တစ်ပတ်အတွင်း ရခိုင်သတင်းများ စုစည်းမှု (၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့အထိ)

ရခိုင်ပြည်၊ မင်းပြားမြို့နယ်တွင် အောက်တိုဘာလ ၁၇ ရက်နေ့က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဆင်ကြီးပြင်ကျေးရွာမှ ဒေါ်ဖြူမစိန် (၅၈)နှစ်တွင် ဘယ်ဖက်နားအောက် ဒဏ်ရာရ၊ မကျော့ရီ (၂၂)နှစ်တွင် ညာဖက်ခြေနှင့် ဦးခေါင်းတွင် ဒဏ်ရာရ၊ ရတနာအောင် (၄)နှစ်တွင် မေးစေ့အောက်ဒဏ်ရာရ၊ မစုမြတ်ဝေ (၃)နှစ်တွင် ညာဖက်လက်၊ ခေါင်းဒဏ်ရာရ၊ မညိုသာ (၆၀)နှစ်တွင် ညာဖက်ပခုံးဒဏ်ရာရ၊ ဆင်ကြီးပြင်ကျေးရွာမှ ဒေါ်ဖြူမစိန် (၅၈)နှစ်တွင် ဘယ်ဖက်နားအောက် ဒဏ်ရာရ၊ မကျော့ရီ (၂၂)နှစ်တွင် ညာဖက်ခြေနှင့် ဦးခေါင်းတွင် ဒဏ်ရာရ၊ မရတနာအောင် (၄)နှစ်တွင် မေးစေ့အောက်ဒဏ်ရာရ၊ မစုမြတ်ဝေ (၃)နှစ်တွင် ညာဖက်လက်၊ ခေါင်းဒဏ်ရာရ၊ မညိုသာ (၆၀)နှစ်တွင် ညာဖက်ပက်ခုံဒဏ်ရာတို့ ရရှိခဲ့ပြီး ထောင့်ချောင်းကြီးကျေးရွာ စာသင်ကျောင်းတွင် စာပြနေသည့် ဆရာမ ဒေါ်မစောမြမှာ ရင်ဘတ်၌ လက်နက်ကြီးထိမှန် ဒဏ်ရာပြင်းထန်ခဲ့သောကြောင့် သေဆုံးသွားခဲ့သည်။

By Admin 24 Oct 2022

တစ်ပတ်အတွင်း ရခိုင်သတင်းများ စုစည်းမှု (၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့အထိ)

အောက်တိုဘာ ၁၆

 အောက်တိုဘာလ ၁၅ ရက်နေ့က စစ်မှူးထမ်းဟောင်းတစ်ဦးဖြစ်သည့် ဗိုလ်ကြီးဟောင်း ဦးထွန်းကြည်ဆိုသူအား ရက္ခိုင့်တပ်တော်(AA)မှ ဖမ်းဆီးသွားပြီးနောက် မြန်မာစစ်တပ်သည် ရမ်းဗြဲမြို့ဒေသခံ ၁၆ ဦးခန့်ကို ဖမ်းဆီးခဲ့သည်။

 ရခိုင်ပြည်အတွင်းတွင် တိုက်ပွဲတကျော့ပြန် ဖြစ်ပွားလာပြီးနောက် စစ်ကောင်စီသည် INGO/NGO များကို ခရီးသွားလာခွင့် ပိတ်ပင်လိုက်သဖြင့် စစ်ဘေးရှောင်များမှာ အငတ်ဘေးအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှု အကူအညီများ မရရှိနိုင်သည့်အခြေအနေနှင့် ရင်ဆိုင်နေကြရသည်။

