- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
တစ်ပတ်အတွင်း ရခိုင်သတင်းများစုစည်းမှု (၂၃-၁၀-၂၀၂၁ မှ ၃၁-၁၀-၂၀၂၁ ထိ)
မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာမှာ လူငယ်စာရေးဆရာ မင်းဒီပါကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့်အမှုဖွင့်ကာ အောက်တိုဘာလ ၂၉ ရက်နေ့တွင် မြောက်ဦးမြို့နယ်တရားရုံး၌ ဒုတိယအကြိမ် ရမန်ယူခဲ့သည်။
01 Nov 2021
အောက်တိုဘာ ၂၃
■ ကျောက်တော်မြို့နယ်ရှိ မဟာမုနိဘုရား သိမ်တော်တိုင်များကို ပြုပြင်ဆောက်လုပ်ရာတွင် ရှေးခေတ်ရခိုင်မူအတိုင်း ကနုတ်ပန်း၊ ရုပ်ထုများဖြင့် ပြန်လည်ဆောက်လုပ်နေရခြင်းကြောင့် အချိန်အနည်းငယ် ကြန့်ကြာနေခြင်းဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့က ပြောသည်။
■ မြန်မာစစ်တပ်ကအာဏာသိမ်းမှုကို ဆန့်ကျင်မှုကြောင့် ဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဉ်းသားများထဲမှ လွတ်မြောက်ပြီးနောက်ပိုင်း စစ်ကောင်စီ၏ ပြန်လည်ဖမ်းဆီးခြင်းကိုခံရသည့် နိုင်ငံရေးအကျဉ်းသား ၁၁၀ ဦးအထိရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ စာရင်းအရ သိရသည်။
■ ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သူ ၆၁ ဦးတို့၏ အမှုများကိုပိတ်သိမ်းပြီး ပြန်လည်လွှတ်ပေးကြောင်း စစ်ကောင်စီကထုတ်ပြန်ထားသော်လည်း အောက်တိုဘာလ ၂၃ ရက်နေ့အထိ အကျဉ်းထောင်အသီးသီးမှ အမှန်တကယ် လွတ်မြောက်လာသူ ၅၈ ဦးသာ ရှိသေးကြောင်းသိရသည်။
■ ရခိုင်ပြည်အတွင်းမှ ပြည်တွင်းလေကြောင်းခရီးသည်များကို ကျန်းမာရေးဝန်ကြီးဌာ၏ ညွှန်ကြားချက်အတိုင်း ကိုဗစ်ရောဂါပိုးရှိ/မရှိ စစ်ဆေးပြီးမှ သွားလာခွင့်ပြုရန်စီစဉ်နေကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောခဲ့သည်။
■ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ လင်းသာရပ်ကွက်နေ သုံးဘီးဖြင့် အငှားလိုက်နေသည့် အသက် ၂၄ နှစ်အရွယ်ရှိ ကိုရဲနိုင်ဦးကို အောက်တိုဘာ ၂၃ ရက် ညနေ ၃ နာရီကျော်အချိန်ခန့်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
အောက်တိုဘာ ၂၄
■ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းမှ ရခိုင်ပြည် မောင်တောမြို့သို့ ဝင်ရောက်လာသည့် အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ် ၃ ဦးကို ဆိုင်ကယ်ကယ်ရီသမားနှစ်ဦးနှင့်အတူ အောက်တိုဘာလ ၂၄ ရက်နေ့တွင် အမှတ်(၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့သည်။
■ ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ဖြစ်ပွားခဲ့သည့် စစ်ရေးပဋိပက္ခအတွင်း အသုံးပြုခဲ့သည့် မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သည့် လူဦးရေမှာ ၅၃ ဦးနှင့် ထိခိုက်ဒဏ်ရာရ ရှိခဲ့သူများမှာ ၉၄ ဦးအထိရှိခဲ့သည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)၏ စာရင်းများအရ သိရသည်။
