOS) အဖွဲ့က မြောက်ဦးမြို့ကို လာရောက်စစ်ဆေးတော့မည်ဟု သိရသည်။
- အလှူရှင်များလာရောက်လှူဒါန်းမှုနည်းပါးမှုနှင့် စစ်ကောင်စီ၏ မဖြစ်စလောက်ထောက်ပံ့မှုတို့ကြောင့် ရခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်များမှာ စားနပ်ရိက္ခာပြတ်လပ်မှုများနှင့်ရင်ဆိုင်နေရပြီး အရေးပေါ်အကူအညီများ လိုအပ်နေကြသည်။
- စက်သုံးဆီဈေးနှုန်းများ အဆမတန်မြင့်တက်လာမှုကြောင့် ရခိုင်ပြည်နယ်တွင် ပြေးဆွဲနေကြသည့် ကုန်းလမ်းကြောင်း ရေကြောင်းခရီးစဉ်ဈေးနှုန်းများမှာ ယခင်ကထက် ၂၅ ရာခိုင်နှုန်းကျော် တိုးမြင့်လာနေသည်။
- ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီက မတည်မငြိမ်ဖြစ်အောင်လုပ်ဆောင်နေပြီး မြန်မာစစ်တပ်၏ မည်သည့် စစ်ရေးလှုပ်ရှားမှုမျိုးကိုမဆို ကန့်ကွက်ကြောင်းနှင့် ခြိမ်းခြောက်မှုများကို လုံးဝ လက်မခံကြောင်း ရက္ခိုင့်တပ်တော် AA က ပြောဆိုခဲ့သည်။
- ရခိုင်ပြည်နယ်အတွင်း လူဦးရေ ၇၄၀၀၀ ကျော်ကို အခြေခံကျန်းမာရေးစောင့်ရှောက်မှုများ ပေးခဲ့သည်ဟု ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(OCHA)က ယနေ့ဇွန် ၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။