ရခိုင်သို့ လူဦးရေ တစ်သိန်းသုံးသောင်းကျော်စာ ကိုဗစ်ကာကွယ်ဆေးများ ထပ်ရောက်မည်

ရခိုင်ပြည်နယ်က လူဦးရေတစ်သိန်းသုံးသောင်းစာအတွက် ကိုဗစ်ကာကွယ်ဆေးများ ထပ်မံရောက်ရှိလာတော့မည်ဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

20 Sep 2021

DMG ၊ စက်တင်ဘာ ၂၀

ရခိုင်ပြည်နယ်က လူဦးရေတစ်သိန်းသုံးသောင်းစာအတွက် ကိုဗစ်ကာကွယ်ဆေးများ ထပ်မံရောက်ရှိလာတော့မည်ဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

ရောက်ရှိလာမည့် ကိုဗစ်ကာကွယ်ဆေးအမျိုးအစားမှာ တရုတ်နိုင်ငံထုတ် (Sinopharm)အမျိုးအစားဖြစ်ပြီး စက်တင်ဘာလ ၂၁ ရက်နေ့တွင် ဆေးများရောက်ရှိလာမည်ဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က DMG သို့ပြောသည်။

“မနက်ဖြန် လူဦးရေတစ်သိန်းသုံးသောင်းစာအတွက် ကာကွယ်ဆေးရောက်ဖို့ရှိတယ်။ ကာကွယ်ဆေးကတော့ တရုတ်နိုင်ငံထုတ်ကာကွယ်ဆေးပါ”ဟု ၎င်းကဆိုသည်။

အဆိုပါကိုဗစ်ကာကွယ်ဆေးများကို စစ်တွေမြို့မှ လူဦးရေ တစ်သိန်းနှင့် သံတွဲမြို့မှလူဦးရေ သုံးသောင်းခြောက်ထောင်တို့ကို ထိုးနှံပေးမည်ဖြစ်ကြောင်း ကျန်းမာရေးဌာနမှ သိရသည်။

ယင်းသို့ထိုးနှံပေးရာတွင် အသက်(၅၅)နှစ်နှင့်အထက်ရှိ ပြည်သူလူထု၊ ကျန်းမာရေးဝန်ထမ်းများ၊ ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတဝန်ထမ်းများ၊ ဘိုးဘွားရိပ်သာများမှ သက်ကြီးရွယ်အိုများ၊ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းများနှင့် သာသနာ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိကဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ ပုဂ္ဂလိကစက်ရုံနှင့် အလုပ်ရုံဝန်ထမ်းများ၊ ဟိုတယ်/ မိုတယ်၊ တည်းခိုရိပ်ခန်းများနှင့် အစား အသောက်ဝန်ဆောင်မှုလုပ်ငန်းများ၊ အကျဉ်းထောင်/အချုပ်ထောင်မှ အကျဉ်းသားများ၊ Super Market နှင့် ဈေးများ၊ EAO များ၊ ရွှေ့ပြောင်းလူအုပ်စုများနှင့် ယာယီစခန်းများ၊ နာတာရှည်ရောဂါရှိသူများကို ထိုးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၄ ရက်နေ့က ရောက်ရှိလာသည့် တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးအလုံးရေ(၁၈၀၀၀)လုံးအား ရခိုင်က လူဦးရေကိုသောင်းကျော်ကို ထိုးပေးလျက်ရှိကြောင်း သိရသည်။

“အဲဒီဆေးတွေကို အခုထိုးနေပါတယ်။ ပြည်သူတွေကိုပြောချင်တာကတော့ ကာကွယ်ဆေးထိုးပြီးပြီဆိုပြီတော့ မပေါ့ဆသင့်ဘူး။ အဲဒါကြောင့် ကာကွယ်ဆေးထိုးပြီးတဲ့သူတွေလည်း ကိုဗစ်စည်းကမ်းတွေကိုလိုက်နာဖို့လိုပါတယ်”ဟု ဒေါက်တာစိုးဝင်းပိုင်ကပြောသည်။

ကိုဗစ်ကာကွယ်ဆေးထိုးသူများမှာ ကိုဗစ်ရောဂါကို ၇၀ ရာခိုင်းနှုန်းမှ ၉၀ ရာခိုင်နှုန်းကျော်အထိ ကာကွယ်ပေးနိုင်ကြောင်း ကျန်းမာရေးဌာန တာဝန်ရှိသူများက ပြောဆိုထားသည်။

ရခိုင်ပြည်နယ်တွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှစ၍ Covid-19 ကာကွယ်ဆေးထိုးနှံသူ တစ်သိန်းတစ်သောင်းကျော်ရှိကြောင်း ပည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။