နှစ်ပတ်အတွင်း ရခိုင်တွင် တိုက်ပွဲအကြိမ် ၂၀ ခန့်ဖြစ်ပွားခဲ့ပြီး၊ အရပ်သား ၁၉ ဦး သေဆုံး 

တိုင်းနှင့်ပြည်နယ် ၁၁ ခုအနက် နှစ်ပတ်အတွင်း တိုက်ပွဲဖြစ်ပွားမှုထဲ ရခိုင်တွင် အများဆုံးဖြစ်ပြီး စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးများဖြင့် အရပ်သားနေထိုင်ရာကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သဖြင့် ဒေသခံ ၁၉ ဦး သေဆုံးခဲ့ရသည်။

By Admin 22 Aug 2024

ကျောက်တော်အခြေစိုက် စစ်ကောင်စီ၏ အမှတ် (၃၇၇) အမြောက်တပ်ရင်းကို ၂၀၂၄ ဇန်နဝါရီလ ၁၄ ရက်တွင် AA က သိမ်းပိုက်ခဲ့စဉ်။ 
ကျောက်တော်အခြေစိုက် စစ်ကောင်စီ၏ အမှတ် (၃၇၇) အမြောက်တပ်ရင်းကို ၂၀၂၄ ဇန်နဝါရီလ ၁၄ ရက်တွင် AA က သိမ်းပိုက်ခဲ့စဉ်။ 

DMG ၊ ဩဂုတ် ၂၂ 

ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ ဇူလိုင်လ ၃၁ ရက်မှ ဩဂုတ် ၁၃ ရက်အထိ နှစ်ပတ်အတွင်း တိုက်‌ပွဲ ၁၈ ကြိမ်ဖြစ်ပွားခဲ့ပြီး၊ တိုက်ပွဲအတွင်း စစ်ကောင်စီလက်ချက်ကြောင့် အရပ်သား ၁၉ ဦး သေဆုံးခဲ့သည်ဟု နိုင်ငံတကာမြန်မာ့သတင်းအဖွဲ့ BNI ၏ ယနေ့ ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြသည်။  

အစီရင်ခံစာအရ တိုင်းနှင့်ပြည်နယ် ၁၁ ခုအနက် နှစ်ပတ်အတွင်း တိုက်ပွဲဖြစ်ပွားမှုထဲ ရခိုင်တွင် အများဆုံးဖြစ်ပြီး စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးများဖြင့် အရပ်သားနေထိုင်ရာကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သဖြင့် ဒေသခံ ၁၉ ဦး သေဆုံးခဲ့ရခြင်း ဖြစ်သည်။ 

‌မောင်တော၊ သံတွဲတိုက်ပွဲများနှင့်အတူ AA က ဂွမြို့နယ်တွင်လည်း စစ်မျက်နှာဖွင့်ကာ ထိုးစစ်ဆင်တိုက်ခိုက်နေ၍ လက်ရှိအချိန်ထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်သည်။ 

“သံတွဲ ပြင်းပြင်းထန်ထန် စစ်ပွဲဖြစ်နေတယ်။ သူတို့(စစ်ကောင်စီ) ထိန်းချုပ်နိုင်တဲ့နေရာတွေ အနည်းငယ်ပဲ ရှိတယ်။ အခု ကျိန္တလီကို ULA/ AA က ထိန်းချုပ်ပြီးဆိုတော့ ဂွကိုလည်း မကြာခင် ထိုးစစ်ဆင်မယ့်သဘော တွေ့နေရတယ်” ဟု ရမ်းဗြဲမြို့နယ်က နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဦးထွန်းထွန်းဦးက သုံးသပ်သည်။ 

ရခိုင်ဒေသ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးသူဦးရေမှာလည်း နှစ်ပတ်အတွင်း တစ်သောင်းကျော်အထိ ရှိခဲ့သည်။ စစ်ဘောင်ကျယ်လာသည်နှင့်အမျှ ပြည်သူများ စစ်ဘေးတိမ်းရှောင်ရန်နယ်မြေလည်း တဖြည်းဖြည်း ကျဉ်းမြောင်းလာကြောင်း BNI က ဆိုသည်။ 

နိုင်ငံတစ်ဝန်းတွင် စစ်ရှုံးနေသော စစ်ကောင်စီ၏ စစ်ဘက်၊ အရပ်ဖက်မခွဲခြားဘဲ လက်နက်ကြီးပစ်ခတ်မှုများ၊ လေကြောင်းမှတစ်ဆင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူများမှာ ကျီးလန့်စာစားဖြစ်နေကြရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

“ရခိုင်ကို စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားတော့ ပိုအခက်အခဲဖြစ်တယ်။ အခု ဂွမြို့နယ်မှာ တိုက်ပွဲဖြစ်လာပြီ၊ ဒေသခံတွေက စစ်ဘေးရှောင်လို့မရ ဖြစ်နေကြတယ်။ တိုက်ပွဲဇုန်ထဲမှာ မလုံမခြုံနဲ့ နေထိုင်နေကြရတယ်” ဟု ရခိုင်က လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။ 

ရခိုင်တွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၉ လကျော်ထိကြာမြင့်လာပြီး တိုက်ပွဲဧရိယာလည်း ကျယ်ပြန့်လာနေသည်။ ချင်းပြည်နယ် ပလက်ဝနှင့် ရခိုင်က မြို့နယ် ၉ ခုအထိ သိမ်းပိုက်ထားသော AA သည် ကျန်ရှိနေသေးမြို့နယ်များကို သိမ်းပိုက်နိုင်ရေး ကြိုးပမ်းလျက်ရှိသည်။