 ရခိုင်ပြည်၊ မောင်တောမြို့မှ ဖမ်းဆီးခံထားရသူ ကရုဏာကွန်ရက်အသင်း ဥက္ကဌ ဦးချစ်ထူးခိုင်၊ ဘဏ္ဍာရေးမှုး ဦးလှသိန်း၊ထွက်ပြေးတိမ်းရှောင်နေသည့် ကညင်တန်းရပ်ကွက်မှ ဦးညီပုနှင့် အမှတ်(၄)ရပ်ကွက်မှ KNN ရေသန့်စက်ပိုင်ရှင် ဦးထွန်းလင်းကျော် (ခ) ညီညီတို့ကို အောက်တိုဘာလ ၁၆ ရက်နေ့တွင် မောင်တောမြို့မရဲစခန်း၌ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ- ၁၇(၁)၊ (၂)တို့ဖြင့် အမှုဖွင့်ခဲ့သည်။

 မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့အကြား စစ်ရေးအရှိန် မြင့်တက်လာနေသည့် ရခိုင်ပြည် မြောက်ဘက်ပိုင်းက မြို့နယ်အများအပြားတွင် ကုန်းလမ်းမှ သွားလာခွင့်ကန့်သတ်ခံရမှုများအပြင် ရေလမ်းခရီးသွားလာခွင့်များကိုပါ မြန်မာစစ်တပ်က ကန့်သတ်ပိတ်ပင်မှုများ ရှိလာနေသည်။

အောက်တိုဘာ ၁၇

 ရခိုင်ပြည်၊ မင်းပြားမြို့နယ်တွင် အောက်တိုဘာလ ၁၇ ရက်နေ့က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဆင်ကြီးပြင်ကျေးရွာမှ ဒေါ်ဖြူမစိန် (၅၈)နှစ်တွင် ဘယ်ဖက်နားအောက် ဒဏ်ရာရ၊ မကျော့ရီ (၂၂)နှစ်တွင် ညာဖက်ခြေနှင့် ဦးခေါင်းတွင် ဒဏ်ရာရ၊ ရတနာအောင် (၄)နှစ်တွင် မေးစေ့အောက်ဒဏ်ရာရ၊ မစုမြတ်ဝေ (၃)နှစ်တွင် ညာဖက်လက်၊ ခေါင်းဒဏ်ရာရ၊ မညိုသာ (၆၀)နှစ်တွင် ညာဖက်ပခုံးဒဏ်ရာရ၊ ဆင်ကြီးပြင်ကျေးရွာမှ ဒေါ်ဖြူမစိန် (၅၈)နှစ်တွင် ဘယ်ဖက်နားအောက် ဒဏ်ရာရ၊ မကျော့ရီ (၂၂)နှစ်တွင် ညာဖက်ခြေနှင့် ဦးခေါင်းတွင် ဒဏ်ရာရ၊ မရတနာအောင် (၄)နှစ်တွင် မေးစေ့အောက်ဒဏ်ရာရ၊ မစုမြတ်ဝေ (၃)နှစ်တွင် ညာဖက်လက်၊ ခေါင်းဒဏ်ရာရ၊ မညိုသာ (၆၀)နှစ်တွင် ညာဖက်ပက်ခုံဒဏ်ရာတို့ ရရှိခဲ့ပြီး ထောင့်ချောင်းကြီးကျေးရွာ စာသင်ကျောင်းတွင် စာပြနေသည့် ဆရာမ ဒေါ်မစောမြမှာ ရင်ဘတ်၌ လက်နက်ကြီးထိမှန် ဒဏ်ရာပြင်းထန်ခဲ့သောကြောင့် သေဆုံးသွားခဲ့သည်။

 ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ပိုက်သည်(မွတ်ဆလင်)ကျေးရွာအတွင်းသို့ အောက်တိုဘာလ ၁၇ ရက်နေ့၊ ည ၈ နာရီအချိန်ခန့်က လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့သဖြင့် အသက် ၃၀ အရွယ် မယာသ်မီနာဆိုသူမှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး အပေါက်ဝ တိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့သော်လည်း ပြင်းထန်ဒဏ်ရာများကြောင့် သေဆုံးသွားခဲ့သည်။

 ရခိုင်ပြည်၊ ကျောက်ဖြူမြို့တွင် အောက်တိုဘာလ ၁၇ ရက်နေ့က အစိုးရတိုးချဲ့ရပ်ကွက်မှ အသက် ၃၁ နှစ်အရွယ် ကိုစံထွန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