■ စစ်ဘေးရှောင်စခန်းများမှ မိဘမဲ့ကလေးငယ်များကို ကူညီစောင့်ရှောက်ပေးနေသည့် ရခိုင်ပြည် ကမ်း ထောင်းကြီးမြို့ရှိ မေတ္တာရိပ်မိဘမဲ့ဂေဟာ နေရာသစ်ပြောင်းရွေ့ရန်အတွက်မြေနေရာ အခက်အခဲဖြစ်နေသည် ဟု တာဝန်ရှိသူများကပြောခဲ့သည်။
■ ရခိုင်မှ ဝင်ငွေကောင်းသော စီးပွားရေးလုပ်ငန်း တစ်ခုဖြစ်သည့် ကဏန်းလုပ်ငန်းမှာ တင်ပို့ရောင်းချမည့် နိုင်ငံတကာ ဈေးကွက်မရှိသဖြင့် များမကြာမီ ပျက်စီးသွားနိုင်သည့် အခြေအနေနှင့် ရင်ဆိုင်နေကြရသည်။
အောက်တိုဘာ ၂၅
■ ရခိုင်ပြည် စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းမှ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တစ်ရက်လျှင် ကုန်ပစ္စည်းတန်ချိန် ၃၀၀ ခန့် တင်ပို့လျက်ရှိပြီး အဓိက တင်ပို့နေသောကုန်ပစ္စည်းများမှာ မကျည်းစေ့၊ ငါးမြစ်ချင်း၊ ဇီးယို၊ ဂျင်းစိမ်းနှင့် ကြက်သွန်နီတို့ ဖြစ်ကြသည်။
■ သံတွဲမြို့နယ် ငပလီမြို့တွင် စစ်တပ်သားသမီးများနှင့် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ထောက်ခံသူတို့ ပူးပေါင်း၍ စစ်တပ်ထောက်ခံပွဲတစ်ခုကို အောက်တိုဘာ ၂၅ ရက်နေ့ နေ့လည်ပိုင်းအချိန်ခန့်က ပြုလုပ်ခဲ့ကြသည်။
■ သံတွဲမြို့၊ လင်းသာရပ်ကွက်တွင် နေထိုင်သည့် လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုရဲနိုင်ဦးကိုဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(က)၊ ၅၂ (က)တို့ဖြင့် သံတွဲစခန်း၌ အမှုဖွင့်ထားကြောင်း သိရသည်။
■ စစ်တွေ-ရန်ကုန်နှင့် စစ်တွေ-မန္တလေးသို့ ခရီးသွားလာမည့်သူများမှာ ယာဉ်စီးခဈေးနှုန်း မြင့်တက်လာသောကြောင့် လေကြောင်းခရီးစဉ်ဖြင့် သွားလာမှု ပိုမိုများပြားလာနေသည်။
■ ရခိုင်ပြည်တွင် ယာဉ်မတော်တဆမှုဖြစ်ပွားမှုမှာ ယခင်နှစ်များထက် ကျဆင်းခဲ့သော်လည်း လူသေဆုံးမှုမှာ သုံးရက်လျှင် တစ်ဦးနှုန်းခန့်ရှိနေကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။
■ ရခိုင်ပြည်အတွင်းက အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပေးနေခြင်းမှာ (၇၁)ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီမှ သိရသည်။
အောက်တိုဘာ ၂၆
■ AA တပ်ဖွဲ့ဝင်များကို Covid-19 ကာကွယ်ဆေးထိုးပေးမည့် အစီအစဉ်မှာ ပြည်ထောင်စုအဆင့်မှ စီစဉ်ဆောင်ရွက်နေသည့် ကိစ္စဖြစ်ပြီး လက်ရှိတွင် မြန်မာစစ်တပ်နှင့် AA တို့ ညှိနှိုင်းနေသည်ဟုသိရှိရကြောင်း ပြည်နယ်စစ်ကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောသည်။
■ ကိုဗစ်ရောဂါကြောင့် ယာယီပိတ်ထားရသည့် စာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်မည်ဆိုပါက စာသင်ကြားချိန် လေးလခန့်သာကျန်ရှိသဖြင့် စာသင်ချိန်ကို တိုးမြှင့်ပေးရန်လိုအပ်မည်ဟု ပညာရေးအသိုင်းမှ ပြောဆိုကြသည်။
