- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
တစ်ပတ်အတွင်း ရခိုင်သတင်းများစုစည်းမှု (၈-၁၀-၂၀၂၁ မှ ၁၅-၁၀-၂၀၂၁ ထိ)
ရခိုင်ပြည်နယ်မှ အကြမ်းဖက်မှုဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ကျောက်ဖြူအကျဉ်းထောင်မှ ၃၇ ဦးနှင့် သံတွဲအကျဉ်းထောင်မှ ၃ ဦးတို့ကို အောက်တိုဘာ ၁၅ ရက်နေ့ ညနေပိုင်းအချိန်ခန့်တွင် စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့သည်။
16 Oct 2021
အောက်တိုဘာ ၈
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို စွဲဆိုထားသည့် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ-၅၀၅(ခ)အတွက် အောက်တိုဘာလ ၈ ရက်နေ့တွင် စစ်တွေမြို့နယ်တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၂)နှစ် ချမှတ်ခဲ့သည်။
စစ်တွေမြို့ မိဇံရပ်ကွက်ရှိ ပြည်သူများသွားရောက်အပန်းဖြေရာ နေရာတစ်ခုဖြစ်သည့် BXT ဆိပ်ကမ်း (ခေါ်) ကိုရီးယားဆိပ်ကမ်းတွင် ဆေးဘက်ဆိုင်ရာသုံး ပစ္စည်းများ လာရောက်စွန့်ပစ်ထားကြောင်း တွေ့ရရှိသည်။
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေကြရသည့် တင်းမကျေးရွာသားများ ယခုလအတွင်း နေရပ်ပြန်နိုင်ရန် ကြိုးပမ်းပေးသွားမည်ဟု ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရက ပြောခဲ့သည်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့ ၃ မိုင်ရပ်ကွက်တွင် သံသေတ္တာ ၇ လုံးဖြင့် ထည့်ထားသည့် စစ်ကျန်လက်နက်ဟောင်းများကို တွေ့ရှိခဲ့သည်။
ရခိုင်ပြည်အတွင်းက အသက် ၁၂ နှစ်အထက် ကျောင်းသား/သူများကို ယခုအောက်တိုဘာလ ဒုတိယအပတ်အတွင်း ကိုဗစ်ကာကွယ်ဆေးထိုးပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီက ပြောကြားခဲ့သည်။
အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ခွင့်ပြုချက်ညွှန်ကြားစာရောက်ရှိပါက ရခိုင်ပြည်အတွင်းက အကြမ်းဖက်မှုပုဒ်မဖြင့် တရားစွဲခံထားရသူ ၃၆ ဦးထပ်မံလွှတ်ပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီက ပြောခဲ့သည်။
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၊ အမှတ် ၆ ရပ်ကွက်တွင် တည်ဆောက်ထားသည့် အောက်ဆီဂျင်စက်ရုံမြေနေရာ အငြင်းပွားမှုကို ဖြေရှင်းပေးမည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA/ AA က အောက်တိုဘာလ ၈ ရက်တွင် အကြောင်းပြန်ကြားခဲ့သည်ဟု သိရသည်။
အောက်တိုဘာ ၉
ရက္ခိုင့်တပ်တော်(AA)၏ အမာခံဟုဆိုကာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် တောင်ကုတ်မြို့နယ်၊ မအီမြို့၊ အမှတ်(၁)ရပ်ကွက်မှ အသက်(၁၈)နှစ်အရွယ် အမွှာညီအစ်ကို မောင်သန်းဇော်ဇော်နှင့် မောင်သန်းဇော်ဌေးတို့၏အမှုမှာ တရားလိုသက်သေများ ရုံးချိန်းလာရောက်ခြင်းမရှိသဖြင့် အမှုစစ်ဆေးမှုကြန့်ကြာနေရကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ၈ လတာအတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ်များကြောင့် မိုင်းဒဏ်သင့်သေဆုံးဒဏ်ရာရရှိသူစုစုပေါင်း၏ ၆၇ ရာခိုင်နှုန်းမှာ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မှဖြစ်ကြောင်း United Nations OCHA Myanmar က ထုတ်ပြန်ခဲ့သည်။