 ရခိုင်ပြည်၊ ကျောက်တော်မြို့ ကစ္စပနဒီတံတားအနီးတွင် စစ်ကောင်စီယာဉ်တန်းအား ရက္ခိုင့်တပ်တော် AA က မိုင်းဆွဲတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့သည်။

အောက်တိုဘာ ၁၈

 ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ စိမ်းညှင်းပြားအုပ်စု၊ ဒိုင်းနက်ပြင်(မွတ်ဆလင်)ကျေးရွာမှ မာမတ်အီနစ် အသက်(၄၀)နှစ်မှာ ရွာအနောက်ဖက် ၁ မိုင်ခန့်အကွာရှိ ကွမ်းခင်းသို့သွားစဉ် ၎င်း၏အနီးတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး ရင်ဘတ်၊ ဝမ်းဗိုက်နှင့် ခန္ဓာကိုယ်အနှံ့တွင် ဒဏ်ရာရရှိသွားခဲ့ကာ ယနေ့ညနေ ၅ နာရီအချိန်တွင် သေဆုံးသွားခဲ့သည်။

 ရခိုင်ပြည်၊ မင်းပြားမြို့နယ်ရှိ ကျေးရွာတချို့သို့ အောက်တိုဘာလ ၁၇ ရက်နေ့က လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် မူလတန်းပြဆရာမတစ်ဦးအပါအဝင် ဒေသခံတချို့ ထိခိုက်သေဆုံးခဲ့ပြီးနောက် စာသင်ကျောင်းအချို့ကို ပိတ်ထားခဲ့ကြသည်။

 ရခိုင်ပြည်အတွင်းနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် တစ်ကျော့ပြန် တိုက်ပွဲဖြစ်လာသည်နှင့်အမျှ စက်တင်ဘာလ တစ်လအတွင်း မြေမြုပ်မိုင်းနှင့် စစ်လက်နက်ပစ္စည်းများကြောင့် သေဆုံးသူ ၃ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၂၃ ဦးထိရှိခဲ့သည်။

 ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း အောက်တိုဘာလ ၁၈ ရက်နေ့တွင် အထက(ခွဲ)-မြို့သစ်ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးကျော်ဝင်းနိုင်(၃၆ နှစ်)ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့သည်။

 ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ အခြေစိုက် ခမရ ၅၅၀ တပ်ရင်းမှ စစ်ကောက်စီတပ်ဖွဲ့ဝင် ၉ ဦးသည် တပ်ထဲမှ လက်နက်မဲ့ ထွက်ပြေးသွားခဲ့ကြသည်။

 ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် လုံးအုပ်စု၊ ထန်းချောင်းကျေးရွာမှ ဒေါ်သန်းဝင်း(၃၉)နှစ်၊ ဒေါ်ဖြူစေ့ကေ(၅၃)နှစ်၊ ပြိုင်းချောင်းကျေးရွာမှ ဦးငပေ(၄၂)နှစ်နှင့် ထန်းပင်ကျေးရွာအုပ်စု၊ အောက်ရန်ကုန်ကျေးရွာမှ ဦးငယောင် (၅၂)နှစ်တို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့သည်။

အောက်တိုဘာ ၁၉

 ရခိုင်ပြည်နယ်အတွင်းမှ လိုင်စင်မဲ့ ဘေးတွဲဆိုင်ကယ်နှင့် သုံးဘီးဆိုင်ကယ်များကို မကြာမီ ဖမ်းဆီးအရေးယူတော့မည်ဟု ရခိုင်ပြည်နယ်၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးကံညွန့်ကပြောခဲ့သည်။

 ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ ပြိန်းတောကျေးရွာတွင် အောက်တိုဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၁၁ နာရီခန့်က လက်နက်ကြီးကျည် ကျရောက်မှုကြောင့် အသက် ၁၃ နှစ်အရွယ် သတ္တမတန်း ကျောင်းသူ မငြိမ်းအေးစံ သေဆုံးခဲ့ရသည်။

 ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ် အင်းစိန်အကျဉ်းထောင်အတွင်း အောက်တိုဘာလ ၁၉ ရက်နေ့ နံနက် ၉ နာရီ ခွဲကျော်အချိန်တွင် ဗုံးနှစ်လုံးပေါက်ကွဲမှုကြောင့် တာဝန်ကျ အကျဉ်းဦးစီး တပ်သား ကျော်ဇင်ဦး၊ တပ်သား ခင်မိုးဝေနှင့် တပ်သား ပိုးအိဇံ တို့သုံးဦးအပါအဝင် ထောင်ဝင်စာလာပို့သူ ၅ ဦးမှာ မိုင်းစထိမှန် ဒဏ်ရာများဖြင့်သေဆုံးခဲ့ပြီး ၁၃ ဦးထက်မနည်းမှာလည်း ဒဏ်ရာများအသီးသီး ရရှိခဲ့ကြသည်။

 အောက်တိုဘာလ ၁၅ ရက်နေ့က ဖမ်းဆီးထားသည့် ရမ်းဗြဲမြို့ဒေသခံ ၁၂ ဦးနှင့် အောက်တိုဘာလ ၉ ရက်နေ့တွင် ဖမ်းဆီးထားသည့် ဒေသခံ ၄ ဦးတို့ထဲမှ ၁၅ ဦးကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပြီး ချင်းမင်းပြင်ကျေးရွာမှ ကိုအောင်ကျော်ဝင်းကို ဆက်လက်ဖမ်းဆီး ထိန်းသိမ်းထားဆဲဖြစ်သည်။

 ရခိုင်ပြည်၊ ကျောက်တော်မြို့၊ ကုလားတန်မြစ်အရှေ့ဖက်ကမ်းရှိ ပိန္နဲချောင်းကျေးရွာနှင့် ဝက်မှိုင်းကျေးရွာတို့တွင် အောက်တိုဘာလ ၁၉ ရက်နေ့၊ နေ့လယ် ၂ နာရီကျော်အချိန်က လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ကိုမောင်ကျာ်သန်း(၂၄)နှစ်နှင့် ကိုကျော်မောင် (၂၆)နှစ်တို့ နှစ်ဦးမှာ ကျည်စထိမှန် ဒဏ်ရာများရရှိခဲ့ကြပြီး နေအိမ်တချို့လည်း ပျက်စီးသွားခဲ့သည်။

 မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ စစ်ရေးပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသည့် ဘူးသီးတောင်မြို့နယ်မှ စစ်ဘေးရှောင်များအတွက် ရခိုင်အမျိုးသားပါတီ (ANP) မှ ဆန်အိတ် ၃၀ ကို လှူဒါန်းခဲ့သည်။

 ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဦးလှဖေ(မွတ်ဆလင်)ကျေးရွာမှ အသက်(၄၂)နှစ်အရွယ် ဦးဖွေယာစ်မှာ အောက်တိုဘာလ ၁၉ ရက်နေ့ ည (၈)နာရီကျော်ခန့် သေနတ်ဖြင့်အပစ်ခတ်ခံရ၍ ဒဏ်ရာရရှိသွားခဲ့ပြီး လက်ရှိတွင် ဘူးသီးတောင်ဆေးရုံ၌ ဆေးကုသမှုခံယူနေရသည်။

 ရခိုင်ပြည်၊ ကျောက်ဖြူမြို့တွင် အောက်တိုဘာလ ၁၉ ရက်နေ့တွင် အစိုးရတိုးချဲ့ရပ်ကွက်မှ အသက် ၄၁ အရွယ် ဦးအောင်လင်းနှင့် အစိုးရရပ်ကွက်မှ အသက် ၃၈ နှစ်အရွယ် ကိုကျော်မင်းထွန်းတို့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

အောက်တိုဘာ ၂၀

 စစ်တွေမြို့သို့ ပြေးဆွဲသွားလာနေသည့် ခရီးသည်တင်စက်လှေများကို အောက်တိုဘာလ ၂၀ ရက်နေ့မှစတင်ကာ ပြေးဆွဲမှုရပ်တန့်ထားရန် မြန်မာစစ်တပ်က သတိပေးထားကြောင်း စက်လှေပိုင်ရှင်များထံမှ သိရသည်။

 ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ ကျောင်းတောင်အုပ်စုမှ မွတ်ဆလင်အမျိုးသမီးတစ်ဦးအား မုဒိမ်းမှု ကျူးလွန်ခဲ့သည့် ၎င်းတို့၏တပ်သားနှစ်ဦးကို အောက်တိုဘာလ ၂၀ ရက်နေ့တွင် စစ်တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၂၀ နှင့် ကြိမ်ဒဏ်အချက် ၃၀ ချမှတ်လိုက်ကြောင်း ရက္ခိုင့်တပ်တော်(AA)၏ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကပြောခဲ့သည်။

 ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ပညာရေးဝန်ထမ်း တစ်ဦးဖြစ်သည့် ပလက်ဝ အ.ထ.က(၁)ကျောင်းမှ အထွေထွေလုပ်သား ဦးအောင်သိန်းလှ (၄၀ နှစ်)နှင့် သာယာဝရပ်ကွက်မှ ဒေသခံ ဦးမောင်ဖြူတို့ကို အောက်တိုဘာလ ၂၀ ရက်နေ့တွင် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည်။

 ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကဇုကိုင်းအုပ်စု၊ သရက်ပြင်ချောင်းကျေးရွာမှ ဦးကိုကိုနိုင်(၂၇) နှစ်ကို AAအား သတင်းပို့သည်ဟုဆိုကာ စစ်ကောင်စီတပ်က စွပ်စွဲ ဖမ်းဆီးရိုက်နှက်ခေါ်ဆောင်သွားခဲ့သည်။

 ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းက ရခိုင်စစ်ဘေးရှောင်များအတွက် လှူဒါန်းထားသည့် ဆန်အိတ်ပေါင်း ၅ သောင်းကျော်ကို ၆ လအကြာတွင် စစ်ကောင်စီက လှူဒါန်းခွင့်ပြုခဲ့သည်။

 ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဇောပူဂျာကျေးရွာအနီး စစ်ကောင်စီ စစ်ဆေးရေးဂိတ်အနီးတွင် ဆိတ်ကျောင်းနေသည့် ဆယ်ကျော်သက် အရွယ် ဆာလာမောက်ဆိုသူမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ကျည်ဆံထိမှန် သေဆုံးသွားခဲ့သည်။

အောက်တိုဘာ ၂၁

 ရခိုင်မြောက်ဘက်ခြမ်းတွင် ရေကြောင်းခရီးသွားလာခွင့်ကို စစ်ကောင်စီက ပိတ်ပင်ထားသောကြောင့် စစ်တွေတက္ကသိုလ်တွင် တက်ရောက်နေသည့် မြို့နယ်အသီးသီးမှ အဝေးသင်ကျောင်းသား၊ ကျောင်းသူများမှာ စာမေးပွဲဖြေပြီးပါက နေရပ်မပြန်နိုင်မည်ကို စိုးရိမ်နေကြသည်။

 ကမ္ဘာ့ဘဏ္ဍာရေးစောင့်ကြည့်အဖွဲ့ (Financial Action Task Force – FATF)က မြန်မာနိုင်ငံအား အကြမ်းဖက်မှုဆိုင်ရာ ဘဏ္ဍာရေးကိစ္စရပ်များနှင့်ဆက်စပ်ပြီး အမည်ပျက်စာရင်းတွင် ထည့်သွင်းကြေညာလိုက်ကြောင်း Nikkei Asia သတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။

 ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ငါးခူရ(ဟိန္ဒူ)ရွာသစ်ရွာ အရှေ့ဖက် လယ်ကွင်းတွင် အောက်တိုဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က တောရိုင်းဆင်တစ်ကောင် တိုက်ခိုက်မှုကြောင့် ဒေသခံ အသက် ၁၃ နှစ်အရွယ် မောင်ဘော်ရော်တ်ဆိုသူမှာ သေဆုံးသွားခဲ့ရသည်။