■ ဒေါ်လာဈေးမြင့်တက်လာမှုနှင့်အတူ မြေဆီနှင့် မြေသြဇာဈေးနှုန်းမှာလည်း အဆမတန်မြင့်တက်လာသောကြောင့် လယ်သမားများ စိုက်ပျိုးထွန်ယက်ရာတွင် ယခင်လို အသုံးမပြုနိုင်ခဲ့ရာ ယခုနှစ် စပါးအထွက်နှုန်းမှာလည်း လျော့နည်းကျဆင်းလာနိုင်ကြောင်း ရခိုင်ပြည်နယ်တောင်သူလယ်သမားသမဂ္ဂထံမှ သိရသည်။
■ နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုများကြောင့် ဖမ်းဆီးခံထားရသူ (၅၆၃၆) ဦးကို လွှတ်ပေးမည်ဟု စစ်ကောင်စီမှပြောဆိုထားသော်လည်း အောက်တိုဘာလ ၂၅ ရက်နေ့အထိ စာရင်းကောက်ယူမှုအရ လွတ်မြောက်သူ (၄၀၆၅)ဦးသာရှိသေးကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)က အောက်တိုဘာလ ၂၆ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
■ ရခိုင်ပြည်ရှိ ကျောက်ဖြူနှင့် တောင်ကုတ်မြို့တွင် တပ်မိသားစုများပူးပေါင်း၍ စစ်တပ်ထောက်ခံပွဲများ ပြုလုပ်ခဲ့ကြသည်။
အောက်တိုဘာ ၂၇
■ မင်းပြားမြို့နယ်၊ လေးမြို့မြစ်ကမ်းဘေးရှိ လက်မ(ရခိုင်)ကျေးရွာတွင် နှစ်စဉ်ကမ်းပါးပြိုကျမှုများကြောင့် လူနေအိမ်များပျက်စီးမှုဖြစ်ပေါ်နေသဖြင့် ကမ်းထိန်းနံရံပြုလုပ်ရန်လိုအပ်နေကြောင်း ဒေသခံများကပြောသည်။
■ ကိုဗစ်ကာလတွင် ခရီးသွားလုပ်ငန်းများ ထိခိုက်မှုရှိခဲ့သော်လည်း သီတင်းကျွတ်လမှစတင်ကာ ရခိုင်ပြည်နယ်ရှိ ငပလီကမ်းခြေသို့ လာရောက်အပန်းဖြေသူအရေအတွက် မြင့်တက်လာခဲ့သည်။
■ စံချိန်တင်ဈေးနှုန်းမြင့်တက်ခဲ့သည့် ရွှေဈေးမှာ လက်ရှိအချိန်တွင် တစ်ကျပ်သားလျှင် ကျပ် ၁၇ သိန်းကျော်သာ ရှိသော်လည်း ရွှေဝယ်ယူသူမှာ နည်းပါးလျက်ရှိသည်။
■ ကျောက်တော်မြို့နယ်မှ တင်းမကျေးရွာသားများမှာ မိမိနေရပ်တွင် ပြန်လည်နေထိုင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ရန် ကျေးရွာသို့ သွားရောက်မည့်ကိစ္စကို ခွင့်ပြုချက်မရ၍ နောက်ဆုတ်လိုက်ရသည်။
■ စစ်တွေမြို့မှ လူအများသွားရောက်အပန်းဖြေနေသည့် နန္ဒဝန်ဥယျာဉ်အား ပြန်လည်ဖွင့်လှစ်ပေးနိုင်ရေးအတွက် ကော်မတီတစ်ရပ်ဖွဲ့စည်းပြီး စိစစ်မှုများပြုလုပ်နေကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ပြောကြားခဲ့သည်။
■ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်ကကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တစ်ကြိမ်ထက်မဲပိုပေးသည့် မဲဆန္ဒရှင်များကို အမှုဖွင့်အရေးယူရန် စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) မှ ညွှန်ကြားခဲ့သည်။
အောက်တိုဘာ ၂၈
■ ကိုဗစ်ကပ်ရောဂါကြောင့် ၁ နှစ်ကျော်ကြာ ပိတ်ထားရသည့် စစ်တွေမြို့မှ ဗုဒ္ဓပြတိုက်နှင့်ယဉ်ကျေးမှုပြတိုက်တို့ကို အောက်တိုဘာ(၂၈)ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။
■ ရခိုင်ပြည်တွင် ယခုနှစ်လူသတ်မှုမှာ သုံးရက်လျှင် လူတစ်ဦးနှုန်း အသတ်ခံရကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ရုံး၏ စာရင်းမှတ်တမ်းများအရ သိရသည်။