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် တည်ဆောက်မည့် ပုဏ္ဏားကျွန်းစက်မှုဇုန်ကို အထူးကိစ္စတစ်ရပ်အနေဖြင့် ဦးစားပေးဆောင်ရွက်နေကြောင်း ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောခဲ့သည်။
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်အတွင်းက ကျေးရွာပေါင်း ၃၀ ကျော်အားထားနေရသည့် ဆားချက်တိုက်နယ်ဆေးရုံတွင် တာဝန်ကျခဲ့သည့် ဆရာဝန်ပြောင်းရွှေ့သွားပြီးနောက် နောက်ထပ်ဆရာဝန် မရှိသည်မှာ ၃ နှစ်ခန့် ကြာမြင့်လာပြီဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် ကိုဗစ်ကူးစက်မှုနှုန်း ၅ ရာခိုင်နှုန်းအောက် ရောက်ရှိနေပြီဖြစ်သဖြင့် စာသင်ကျောင်းများနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများကိုဖွင့်ရန် အသင့်ပြင်ထားကြောင်း ပြည်နယ်စစ်ကောင်စီက ပြောခဲ့သည်။
ရခိုင်ပြည်နယ်၊ သံတွဲမြို့မှ လူမှုရေးတက်ကြွလှုပ်ရှားသူ ဦးစိန်ချစ်ကို အောက်တိုဘာလ ၉ ရက် ညနေ ၁၀ နာရီတွင် ရဲတပ်ဖွဲ့ဝင်များက ၎င်း၏နေအိမ်မှ လာရောက်ဖမ်းဆီးသွားပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည်။
အောက်တိုဘာ ၁၀
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံဆွေးနွေးရာတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြန်လည်စတင်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြကြောင်း ဆွေးနွေးမှုတက်ရောက်ခဲ့သည့် နိုင်ငံရေးပါတီများထံမှ သိရသည်။
ရခိုင်ပြည်နယ်အတွင်းက ကြက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများမှာ ကြက်စာဈေးနှုန်းတက်ပြီး ကြက်ဥဈေးမရသဖြင့် အရှုံးပေါ်နေကြကြောင်း သိရသည်။
ရေလုပ်ငန်းတစ်မျိုးဖြစ်သည့် ကယု(ကမာ)မွေးမြူရေးကို ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် စီးပွားဖြစ် စတင်လုပ်ကိုင်လာနေသူများရှိကြောင်း သိရသည်။
အောက်တိုဘာ ၁၁
ရခိုင်ပြည်နယ်မှထွက်ရှိသော ဝါးများကို မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နှစ်စဉ်တင်ပို့ခဲ့သော်လည်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဝါးတင်ပို့ခြင်းမရှိခဲ့ကြောင်း ဝါးကုန်သည်များထံမှ သိရသည်။
မြန်မာနိုင်ငံတွင် စစ်တပ်မှ နိုင်ငံတော်အာဏာကိုသိမ်းယူခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး ၈ လကျော်အတွင်း ဖမ်းဆီးတရားစွဲဆိုခံထားရသည့် သတင်းသမား (၅၄)ဦးကို ပြန်လွှတ်ပေးရန် Myanmar Press Freedom In-Depth မှ အောက်တိုဘာ ၁၁ ရက်နေ့က ထုတ်ပြန်ချက်ထုတ်၍ တောင်းဆိုခဲ့သည်။
ရခိုင်ပြည်နယ်အတွင်းက သမိုင်းဝင်ဘုရားပုထိုးစေတီများတွင် မြန်မာစစ်တပ်က တပ်စွဲထားခြင်းများ ရှိနေသေးကြောင်း ဒေသခံများကပြောဆိုပြီး ယင်းသို့ ဘုရားပုထိုးများ၌ တပ်စွဲနေထိုင်ခြင်းမှာ ဂျနီဗာကွန်ဗင်းရှင်း(Geneva Convention)ကို ချိုးဖောက်ရာရောက်ကြောင်း ရက္ခိုင့်တပ်တော်(ULA/AA)မှ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကပြောခဲ့သည်။
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ကပ်သပြေကျေးရွာမှ အကြမ်းဖက်မှု ဥပဒေပုဒ်မ ၅ ခုဖြင့် တရားစွဲခံထားရသည့် ကပ်သပြေကျေးရွာသား ၈ ဦးအမှုကို ရုံးထုတ်စစ်ဆေးခြင်းမရှိသည်မှာ ၃ လကျော်ခန့်ရှိပြီဖြစ်သည်။