 ရခိုင်ပြည်၊ အမ်းမြို့နယ်တွင် စစ်ကောင်စီတပ်သားတစ်ဦးကို ရက္ခိုင့်တပ်တော် အေအေက ဖမ်းဆီးသွားခဲ့သည်။

အောက်တိုဘာ ၂၂

 တိုက်ပွဲကြောင့် ရခိုင်ပြည်အတွင်းက တစ်ပိုင်တစ်နိုင် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူများမှာ မြစ်ချောင်းများသို့သွားရောက်ပြီး ငါးဖမ်းဆီးရန် အဆင်မပြေတော့သဖြင့် အခြားအလုပ်များကို ပြောင်းလဲလုပ်ကိုင်မှု များပြားလာနေသည်။

 ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟုဆိုကာ မြန်မာစစ်တပ်က ဖမ်းဆီးကာ နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာဥပဒေပုဒ်မ- ၅၀၅(က)ဖြင့် အမှုဖွင့်ခံထားရသည့် ကျောက်ဖြူမြို့နယ်၊ မူရွင်းကျေးရွာမှ ကိုစိုင်းဝဏ္ဏကျော်နှင့် တက္ကသိုလ်ကျောင်းသား မောင်ထွန်းထွန်းဇော်တို့၏ အမှုတွင် တရားလိုဖက်က မလာရောက်သောကြောင့် ရုံးချိန်းရွှေ့ဆိုင်းနေရသည်မှာ (၈)ကြိမ်အထိရှိနေပြီဖြစ်သည်။

 ရခိုင်ပြည်တွင် မြန်မာစစ်တပ်သည် စစ်တွေ-ရန်ကုန်သို့ သွားလာနေသည့် ကုန်တင်ကားများကို အချိန်ကြာမြင့်စွာ စစ်ဆေးမှုများရှိသဖြင့် ကုန်စိမ်းများနှင့် ရေထွက်ကုန်ပစ္စည်းများမှာ ပျက်စီးဆုံးရှုံးမှုရှိနေကြောင်း လုပ်ငန်းရှင်များကပြောဆိုကြသည်။

 ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် အောက်တိုဘာလ ၂၂ ရက်၊ မွန်းလွဲ ၁၁ နာရီခန့် စတုတ္ထတန်းကျောင်းသား သုံးဦးဖြစ်သည့် ပြည်တော်သာရပ်ကွက်မှ မောင်အောင်လင်းသူ၊ မောင်ဟိန်းထက်ဝင်းနိုင်နှင့် ဘုမေရွာ လေးထပ်တိုက်မှ မောင်ဇွဲဘုန်းခန့်တို့မှာ စစ်တွေမြို့ ပွိုင့်ကမ်းခြေအနီးတွင် ရေကစားရာမှ ရေနစ်သေဆုံးသွားခဲ့ကြသည်။

 ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်အတူ ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ ဝင်ရောက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ သိရသည်။

 ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ကြပ်စင်တံတားအနီးရှိ ဖလောင်းပြင် ကျေးရွာသားတစ်ဦးပိုင်ဆိုင်သည့် မှည့်နေသောစပါးစိုက်ခင်းတစ်ခုကို စစ်ကောင်စီတပ်သားများမှ ပိုင်ရှင်ထံမှ ခွင့်ပြုချက်မရရှိဘဲ ကျူးကျော် ဝင်ရောက်ကာ စပါးများရိတ်သိမ်းပြီး ယူဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

 ရခိုင်ပြည်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ ၂၀၂၂ ခုနှစ်အတွင်း တကျော့ပြန် ဖြစ်ပွားလာသည့် တိုက်ပွဲများမှာ မြို့နယ် (၆)ခုအတွင်း တိုက်ပွဲအကြိမ် (၄၀) ထက်မနည်း ဖြစ်ပွားခဲ့သည်ဟု Institute For Strategy and Policy-Myanmar ကထုတ်ပြန်ခဲ့သည်။