ကြားဖြတ်သတင်း
- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
တစ်ပတ်အတွင်း ရခိုင်သတင်းများစုစည်းမှု (၂၀၂၂ ခုနှစ် မေလ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့ထိ)
ရခိုင်ပြည်တွင် စိုက်/ဘဏ်ချေးငွေပြန်ဆပ်သူနည်းပါးသည့်အတွက် ယခုနှစ်ချေးငွေထုတ်ချေးရာတွင် ယခင်နှစ်ထက်လျော့နည်းသွားကာ ငွေကျပ်သန်းကိုးထောင်ကျော်သာ ထုတ်ချေးနိုင်မည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရခိုင်ပြည်နယ်ဘဏ်ခွဲ)မှ သိရသည်။
23 May 2022
မေ ၁၆
- ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့တွင် ရိုးရာလှေလှော်ပြိုင်ပွဲကို မေလ ၁၆ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
- အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ရက္ခိုင့်တပ်တော်(ULA/AA)တို့ မေလ ၁၆ ရက်နေ့တွင် အွန်လိုင်းမှ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း NUG အစိုးရ၏ ယာယီသမ္မတ ဒူဝါလရှီးလက ၎င်း၏လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။
- အမ်းမြို့နယ်၊ ဒါးလက်ချောင်းကျေးရွာအုပ်စုသို့ ဆန်သယ်ယူခွင့်ကို မေလ ၆ ရက်နေ့မှစတင်ကာ စစ်ကောင်စီမှကန့်သတ်ထားပြီး လက်ရှိအချိန်ထိ ဆန်သယ်ယူခွင့်မရရှိသေးကြောင်း ဒေသခံများက ပြောဆိုကြသည်။
- ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ရှိ ပြည်လုံးချမ်းသာစစ်ဘေးရှောင်စခန်းမှ မောင်မောင်ညို (၁၇)နှစ်၊ မောင်အောင်မျိုးခန့် (၁၅)နှစ်နှင့် မောင်နေထက်ဦး(၁၈)နှစ် လူငယ် ၃ ဦးမှာ မေလ ၁၆ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ရသေ့တောင်-ပုဏ္ဏားကျွန်းကားလမ်းရှိ ပေါက်တောပြင်စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရသည်။
မေ ၁၇
- မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံကို အဂတိမှု(၉)မှုဖြင့် ကျိုက်မရောထောင် အထူးတရားရုံးမှ ထောင်ဒဏ် ၂၃ နှစ်ချမှတ်ခဲ့သည်။
- တောင်ကုတ်ခရိုင်၊ တန်းလွဲရွာမမြို့တွင် ULA မှ တာဝန်ခံများရှိ၊ မရှိကို မြန်မာစစ်တပ်မှ ရှာဖွေမှုစစ်ဆေးမှုများ ပြုလုပ်ခဲ့သဖြင့် ဒေသခံများမှာ စိုးရိမ်ပူပန်မှုများ ဖြစ်ပွားခဲ့ရသည်။
- မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသမှ ဘုရား၊ပုထိုး၊စေတီနှင့် သာသနိက အဆောက်အအုံများကို ထိခိုက်ပျက်စီးစေသည့် ညောင်ပင်၊ နွယ်ပင်၊ ရေညှိပင်နှင့် တခြားအပင်များကို လာမည့် ဇွန်လမှစတင်ကာ ဓာတုဆေးဝါးအသုံးပြုကာ ရှင်းလင်းသွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။
- ရခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်စခန်းတချို့ကို စစ်ကောင်စီလက်အောက်ရှိ လူ/ကယ်/ပြန် ဌာနမှ ဆန်ရိက္ခာများ ပြန်လည်ထောက်ပံ့ပေးနေပြီဖြစ်သော်လည်း အချို့စခန်းများကိုမူ ထောက်ပံ့ခြင်း မရှိသေးကြောင်း သိရသည်။
- ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ လေယာဉ်ကွင်းဧရိယာနှင့် ဌာနဆိုင်ရာရုံးဟောင်းမြေနေရာများအတွင်း တည်ဆောက်ထားသည့် ရာနှင့်ချီသည့် နေအိမ်နှင့် ဈေးဆိုင်ခန်းများကို ဖယ်ရှားပေးရန် အမိန့်ထုတ်ပြန်ထားသဖြင့် ဖြိုဖျက်ပေးလိုက်ရသည်။
မေ ၁၈
- မီးလောင်မှုကြောင့် နေအိမ်များပျက်စီးဆုံးရှုံးသွားရသည့် ကျောက်တော်မြို့နယ်၊ မဟာမုနိစစ်ဘေးရှောင်စခန်းမှ မီးဘေးသင့်ပြည်သူများအတွက် အကူအညီများကို လက်ရှိစစ်ကောင်စီမှ ဖွဲ့စည်းထားသည့် ကော်မတီမှတစ်ဆင့် လှူဒါန်းရမည်ဟု ထုတ်ပြန်ခဲ့သည်။
- မိုးရာသီရောက်လာသည်နှင့်တပြိုင်နက် ဓာတ်လိုက်မှုများကြောင့် သေဆုံး၊ဒဏ်ရာရရှိမှုများ များပြားလာရာ စစ်တွေမြို့နယ်တွင်လည်း ယခုလ ၁၈ ရက်နေ့အထိ ဓာတ်လိုက်သေဆုံးသူ ၅ ဦးအထိရှိကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။
- အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ ရက္ခိုင့်တပ်တော်(ULA/AA) တို့ကြား တွေ့ဆုံဆွေးနွေးမှုရှိသော်လည်း စစ်ကောင်စီက လတ်တလောတွင် ရခိုင်ပြည်အတွင်း စစ်မျက်နှာဖွင့်မည်မဟုတ်ကြောင်း နိုင်ငံရေးအကဲခက်သူတို့က သုံးသပ်ပြောဆိုကြသည်။
- စစ်အာဏာသိမ်းမှုနောက်ဆက်တွဲကြောင့် တိုင်းပြည်သည်အဖက်ဖက်မှာ အားလုံး ယိုယွင်းပျက်စီးခဲ့ရသည်ဟု ဗမာနိုင်ငံလုံးဆိုင်ရာကျောင်သားများသမဂ္ဂအဖွဲ့ချုပ်(ဗကသ)၏ တာဝန်ရှိသူများက ပြောဆိုခဲ့သည်။
- ပါတီတွင်း အကျပ်အတည်းများနှင့် ရင်ဆိုင်နေရသည့် ရခိုင်အမျိုးသားပါတီ(ANP)သည် ထိုပြဿနာများကို ကျော်လွှားရန်အတွက် အရေးပေါ်ညီလာခံပြုလုပ်မည်ဖြစ်သဖြင့် ညီလာခံကျင်းပရေး ပြင်ဆင်မှုကော်မတီကို မေလ ၁၈ ရက်နေ့က ဖွဲ့စည်းခဲ့သည်။
မေ ၁၉
- ရခိုင်ပြည်တွင် စိုက်/ဘဏ်ချေးငွေပြန်ဆပ်သူနည်းပါးသည့်အတွက် ယခုနှစ်ချေးငွေထုတ်ချေးရာတွင် ယခင်နှစ်ထက်လျော့နည်းသွားကာ ငွေကျပ်သန်းကိုးထောင်ကျော်သာ ထုတ်ချေးနိုင်မည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရခိုင်ပြည်နယ်ဘဏ်ခွဲ)မှ သိရသည်။
- ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟု သံသယဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ပုဏ္ဏားကျွန်းမြို့နယ်မှ ကိုညီညီအောင်(၂၄)နှစ်၊ ကိုအောင်မျိုးလင်း (၂၄)နှစ်၊ ကိုမောင်ချေ (၂၄) နှစ်၊ ကိုမင်းစိုး(၃၈)နှစ်နှင့် မြောက်ဦးမြို့နယ်၊ ဇီးပင်ကြီးကျေးရွာမှ ကိုကျော်ဝင်းဟိန်း (၂၂) နှစ်တို့၏အမှုကို မေလ ၁၉ ရက်နေ့တွင် စစ်တွေခရိုင်တရားရုံးမှ အမိန့်ချမှတ်ရန် ချိန်းဆိုထားသော်လည်း အမိန့်မချဘဲ ရုံးချိန်းထပ်မံရွှေ့ဆိုင်းခဲ့သည်။
- လတ်တလော ရက္ခိုင့်တပ်တော်(AA)၏ ပြောဆိုချက်များသည် တိုက်ပွဲခေါ်နေသည့်ပုံစံမျိုး ဖြစ်နေသည်ဟုဆိုကာ ရခိုင်ပြည်တွင် ပြဿနာများဖြစ်ပေါ်ပါက မြန်မာစစ်တပ်အား အဆိုးမဆိုရန် စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကပြောကြားခဲ့သည်။