ရေလမ်းခရီးတစ်ခုတည်းဖြင့် သွားလာကာ လုပ်ကိုင်စားသောက်နေရသည့် ရခိုင်ပြည်နယ်၊ လေးမြို့ချောင်းအထက်ပိုင်းမှ ဒေသခံများမှာ စက်သုံးဆီဈေးနှုန်းများ မြင့်တက်နေခြင်းကြောင့် အခက်အခဲဖြစ်နေကြသည်။
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနအောက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထဲရေးဝန်ကြီးဌာနအောက်သို့ ပြန်ပြောင်းကြောင်း အောက်တိုဘာလ ၁၁ ရက်တွင် စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။
အောက်တိုဘာ ၁၂
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုကြောင့် ဖမ်းဆီးတရားစွဲဆိုခံရကာ ထောင်ဒဏ်ချမှတ် ခံထားရသည့် ဦးမင်းအောင်နှင့် ကိုသန့်ဇင်ဖြိုးတို့အမှုကို သံတွဲခရိုင်တရားရုံးတွင် အယူခံတင်သွင်းထားကြောင်း ရှေ့နေ့များထံမှ သိရသည်။
ဒေါ်လာဈေးမငြိမ်သက်မှုများကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်လာနေသည့်အတွက် တောင်ယာလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုနေကြသည့် ရခိုင်ပြည်နယ်၊ လေးမြို့ချောင်းဒေသခံများမှာ မြေသြဇာဝယ်ယူမသုံးစွဲနိုင်တော့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ-၅၀၅(ခ)ဖြင့် စစ်တွေမြို့နယ်တရားရုံးမှ အမြင့်ဆုံးပြစ်ဒဏ်ချမှတ်လိုက်ခြင်းမှာမဖြစ်သင့်ကြောင်း ၎င်း၏မိသားစုဝင်များက ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ်၊ မာန်အောင်ကျွန်း သဘာဝအခြေပြုခရီးသွားလုပ်ငန်းမှာ ၉၀ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ကြောင်း မာန်အောင်အများပိုင်ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးထွန်းလှိုင်က ပြောခဲ့သည်။
အောက်တိုဘာ ၁၃
တက္ကသိုလ်ဝင်တန်းကို ပြင်ပမှဖြေဆိုမည့် ကျောင်းသား/သူများအနေဖြင့် ကိုဗစ်ကာကွယ်ဆေးထိုးပေးသည့်အထဲတွင် မပါမည်ကို စိုးရိမ်နေကြသည်။
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်၊ ဘရူးနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး အာရွန်ယူစွတ်နှင့် မြန်မာနိုင်ငံအတွင်းက နိုင်ငံရေးပါတီတချို့ တွေ့ဆုံမည့်အစီအစဉ်အား ဖျက်သိမ်းခဲ့သည်။
မြန်မာနိုင်ငံအတွင်း ဆင်မခြင် ဖမ်းဆီးသတ်ဖြတ်ခြင်းများကြောင့် အနီရောင်စာရင်းဝင် ဆောင်းခိုငှက်များဖြစ်သည့် ရေညှောင့်နုတ်ဝိုင်းငှက်၊ နုတ်တိုနုတ်ရှည်ငှက်၊ ကြိုးကြာငှက်တို့အပါအဝင် တခြားငှက်မျိုးစိတ် ၅၀ ကျော်မှာ မျိုးတုံးမည့် အရေးနှင့်ကြုံတွေ့နေရပြီး အရေးတကြီး ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်နေကြောင်း သိရသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ABC မိဘမဲ့ကလေးကျောင်းတွင် မိခင်ဖြစ်သူသေဆုံးသွားမှုနှင့် မိသားစုအား ဖခင်ဖြစ်သူမှ စွန့်ပစ်ခဲ့မှုများကြောင့် လက်ခံကျွေးမွေးမည့်သူမရှိ၍ ရောက်ရှိလာသည့် ကလေးငယ်များပြားလာနေကြောင်း သိရသည်။
