ရခိုင်တွင် အသက် ၄၀ နှင့်အထက် လူဦးရေ ၁၇ သိန်းကျော်ကို ထပ်ဆောင်းကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးစီး

ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၁၇ မြို့နယ်တွင် အသက် ၄၀ နှင့်အထက် လူဦးရေ ၁၇၆,၀၇၉ ဦးကို ထပ်ဆောင်းကိုဗစ်ကာကွယ်ဆေး (B00STER DOSE) ထိုးနှံပြီးစီးပြီဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

23 May 2022

DMG ၊ မေ ၂၃

ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၁၇ မြို့နယ်တွင် အသက် ၄၀ နှင့်အထက် လူဦးရေ ၁၇၆,၀၇၉ ဦးကို ထပ်ဆောင်းကိုဗစ်ကာကွယ်ဆေး (B00STER DOSE) ထိုးနှံပြီးစီးပြီဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားသည့်ပြည်သူ့များကို ထပ်ဆောင်းကိုဗစ်ကာကွယ်ဆေး (BOOSTER DOSE)ထိုးနှံလျက်ရှိကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က DMG သို့ပြောသည်။

“အခုလက်ရှိကတော့ အသက် ၄၀ ကျော်အရွယ်တွေကို BOOSTER DOSE ထိုးပေးနေတယ်။ အခုထိုးထားတဲ့ ဦးရေက ၁၇ သိန်းကျော်ရှိပြီ။ နောက်ထပ်နှစ်ကြိမ်ထိုးထားတဲ့သူတွေကိုလည်း BOOSTER DOSE ထိုးပေးဖို့ လုပ်ဆောင်နေပါတယ်”ဟု ၎င်းကဆိုသည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ်ထိုးထားသူ ၁၇၂၈,၂၁၂ ဦး၊ နှစ်ကြိမ်ထိုးထားသူ ၁၃၂၃,၉၀၇ ဦးရှိကြောင်းလည်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာနမှ စာရင်းအရသိရသည်။

အဆိုပါ BOOSTER DOSE ကိုဗစ်ကာကွယ်ဆေးကို ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီး ၆ လအကြာတွင် ထိုးပေးနေခြင်းဖြစ်ကြောင်းလည်း ဒေါက်တာစိုးဝင်းပိုင်ကပြောသည်။

တတိယအကြိမ်မြောက် ကိုဗစ်ကာကွယ်ဆေး (BOOSTER DOSE)ထိုးခြင်းမှာ ပိုမိုကောင်းမွန်ပြီး ပြည်သူများ အနေဖြင့် မဖြစ်မနေထိုးသင့်ကြောင့် ရခိုင်ကိုဗစ်စောင့်ကြည့်ရေးအဖွဲ့မှ ဥက္ကဋ္ဌ ကိုထွန်းလှိုင်ကပြောသည်။

“ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားတဲ့သူတွေလည်း တတိယအကြိမ်မြောက် ကိုဗစ်ကာကွယ်ဆေး ထိုးသင့်တယ်။ ကာကွယ်ဆေးထိုးထားတာတော့ ကိုယ့်အတွက် လုံခြုံမှုရှိတာပေါ့။ ပြည်သူတွေအနေနဲ့လည်း မဖြစ်မနေထိုးသင့်တယ်လိုမြင်တယ်”ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ်ထိုးထားသူ ၆၃၆၁,၆၂၉ ဦး၊ နှစ်ကြိမ်ထိုးထားသူ ၂၄,၈၀၃,၂၅၆ ဦး၊ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပြီးသူ ၁၈၂၉,၅၈၈ ဦးရှိကြောင်း မြန်မာနိုင်ငံကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မေ ၁၇ နေ့တွင် ထုတ်ပြန်ထားသည်။

တစ်နိုင်ငံလုံးတွင် ကိုဗစ်ဓာတ်ခွဲအတည်ပြုလူနာ ၆၁၃,၂၂၂ ဦး၊ သေဆုံးသူ ၁၉,၄၃၄ ဦးရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ်၊ မေလ ၂၂ နေ့ ညနေ ၈ နာရီထိထုတ်ပြန်ချက်အရ သိရသည်။