- သယ်ယူပို့ဆောင်ရေးကန့်သတ်ခံထားရသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ကုန်ပစ္စည်းဈေးနှုန်းများ အဆမတန် မြင့်တက်လျက်ရှိပြီး ဓာတ်ဆီတစ်လီတာလျှင် ငွေကျပ် ၃၅၀၀ အထိမြင့်တက်နေသည်။
- စစ်ကောင်စီဥက္ကဋ္ဌကိုယ်တိုင် ဆွေးနွေးရန်ဖိတ်ခေါ်ထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် တွေ့ဆုံဆွေးနွေးရာ၌ ရလာဒ်ကောင်းတစ်ခု ထွက်ပေါ်သည်အထိ ဆွေးနွေးသွားမည်ဖြစ်ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက မေလ ၁၉ ရက်နေ့တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
- ယခု မေလနောက်ဆုံးပတ်တွင် ရခိုင်ဒေသသို့ မုတ်သုံဝင်ရောက်နိုင်ကြောင်း မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက DMG သို့ပြောခဲ့သည်။
မေ၂၀
- စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းတွင် ဒေါ်လာဈေး ထိန်းချုပ်မှုတို့ကြောင့် ရွှေဈေးများ ဆက်တိုက်မြင့်တက်နေပြီး လက်ရှိမှာ ရွှေကို ဝယ်ယူသူနည်းပါးကာ ပေါင်နှံသူများလာနေကြောင်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ရွှေဆိုင်လုပ်ငန်းရှင်များထံမှ သိရသည်။
- ချင်းပြည်နယ် ပလက်ဝမြို့မှ ရခိုင်ပြည်နယ် ကျောက်တော်မြို့သို့ သွားလာနေသည့် စက်လှေခဈေးနှုန်းများ အဆမတန်မြင့်တက်နေမှုကြောင့် ပလက်ဝဒေသခံများမှာ စီးပွားရေး၊ လူမှုှရေးကဏ္ဍတို့၌ များစွာအခက်အခဲဖြစ်နေကြရသည်။
- အမ်းမြို့နယ်၊ ဒါးလက်ချောင်းအုပ်စု အလယ်ကျွန်းကျေးရွာဒေသခံများကို ဥယျာဉ်ခြံမြေသို့မသွားကြရန် စစ်ကောင်စီမှ မေလ ၁၉ ရက်နေ့တွင် တားမြစ်ခဲ့ပြီး မေလ ၂၀ ရက်နေ့နံနက်က အကန့်အသတ်ဖြင့် ပြန်လည်သွားလာခွင့်ပြုခဲ့သည်။
- ရက္ခိုင့်တပ်တော်(AA)၏ ပြောဆိုချက်များသည် တိုက်ပွဲခေါ်သည့်ပုံစံမျိုးဖြစ်နေပြီး ပြဿနာဖြစ်လာလျှင် မိမိတို့ကို အဆိုးမဆိုရန် စစ်တပ်ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောဆိုချက်မှာ ပြည်သူများကို တိုက်ရိုက်ခြိမ်းခြောက်ခြင်းဟု ရက္ခိုင့်တပ်တော် AA ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခက တုန့်ပြန်ခဲ့သည်။
- အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၂(က)ဖြင့် တရားရင်ဆိုင်နေရသည့် သံတွဲမြို့မှ လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့ကို မေလ ၂၀ ရက်နေ့ ရုံးချိန်းတွင် သံတွဲမြို့နယ်တရားရုံးမှ အလုပ်နှင့်ထောင်ဒဏ် ၃ နှစ်စီကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။
- နိုင်ငံတော်အကြည်အညိုပျက်စေမှုဥပဒေပုဒ်မ- ၅၀၅(ခ)ဖြင့် တရားစွဲဆိုခံထားရသည့် သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂျိတ္တောရပ်ကွက်မှ အသက် ၂၆ နှစ်အရွယ် ကိုဟန်မျိုးသူရိန်ကို မေလ ၂၀ ရက်နေ့ ရုံးချိန်းတွင် သံတွဲမြို့နယ်တရားရုံးက ထောင်ဒဏ်တစ်နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။
- ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှ ဖမ်းဆီးခံရထားသည့် ဘောဒူဖ(မွတ်ဆလင်)ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရော်ဘီနှင့် ကြက်ကိုင်းတန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းလှစိန်တို့ကို သစ်တောဥပဒေပုဒ်မ- ၄၁(က)ဖြင့် အမှုဖွင့်ကာ အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သည်။
မေ ၂၁
- လက်ရှိကာလတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ စစ်ရေးတင်းမာလာမှုများနှင့် သဘောထားတင်းမာမှုများ ပိုမိုမြင့်တက်လာသဖြင့် ရခိုင်တွင် တစ်ကျော့ပြန်တိုက်ပွဲဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။
- ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ပြန်လည်ပြေးဆွဲနေသော ပြည်တော်သာ-ရေချမ်းပြင်ရထားလမ်းပိုင်းကို ယခင်က တွဲဆိုင်းတစ်ဆိုင်းတည်းဖြင့် ပြေးဆွဲခဲ့သော်လည်း လာမည့်အပတ်မှစတင်ကာ တွဲဆိုင်းနှစ်ခု ထပ်တိုးပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား-တိုင်းခွဲ(စစ်တွေ)မှ သိရသည်။
- ရခိုင်ပြည်နယ်အတွင်း မေလ ၂၁ ရက်နေ့ကတိုက်ခတ်ခဲ့သော မိုးသက်လေပြင်းကြောင့် မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်များရှိ စစ်ဘေးရှောင်နေအိမ်များ ပျက်စီးခဲ့သဖြင့် အကူအညီများ လိုအပ်နေသည်။
- မေလ ၂၁ ရက်နေ့က လေပြင်းတိုက်ခိုက်မှုဖြစ်စဉ်ကြောင့် ပေါက်တောမြို့နယ် ကျောက်မောင်းကျေးရွာမှ ရေလုပ်သား ကိုငယ်မောင်ချေ (၂၈ နှစ်)နှင့် ကိုနုစိန်အောင် (၂၅ နှစ်)တို့မှာ ရွာအရှေ့ဘက် မြစ်ပြင်ထဲ၌ ငါးဖမ်းနေစဉ် စက်လှေတိမ်းမှောက်ကာ သေဆုံးသွားခဲ့သည်။
မေ ၂၂
- ရခိုင်မော်ဒန်ကဗျာများ ရှင်သန်ဖွံဖြိုးတိုးတက်လာစေရန်ရည်ရွယ်ပြီး ရသေ့တောင်မြို့၊ စေတီတောင်ဓမ္မာရုံတွင် ကဗျာရွတ်ပွဲတော်ကို မေလ ၂၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ နှစ်ရက်ကြာ ကျင်းပခဲ့ပြီး ရခိုင်ပြည်တွင်းက မော်ဒန်ကဗျာဆရာ/မ များ အသီးသီးတက်ရောက်ခဲ့ကြသည်။
- တောင်ကုတ်မြို့နယ် ကင်းတောင်ကျေးရွာတွင် မြန်မာစစ်တပ်မှ တပ်စွဲနေထိုင်လျှက်ရှိပြီး ရွာသားများကို ည ၁၀ နာရီမှ နံနက် ၄ နာရီအတွင်း ရွာအပြင်သို့မထွက်ရန် တားမြစ်ထားသည်။
- အမ်းမြို့နယ်အတွင်း မေလ ၂၂ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်က သေနတ်ပစ်ခတ်သံများ အဆက်မပြတ် ထွက်ပေါ်ခဲ့သဖြင့် တိုက်ပွဲဖြစ်မည်ကို ဒေသခံများစိုးရိမ်နေကြသည်။
- စစ်တွေမြို့အတွင်း သွားလာနေသည့် သဲတင်ကားများကို တာဝန်ရှိသူများမှ စနစ်တကျ ထိန်းချုပ်မှုများ ပြုလုပ်ပေးရန် ဒေသခံများက လိုလားနေကြသည်။
- မီးလောင်မှုကြောင့်ပျက်စီးဆုံးရှုံးသွားသည့် မဟာမုနိစစ်ဘေးရှောင်စခန်းတွင် နေအိမ်များပြုပြင်နိုင်ရန်အတွက် စစ်တွေတက္ကသိုလ်၌ ပညာသင်ကြားနေကြသည့် မွတ်ဆလင်ကျောင်းသား၊ ကျောင်းသူများက ငွေကျပ်(၈)သိန်းကို သွားရောက်လှူဒါန်းခဲ့သည်။