ရက္ခိုင့်တပ်တော် AA နှင့်ဆက်စပ်သည့်ဟု ဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)၊ ၅၂(ဈ) ၊ ၅၄၊ ၅၂(ည) ၅၂(က) တို့ဖြင့်တရားစွဲခံထားခဲ့ရသူ ၅ ဦးထဲမှ AA တပ်မှုးချုပ်၏ ညီမ မမိုးနှင်းဖြူ၊ စင်ကာပူအသင်းမှ မမေမြတ်မွန်၊ ကျောက်တော် မာလာကျေးရွာမှ ဒေါ်မချေတု့မှာ ပြန်လည်လွတ်မြောက်ပြီဖြစ်သော်လည်း မြောက်ဦးမြို့ လက္ကာကျေးရွာမှ ဒေါ်လှတင်နုနှင့် ပုဏ္ဏားကျွန်းမှ ဒေါ်မသန်းတိုမှာ လွတ်မြာက်မှု မရှိသေးဟု သိရသည်။
ရခိုင်ဒေသရှိ ရိုးရာရက်ကန်းလုပ်ငန်းများမှာ အထည်ရက်လုပ်သည့်ချည်များ ဈေးကြီးခြင်း ရက်ထည်များကို ဝယ်ယူသူနည်းပါးလာခြင်းတို့ကြောင့် လုပ်ကိုင်သူများနည်းပါးလာသည်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တရားရုံးက အပြစ်မရှိဟုဆိုကာ အောက်တိုဘာ ၁၂ ရက်နေ့က ပြန်လွှတ်ပေးခဲ့သည့် ကိုအိုက်ထွန်းမင်း၊ ကိုထွန်းမင်း၊ ကိုထွန်းမင်းနှင့် ကိုအောင်ထွန်းစိုးတို့ ၄ ဦးကို အောက်တိုဘာ ၁၃ ရက်နေ့တွင် ရဲတပ်ဖွဲ့က ပြန်လည်ဖမ်းဆီးသွားခဲ့သည်။
ထိုင်းနိုင်ငံမှ ရခိုင်သို့ပြန်လာသူများ စီးနင်းလိုက်ပါလာသည့် ခရီးသည်တင်ကားတစ်စီးမှာ မြဝတီနှင့် ကော့ကရိတ်မြို့ကြားတွင် ဘရိတ်ပေါက်ကာ တိမ်းမှောက်၍ ကားပေါ်ပါလာသူ ၂၂ ဦးအနက်မှ ၁၀ ဦး ဒဏ်ရာရရှိခဲ့ပြီး ၃ ဦးမှာ ဒဏ်ရာပြင်းထန်ခဲ့သည်။
အောက်တိုဘဘာ ၁၄
သံသယဖြင့်ဖမ်းဆီးခံရပြီး ၃ နှစ်ခန့်ကြာ တရားရင်ဆိုင်နေကြရသည့် မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာသား (၂၀)ကျော်အမှုကို လာမည့်ရုံးချိန်း (အောက်တိုဘာ ၂၈) တွင် အပြီးသတ်လျှောက်လဲချက်ပေးမည်ဖြစ်ကြောင်း ရှေ့နေထံမှသိရသည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ပွိုင့်ကမ်းခြေမှ သဲထုတ်နေသူများကို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်လွင်က ပြောခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ကျပ်သိန်းပေါင်း ၁,၅၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်အထူးတပ်ဖွဲ့က ယနေ့ အောက်တိုဘာလ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် ကျောက်မိုင်းခွဲမှုများကြောင့် အနီးဝန်းကျင်ရှိ သရက်တောင်ဘုန်းတော်ကြီးကျောင်းတိုက်နှင့် စေတီပုထိုးတို့တွင် အက်ကွဲရာများဖြစ်ပေါ်လာနေကြောင်း သိရသည်။
ကညင်ချောင်းစီးပွားရေးဇုန်အတွင်း လမ်းများပျက်စီးမှုရှိနေ၍ မောင်တောနယ်စပ်ကုန်သွယ်မှုကို ယခင်ကုန်သွယ်မှုပြုခဲ့သည့် POE ဝင်/ထွက်စခန်းသို့ ပြောင်းလဲကုန်သွယ်မည်ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် သစ်တောဖုံးလွှမ်းမှုဧရိယာများ နည်းပါးလာနေသည်နှင့်အမျှ ပြည်သူများ၏ လူမှုစီးပွားရေးအပေါ်တွင် သက်ရောက်မှုများစွာ ရှိလာကြောင်း ဒေသခံများထံမှ သိရသည်။
ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဆိုသည့် သံသယဖြင့်ဖမ်းဆီးခံပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် တရားရင်ဆိုင်နေကြရသော ရမ်းဗြဲမြို့နယ်၊ ကုလားပုန်းကျေးရွာမှ ကိုစိုးမောင်၊ ကိုအောင်ဌေးဝင်းနှင့် ကိုညီစိတို့ ၃ ဦး အမှုကို အမြန်ဆုံးရုံးထုတ်စစ်ဆေးပေးရန် မိသားစုဝင်များက တောင်းဆိုကြသည်။
