လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် ဖရူဆိုတွင် တပတ်အတွင်း ဘာသာရေးအဆောက်အအုံများနှင့် နေအိမ် ၂၀ ကျော်ပျက်စီး

ကယား(ကရင်နီ) ပြည်နယ် ဖရူဆိုမြို့နယ်တွင် ပြီးခဲ့သည့် ဇွန်လဒုတိယ အပတ်အတွင်း၌ စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဘာသာရေး အဆောက်အအုံ (၄) လုံးနှင့် ဒေသခံ နေအိမ်အလုံး (၂၀ ) ကျော်ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

23 Jun 2022

ဖရူဆိုမြို့နယ် ဒေါညေးခူကျေးရွာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကက်သလစ်ခရစ်ယန်ဘု ရားကျောင်း အချို့ ထိခိုက်ပျက်စီးခဲ့စဉ်။ (ဓာတ်ပုံ- KNDF)

DMG ၊ ဇွန် ၂၃

ကယား(ကရင်နီ) ပြည်နယ် ဖရူဆိုမြို့နယ်တွင် ပြီးခဲ့သည့် ဇွန်လဒုတိယ အပတ်အတွင်း၌ စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဘာသာရေး အဆောက်အအုံ (၄) လုံးနှင့် ဒေသခံ နေအိမ်အလုံး (၂၀ ) ကျော်ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် ဇွန်လ(၁၅) ရက်ညနေ (၃) နာရီကျော် အချိန်၌ ဖရူဆိုမြို့နယ် ဒေါညေးခူ ကျေးရွာသို့ စစ်ကောင်စီ တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ခရစ်ယန် ဘုရားေ ကျာင်း တစ်ကျောင်းထိ ခိုက်ပျက်စီးခဲ့ကာ နေအိမ် (၅) လုံးမီးလောင်ကျွမ်း ပျက်စီးခဲ့ ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF ပူးပေါင်း အဖွဲ့ဝင်တစ်ဦး က ပြောသည်။

“ဇွန် ၁၅ ရက်နေ့ညနေ၃ နာရီလောက် ဒေါညေးခူး ကျေးရွာကို စစ်ကောင်စီတပ်က အင်အားအလုံး အရင်းနဲ့ စစ်ကြောင်း ထိုးလာတယ်။ စစ်ကြောင်းထိုးနေ တုန်းမှာပဲ လက်နက်ကြီးနဲ့ ရွာထဲကိုပစ်တယ်။ အချက်ရေက မနည်းဘူး။ ခရစ်ယန် ဘုရားကျောင်းတစ်ကျောင်း နေအိမ် ၅ လုံး မီးလောင်ပျက်စီးသွားပါတယ် ” ဟု KNDF တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထို့အပြင်ထီးပေါ့ဆို ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ခရစ်ယန် ဘုရားကျောင်းတ်ကျောင်း ထပ်မံပျက်စီးခဲ့ ကြောင်း မြေပြင်သတင်းအရင်း အမြစ်ထံမှသိရသည်။

ဇွန်လ ၁၂ ရက်မှ ၁၄ ရက်နေ့ အထိနှစ်ရက်တာအတွင်း ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ်ကြား ထီးပေါ့ဆိုနှင့် ဒေါညေးခူကျေးရွာများ၌ စစ်ကောင်စီတပ်နှင့် ကရင်နီအမျိုးသား ကာကွယ်ရေးတပ် (KNDF) ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲ များအတွင်း စစ်ကောင်စီ တပ်သားများက မီးရှို့ဖျက်ဆီးမှုကြောင့် ကက်သလစ် ခရစ်ယန် ဘုရား ကျောင်းတစ်ဆောင်၊ ဘုန်းတော်ကြီးနေအိမ်နှင့် အဆောက်အအုံ နှစ်လုံးအပါအဝင် ဒေသခံနေအိမ် (၁၀) လုံးကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ကရင်နီစစ်ရှောင်များကို အကူအညီရေးနေသူ တစ်ဦးကဆိုသည်။

“ နှစ်ရက်ထဲမှာ ပဲရွာထဲကို စစ်ကောင်စီတပ်တွေ တပ်စွဲပြီးမီးရှို့တာ ကက်သလစ်ဘု ရားကျောင်း ရယ်ဘုန်းကြီး နေ အိမ်နဲ့ အနားက အဆောက်အအုံတစ်ခု မီးလောင်ပျက်စီးသွားတယ်။ ရွာထဲကနေအိ မ်(၁၀) လုံးကျော် လည်း မီးရှို့ခံ လိုက်ရတယ် ” ဟု အဆိုပါ စစ်ရှောင်ကူညီရေး လုပ်ဆောင်သူကဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်မှကျေးရွာတွင်းသို့ တပ်စွဲကာ နေအိမ်နှင့် ဘာသာရေးအဆောက်အဦးများကို မီးရှို့ဖျက်ဆီးခံမှုကြောင့် ဒေသခံ ၁၀၀၀ ကျော်မှနေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရပြီး ဒေသခံများမှာ နေထိုင်ရေး အခက်အခဲများစွာနှင့် ရင်ဆိုင်နေရကြောင်းဒေသခံများထံမှသိရသည်။

“ စစ်တပ်တွေ ဝင်လာတာအများကြီးပဲ။ ရွာထဲမှာ တပ်စွဲပြီးတော့ အိမ်တွေကို မီးရှို့တာတွေလုပ်တယ်။ လက်နက်ကြီးနဲ့လည်း ထပ်ပစ်တယ်။ အခုဆိုနေထိုင်ဖို့ အရမ်းခက်သွားပြီ။ ဘုရားကျောင်းကိုလည်း မီးရှို့လိုက်တယ်။ အခုစစ်ရှောင်စခန်းမှာ နေရပေမယ့် အဆင်မပြေဘူး။ နေထိုင်ဖို့ အတွက်ခက်ခဲရပါတယ် ” ဟု စစ်ဘေးရှောင်ဒေသခံ တစ်ဦးက ဆိုသည်။

ထိုသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်ဘာသာရေးအဆောက်အုံများ ပျက်စီးခြင်း၊ ယင်းအဆောက်အအုံများကို မီးရှို့ခဲ့သည်ဆိုသည့် ဒေသခံများ ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်ပြောဆိုခြင်းမတွေ့ရသေးပေ။

ပြီးခဲ့သည့် ဇွန်လပထမ အပတ်က စပြီး ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ်ကြား၌ စစ်ကောင်စီတပ်များမှ စစ်ကြောင်းထိုးအင်အားတိုးချဲ့မှုကြောင့် KNDF ပူးပေါင်းအဖွဲ့နှင့် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေပြီး ဒေသခံ (၁၀၀၀၀) ကျော်မှာနေရပ်စွန့်ခွာတိမ်းရှောင်နေရကြောင်းလည်း စစ်ရှောင်ကူညီရေး လုပ်ဆောင်သူများ ထံမှသိရသည်။