မော်လမြိုင်တွင် နှစ်ခြောက်လုံးသပိတ်ကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသူအချို့ ပြန်မလွတ်သေး

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် ၂ ခြောက်လုံးသပိတ်လှုပ်ရှားမှုကြောင့် စစ်တပ်နှင့်ရဲမှ ဒေသခံအချို့ကို နှစ်ရက်ဆက်တိုက် ဖမ်းဆီးထိန်းသိမ်းမှုများရှိခဲ့ကြောင်း သိရသည်။

25 Feb 2022

DMG ၊ ဖေဖော်ဝါရီ ၂၅

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် ၂ ခြောက်လုံးသပိတ်လှုပ်ရှားမှုကြောင့် စစ်တပ်နှင့်ရဲမှ ဒေသခံအချို့ကို နှစ်ရက်ဆက်တိုက် ဖမ်းဆီးထိန်းသိမ်းမှုများရှိခဲ့ကြောင်း သိရသည်။

မော်လမြိုင်မြို့ရှိ လှိုင်မြို့ပတ်လမ်း၊ ဆီဆုံလမ်းထိပ်နှင့် လမုတန်းရပ်ကွက်တို့၌ ယမန်နေ့(ဖေဖော်ဝါရီ ၂၄ ရက်) ည ၁၁ နာရီအချိန်တွင် စစ်တပ်နှင့်ရဲမှ ဧည့်စာရင်းစစ်ဆေးမှုပြုလုပ်ခဲ့ပြီး လူငယ်အမျိုးသားငါးဦးထက်မနည်းကို ဖမ်းဆီးသွားခဲ့ကြောင်း မော်လမြိုင်မြို့ ဒေသခံတစ်ဦးမှ DMG ကိုပြောသည်။

"မနေ့ညက ရဲနှင့်စစ်တပ်တွေ ဧည့်စာရင်းစစ်ဆေးတာတွေရှိခဲ့တယ်။ အဲဒီလိုလုပ်နေတုန်းကို လူငယ်ယောက်ျားလေးငါးဦးလောက် ဖမ်းဆီးခံလိုက်ရပါတယ်"ဟု ၎င်းမှဆိုသည်။

ထိုသို့ဖမ်းဆီးခံရသည့်လူငယ်ငါးဦးကို ဒိုင်းဝန်းကွင်းရဲစခန်း၌ စစ်ဆေးနေပြီး လက်ရှိအချိန်ထိ အခြေအနေကိုမသိရသေးကြောင်း ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များကပြောဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၂ ရက်နေ့က ၂ ခြောက်လုံးသပိတ်လှုပ်ရှားမှုအဖြစ် မော်လမြိုင် အောက်ဈေးကြီးတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသည့်လူငယ်များမှ လက်ကမ်းစာစောင်များဖြန့်ဝေသည့်ကမ်ပိန်းပြုလုပ်ခဲ့သည်။

ထိုကမ်ပိန်းတွင်ပါဝင်သည်ဟုဆိုကာ ဈေးသည် ၉ ဦးထက်မနည်းကို စစ်တပ်နှင့်ရဲမှ လာရောက်ဖမ်းဆီးသွားခဲ့ကြောင်း အောက်ဈေးကြီးတွင်နေထိုင်သည့် ဒေသခံတစ်ဦးမှဆိုသည်။

"တစ်နေ့က စစ်တပ်ကော ရဲကော အင်အား ၃၀ လောက်နဲ့ အောက်ဈေးကြီးထဲကိုလာတယ်။ ၂ ခြောက်လုံးသပိတ်အဖြစ် စာရွက်ကမ်းတာလုပ်သွားတော့ စာရွက်လက်ခံတယ်ဆိုပြီး ဈေးသည် ၉ ဦးကို ခဏဆိုပြီးခေါ်သွားတာရှိခဲ့ပါတယ်။ အခုထိတော့ပြန်လွတ်သေးတာမရှိသေးပါဘူး"ဟု ၎င်းမှဆိုသည်။

မော်လမြိုင်မြို့၌ ယခုနှစ်ဇန်နဝါရီလမှစပြီး ဖေဖော်ဝါရီလနောက်ဆုံးသီတင်းပတ်အထိ နိုင်ငံရေးတက်ကြွလှုပ်ရှားသည့် လူငယ် ၃၀ ဦးထက်မနည်းဖမ်းဆီးခံရပြီး နိုင်ငံရေးဥပဒေပုဒ်မဖြင့် တရားစွဲဆိုခံထားရသည်။