စစ်တွေမြို့မှ ဘေးတွဲနှင့် သုံးဘီးဆိုင်ကယ်များကိုဖယ်ရှားမည်ဟု ပြည်နယ်စစ်ကောင်စီ၏ပြောဆိုချက်အပေါ် ဘေးတွဲနှင့်သုံးဘီးဆိုင်ကယ်မောင်းနှင်သူများ စိုးရိမ်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဘေးတွဲဆိုင်ကယ်နှင့် သုံးဘီးဆိုင်ကယ်များကို ဖယ်ရှားသွားရန်စီစဉ်နေကြောင်း ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ဇန်နဝါရီလ ၃ ရက်နေ့တွင် သတင်းထောက်များကို ပြောသည်။

By DMG 04 Jan 2022

DMG ၊ ဇန်နဝါရီ ၄

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဘေးတွဲဆိုင်ကယ်နှင့် သုံးဘီးဆိုင်ကယ်များကို ဖယ်ရှားသွားရန်စီစဉ်နေကြောင်း ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ဇန်နဝါရီလ ၃ ရက်နေ့တွင် သတင်းထောက်များကို ပြောသည်။

ဘေးတွဲနှင့် သုံးဘီးမောင်းနှင်သူများမှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း နားလည်မှုအားနည်းခြင်းကြောင့် မရပ်သင့်သည့်နေရာများတွင် ရပ်နားကြ၍ လမ်းသွားလမ်းလာများအတွက် အနှောက်အယှက်ဖြစ်ရကြောင်း ၎င်းကဆိုသည်။

“မကြာခင်မှာ ဘေးတွဲဆိုင်ကယ်တွေ၊ သုံးဘီးတွေကို ပထမအသုတ်အနေနဲ့ ဖယ်ရှားဖို့ရှိတယ်ဆိုတာကို ရှေ့ပြေးအနေနဲ့ ပြောပြပေးတာပါ”ဟု ဦးလှသိန်းကပြောသည်။

ဘေးတွဲဆိုင်ကယ်နှင့် သုံးဘီးဆိုင်ကယ်များကိုဖယ်ရှားရန်အတွက် မကြာမီတွင် ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကော်မတီနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီမှ သိရသည်။ သို့သော် ဘေးတွဲဆိုင်ကယ်နှင့် သုံးဘီးဆိုင်ကယ်များကို မည်ကဲ့သို့ဖယ်ရှားသွားမည်ကို လတ်တလောတွင် တိတိကျကျ မသိရသေးပေ။

ရခိုင်ပြည်နယ်တွင် နှစ်ဘီးဆိုင်ကယ်များကို ဘေးတွဲတပ်ဆင်ကာ ခရီးသည်တင်ဆောင်ပြေးဆွဲလာကြသည်မှာ ၅ နှစ်ခန့်ကြာမြင့်လာပြီဖြစ်သည်။ အဆိုပါဘေးတွဲဆိုင်ကယ်များမှာ တစ်နှစ်ထက်တစ်နှစ် အစီးရေများပြားလာပြီး လိုင်စင်ရရှိရေးအတွက် ဘေးတွဲဆိုင်ကယ်မောင်းနှင်သူများက လိုလားနေကြသည်။

လက်ရှိမှာ စစ်တွေမြို့တွင် ဘေးတွဲဆိုင်ကယ်နှင့် သုံးဘီးဆိုင်ကယ်များကို ဖယ်ရှားမည်ဟုပြောဆိုလာသဖြင့် ဘေးတွဲဆိုင်ကယ်မောင်းနှင်သူများမှာ စိုးရိမ်မှုရှိနေကြသည်။

“ကျနော်တို့က ဆိုက်ကားလည်း မမောင်းချင်တော့ဘူး။ အဲဒါကြောင့် ဘေးတွဲဆိုင်ကယ်ကို မောင်းနေရတာပါ။ ဒါမမောင်းရရင် ထမင်းငတ်တော့မှာ။ ကျွန်တော်တို့ကို လိုင်စင်တွေဘာတွေထုတ်ပေးပြီး မောင်းခိုင်းစေချင်တယ်။ ဘေးတွဲမောင်းသူအများစုက တစ်နေ့လုပ်မှ တစ်နေ့စားတွေပါ” ဟု စစ်တွေမြို့မှ ဘေးတွဲဆိုင်ကယ်မောင်းနှင်သူ ဦးအောင်ကျော်ဝင်းက ပြောသည်။

ဘေးတွဲဆိုင်ကယ်နှင့် သုံးဘီးဆိုင်ကယ်များမှာ တရားမဝင်သော ဆိုင်ကယ်များဖြစ်သောကြောင့် လိုင်စင်ထုတ်ပေးရန်အစီအစဉ်မရှိကြောင်း ဦးလှသိန်းက မီဒီယာများကို ပြောကြားခဲ့သည်။

အချို့သုံးဘီးများမှာလိုင်စင်ရှိပြီး ကုန်လမ်းဆက်သွယ်ရေးညွှန့်ကြားမှုဦးစီးဌာန(ကညန)တွင် အခွန်ဆောင်ရသည့်အတွက် သေချာစိစစ်ပြီးမှ ယင်းဖယ်ရှားမည့်အစီအစဉ်ကို လုပ်သင့်ကြောင်း သုံးဘီးမောင်းနေသူ ဇော်မင်းနိုင်ကပြောသည်။

“တရားမဝင် သုံးဘီးတွေသိမ်းချင်ရင် သိမ်းပေါ့၊ တရားဝင် သုံးဘီတွေလည်းရှိပါတယ်။ ကျနော်တို့မှာ နှစ်စဉ်နှစ်တိုင်း တစ်နှစ်မှာတစ်သိန်းအထိ ကညနရုံးမှာ အခွန်ဆောင်ရတယ်” ဟု ၎င်းကဆိုသည်။

စစ်တွေမြို့တွင် ဘေးတွဲဆိုင်ကယ်များနှင့် သုံးဘီးဆိုင်ကယ်များကို မသွားရနယ်မြေ(လမ်းအချို့) သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် ဦးသန်းထွန်းက ၎င်း၏လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။