■ ရခိုင်ပြည်တွင် ကိုဗစ်ရောဂါဖြစ်ပွားမှုကြောင့် ယခုနှစ်အတွင်း ပြည်ပနိုင်ငံများသို့ ခရီးသွားလာမှု ထက်ဝက်နီးပါးလျော့နည်းကျဆင်းခဲ့ကြောင်း မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ခွဲရုံး (စစ်တွေ)မှ သိရသည်။
■ စစ်ကောင်စီထံမှ ခရီးသွားလာခြင်း ခွင့်ပြုချက်မရှိသည့်အတွက် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) အနေဖြင့် ရခိုင်ပြည်အတွင်း စားနပ်ရိက္ခာထောက်ပံ့ကူညီမှုများကို ရပ်ဆိုင်းထားရကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။
■ ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာ့စစ်တပ်တို့အကြား (၂)နှစ်ကျော်တိုက်ပွဲကြောင့် ရပ်နားထားရသည့် ရခိုင်မှ ဇာတ်သဘင်များမှာ ယခုနှစ်တွင် ပြန်လည်ဦးမော့လာကြောင်း ဇာတ်တည်ထောင်သူများက ဆိုသည်။
■ ရာသီအပြာင်းအလဲကြောင့် လက်ရှိအချိန်တွင် ရာသီတုပ်ကွေးကူးစက်မှုများရှိလာပြီး စစ်တွေမြို့မှဆေးခန်းများတွင် လာရောက်ပြသသည့်လူနာ ပိုမိုများပြားလာသည်။
■ မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာသား ၂၀ ကျော်ကို စွဲဆိုထားသည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မအမှုကို လာမည့် ရုံးချိန်းတွင် အပြီးသတ်အမိန့်ချမှတ်မည်ဖြစ်ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်နေသည့် မင်းထီး Law Firm အဖွဲ့မှ သိရသည်။
■ ကိုဗစ်ကြောင့် ယာယီပိတ်ထားသည့် အခြေခံပညာစာသင်ကျောင်းများကို နိုဝင်ဘာလ ၁ ရက်နေ့တွင် ပြန်ဖွင့်လှစ်မည်ဖြစ်ကြောင်း အောက်တိုဘာလ ၂၈ ရက်နေ့တွင် စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။
■ ရခိုင်ပြည်ရှိ ၁၇ မြို့နယ်တွင် မော်တော်ဆိုင်ကယ်ခိုးမှုများ ဆက်တိုက်ဖြစ်ပွားနေသော်လည်း ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားမှု ယခုနှစ် ၉ လအတွင်း ၁၂ မှုသာရှိကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။
အောက်တိုဘာ ၂၉
■ တောင်ကုတ်မြို့နယ် ဆားပြင်ကျေးရွာမှ အကြမ်းမှုတိုက်ဖျက်ရေးဥပဒေဖြင့် တစ်နှစ်ကျော်ကြာ တရားရင်ဆိုင်နေရသည့် ဦးသန်းနိုင်မှာ ကျန်းမာရေးမကောင်းသဖြင့် မိသားစုဝင်များမာှ စိုးရိမ်မှုရှိနေကြသည်။
■ စစ်တွေမြို့နယ်နှင့် ၁၀ မိုင်ပတ်လည်အကွာရှိ ကျေးရွာအချို့မှာ လျှပ်စစ်မီးရရှိရန် အချိန်ကြန့်ကြာနေကြောင်း ဒေသခံများထံမှ သိရသည်။
■ မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာမှာ လူငယ်စာရေးဆရာ မင်းဒီပါကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့်အမှုဖွင့်ကာ အောက်တိုဘာလ ၂၉ ရက်နေ့တွင် မြောက်ဦးမြို့နယ်တရားရုံး၌ ဒုတိယအကြိမ် ရမန်ယူခဲ့သည်။
■ တောင်ကုတ်မြို့ လူနေရပ်ကွက်ဖြစ်သော ကိုင်ရှည်ရပ်ကွက်အတွင်း စက်သုံးဆီဆိုင်နှင့် ဆီသိုလှောင်ကန် တည်ဆောက်နေမှုကို ဒေသအာဏာပိုင်များအနေဖြင့် တားမြစ်ပေးရန်လိုအပ်နေကြောင်း ဒေသခံများကတောင်းဆိုကြသည်။
အောက်တိုဘာ ၃၀