ရခိုင်ပြည်နယ်ရှိ ရမ်ဆာ(ရေဝပ်ဒေသထိန်းသိမ်းရေး)ဒေသဖြစ်သည့် စစ်တွေမြို့နယ်နှင့် ရသေ့တောင်မြို့နယ် အကြားတွင်ရှိသည့် နံ့သာကျွန်းနှင့် မေယုမြစ်ဝတို့တွင် အမဲလိုက်ခြင်း၊ ကျူးကျော်ဝင်ရောက်ခြင်း မရှိစေရေးအတွက် ရှောင်တခင် ကင်းလှည့်စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်သစ်တောဦးဌာနမှ သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင်ရှိ ဒုက္ခသည်စခန်းများမှ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်သို့ တရားမဝင် ဝင်ရောက်လာသော မူဆလင် ၁၃ ဦးအား အောက်တိုဘာ ၁၄ ရက် ညနေ ၅ နာရီခွဲခန့်တွင် မောင်တောမြို့နယ်၊ ဇင်တူလာကျေးရွာ ဒီရေတောအနီးရှိ လယ်ကွင်းတွင် လုံခြုံရေးအဖွဲ့ဝင်များကဖမ်းဆီးရမိခဲ့သည်။
အောက်တိုဘာ ၁၅
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည်မှာ ၆ နှစ်ပြည်ခဲ့ပြီဖြစ်သော်လည်း တိုင်းရင်းသားများမျှော်မှန်ထားသည့် ရလဒ်များမရရှိခဲ့ကြောင်း လက်မှတ်ရေးထိုးထားသော လက်နက်ကိုင်(၁၀)ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST မှ အောက်တိုဘာလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ပြောကြားခဲ့သည်။
အောက်တိုဘာလ ၁၅ ရက်နေ့တွင်ကျရောက်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း (၆)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ငြိမ်းချမ်းရေးကို ရှေးရှုကာ နိုင်ငံတော်အတွင်းတရားရုံး အသီးသီးတွင် တရားစွဲဆိုထားဆဲဖြစ်သည့် အေအေနှင့် ဆက်စပ်သည်ဟု ဖမ်းဆီးခံထားရသူ ၆၁ ဦးအပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ အဖွဲ့ဝင်များနှင့် ဆက်စပ်ပါဝင်သူ စုစုပေါင်း ၁၁၄ ဦးတို့အား အမှုပိတ်သိမ်းရန် စစ်ကောင်စီမှ ထုတ်ပြန်ခဲ့သည်။
အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် လက်ရှိအစိုးရအား ရွေးကောက်ခံအစိုးရမဟုတ်သည့်အတွက် တွေ့ဆုံဆွေးနွေးရန်မလိုဟူသည့် အယူအဆများ၊ ငြိမ်းချမ်းရေးအား အပြည့်အဝ ဖော်ဆောင်ပေးနိုင်မည်မဟုတ်ဆိုသည့် အယူအဆများအပေါ်တွင် စိတ်ကူးယဉ်မဆန်ဘဲ လက်တွေ့ကျကျ သုံးသပ်ရန်လိုအပ်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့သည်။
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ စံကိုးတောင်ကျေးရွာတွင် တည်ရှိသည့် ရှေးဟောင်းသမိုင်းဝင် သုံးဆယ့်တစ်ဘုံဘုရားမှာ တိုက်ပွဲကာလအတွင်း မြန်မာစစ်တပ်က တပ်စွဲနေထိုင်နေသည့်အတွက် ပျက်စီးသွားသည့် ဗုဒ္ဓရုပ်ပွားတော်များနှင့် သာသနိကအဆောက်အအုံအချို့ကို ပြုပြင်မွမ်းမံရန် အခက်အခဲဖြစ်နေကြောင်း ကျေးရွာသားများနှင့် သာသနာရေးဆောင်ရွက်နေသူများက ပြောသည်။
ရခိုင်ပြည်နယ်မှ အကြမ်းဖက်မှုဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ကျောက်ဖြူအကျဉ်းထောင်မှ ၃၇ ဦးနှင့် သံတွဲအကျဉ်းထောင်မှ ၃ ဦးတို့ကို အောက်တိုဘာ ၁၅ ရက်နေ့ ညနေပိုင်းအချိန်ခန့်တွင် စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့သည်။
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဟိန္ဒူဘုရားကျောင်းများတွင် ဒူဂါပူဂျာဟိန္ဒူမယ်တော်ပူဇော်ပွဲများကို အောက်တိုဘာလ ၁၀ ရက်နေ့မှ ၁၅ ရက်နေထိ ကျင်းပခဲ့သည်။
ရခိုင်ပြည်နယ်မှ နေရပ်သို့ပြန်မည့် စစ်ဘေးရှောင်တစ်အိမ်ထောင်စီအတွက် ပြည်နယ်စစ်ကောင်စီကပေးမည့် ကျပ် ၃ သိန်းမှာ လုံလောက်မှုမရှိဟု စစ်ဘေးရှောင်များက ပြောသည်။