■ ရခိုင်ပြည်တွင် အဓမ္မပြုကျင့်ခံရသည့်ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူကို အရေးယူဆောင်ရွက်ရာ၌ အားနည်းမှုများရှိနေခြင်းကြောင့် ဥပဒေအရ ထိရောက်စွာအရေးယူ ဆောင်ရွက်ပေးစေလိုကြောင်း အမျိုးသမီးအရပ်ဖက်အဖွဲ့အစည်းများက တောင်းဆိုကြသည်။
■ ပေါက်တောမြို့နယ်က စစ်ကဲပြင်၊ ပြိုင်းတောင်၊ ချိုင်ပြင်ကျေးရွာများကို ၂၈ ရက်နေ့ ၃၀ ရက်များက မြန်မာစစ်တပ်မှ ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
■ ရခိုင်ပြည်တွင် ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ၉ လအတွင်း အမှုကြီး ၉၈ မှုဖြစ်ပွားခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ရုံး၏ စာရင်းမှတ်တမ်းများအရ သိရသည်။
■ အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကျင်းပမည့် အချိုးကျကိုယ်စားပြုစနစ်(PR)အပါအဝင် ပြောင်းလဲကျင့်သုံးသင့်သည့် ရွေးကောက်ပွဲစနစ်များကို ဆွေးနွေးမည့်ပွဲအား ရခိုင်ပြည်နယ်မှ ရခိုင့်ဦးဆောင်ပါတီ(AFP) တက်ရောက်မည်ဖြစ်သည်။
■ ချင်းပြည်နယ်၊ ပလက်ဝမြို့ပေါ်တွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင်များကို စစ်ကောင်စီမှ ထောက်ပံ့ငွေတစ်ချို့ပေးကာ နေရပ်သို့ပြန်ခိုင်းနေသည့်အတွက် မိမိသဘောဆန္ဒမပါဘဲ နေရပ်ပြန်နေရသည်ဟု စစ်ဘေးရှောင်များကပြောဆိုကြသည်။
■ ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့ အမှတ်(၁) ဆန်တင်မော်ရပ်ကွက်အတွင်း အရက်ဆိုင်များ ပိတ်သိမ်းရေးအတွက် အာက်တိုဘာ ၃၀ ရက်ညနေ ၃ နာရီကျော်က ရပ်ကွက်အတွင်းလှည့်လည်ကာ အမျိုးသမီးများ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
■ စစ်တွေတက္ကသိုလ်တွင် အဝေးသင်ကျောင်းသား/ကျောင်းသူများကို နိုဝင်ဘာလ ၁ ရက်နေ့မှစတင်ကာ ကျောင်းအပ်လက်ခံရန် ဗဟိုပညာရေးဦးစီးဌာနက ညွှန်ကြားထားကြောင်း သိရသည်။
အောက်တိုဘာ ၃၁
■ ရခိုင်ပြည်မှ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် တရားစွဲဆိုခံထားရသူ ၃၆ ဦးတို့၏ အမှုများကို ထပ်မံရုပ်သိမ်းပေးရန်ဆောင်ရွက်နေကြောင်း ပြည်နယ်စစ်ကောင်စီ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ၊ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကပြောသည်။
■ ပြီးခဲ့သည့် အောက်တိုဘာ ၂၉ ရက်နေ့က နေအိမ်များမီးရှို့ခံခဲ့ရသည့် ထန်တလန်မြို့က မီးဘေးသင့်ပြည်သူများအတွက် ရခိုင်လူငယ်များက စုပေါင်း၍ စစ်တွေမြို့ ကမ်းနားလမ်းတွင် အောက်တိုဘာ ၃၁ ရက်နေ့ ညပိုင်းကစ၍ အလှူခံခဲ့ကြသည်။
■ ရခိုင်တွင် ဓနိဖူးခြောက်ကို ၂၀၂၀ ခုနှစ်က ပြည်နယ်အတွင်း ထုတ်လုပ်မှုရှိလာခြင်းဖြစ်ပြီး လက်ရှိတွင် ဝယ်ယူသောက်သုံးသူများ ပိုများပြားလာကြောင်း ဓနိဖူးခြောက် ရောင်းချနေသူများထံမှ သိရသည်။
■ ရခိုင်ပြည်တွင် အောက်တိုဘာလအတွင်း အထောက်အထားမဲ့သွားလာသူ မူဆလင်များနှင့် လူမှောင်ခိုသမား စုစုပေါင်း ၁၆၅ ဦး ဖမ်းဆီးခဲ့သည်ဟု ရဲတပ်ဖွဲ့၏ သတင်းများအရ သိရသည်။