- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
အကြမ်းဖက်အမှုမှပြန်လွတ်လာသည့် ကျောက်တော်ဒေသခံ (၅)ဦးကို စစ်ဘေးရှောင်စခန်းများမှလက်မခံသဖြင့် စားဝတ်နေရေးအခက်အခဲဖြစ်နေ
အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံရပြီးနောက် ပြန်လွတ်လာသည့် ကျောက်တော်မြို့နယ်၊ မာလာကျေးရွာသား (၅)ဦးကို ၎င်းတို့နေထိုင်ခဲ့သည့် စစ်ဘေးရှောင်စခန်းမှ ပြန်လက်မခံသဖြင့် လက်ရှိတွင် စားဝတ်နေရေးအခက်အခဲရှိဖြစ်နေကြောင်း ကာယကံရှင်များက DMG သို့ပြောသည်။
30 Sep 2021
DMG ၊ စက်တင်ဘာ ၃၀
အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံရပြီးနောက် ပြန်လွတ်လာသည့် ကျောက်တော်မြို့နယ်၊ မာလာကျေးရွာသား (၅)ဦးကို ၎င်းတို့နေထိုင်ခဲ့သည့် စစ်ဘေးရှောင်စခန်းမှ ပြန်လက်မခံသဖြင့် လက်ရှိတွင် စားဝတ်နေရေးအခက်အခဲရှိဖြစ်နေကြောင်း ကာယကံရှင်များက DMG သို့ပြောသည်။
ပြန်လွတ်လာသူ(၅)ဦးမှာ မာလာကျေးရွာမှ ကိုမောင်စံသိန်း၊ ဦးမြကျော်၊ ဒေါ်မချေ၊ ကိုသန်းထွန်းမောင်နှင့် ၎င်းဖခင်ဖြစ်သူ ဦးမဲတုတ်ချေတို့ဖြစ်ကြောင်း သိရသည်။
၎င်းတို့(၅)ဦးမှာ ယခုစက်တင်ဘာလ (၁၄)ရက်နေ့က လွတ်မြောက်လာခြင်းဖြစ်ပြီး မိသားစုဝင်များရှိရာ စစ်ဘေးရှောင်စခန်းများသို့သွားရောက်ခဲ့ရာ မြို့နယ်အတွင်းရေးမှူး ဒေါက်တာထွန်းအေးက စစ်ဘေးရှောင်များကို လက်မခံတော့ကြောင်းပြောဆို၍ ပြန်လွှတ်လိုက်သည်ဟု လွတ်မြောက်လာသူ ကိုသန်းထွန်းမောင်က DMG သို့ပြောသည်။
"ကျနော်တို့မိသားစုက မဟာကံကြီးသျှင်စစ်ရှောင်စခန်းမှာ နေကြတာ။ ကျနော်ပြန်လွတ်လာတော့ အမေကလည်း စစ်ဘေးရှောင်စခန်းတာဝန်ခံဆီမှာ ကျနော်ကိုပြန်လက်ခံဖို့သွားပြောတာပေါ့။ အဲဒါကို ဒေါက်တာထွန်းအေးက ကယ်ဆယ်ရေးမှာလည်း လူလက်မခံတော့ဘူး။ စိတ်လည်းမဝင်စားဘူး။ ကယ်ဆယ်ရေးဆိုရင် ကြားလည်းမကြားချင်တော့ဘူးဆိုပြီး ပြောလွှတ်လိုက်တယ်။ စခန်းတာဝန်ခံကလက်မခံလို့ သူ့ဆီသွားပြောတာ သူကပါ အဲ့လိုပြောလိုက်တယ်"ဟု ၎င်းကဆိုသည်။
ထို့ကြောင့် အဆိုပါရွာသား ၅ ဦးမှာ မိသားစုဝင်များရှိရာ မဟာကံကြီးသျှင်ဘုရား၊ သိမ်ပြင်ကျောင်းနှင့် ကဝိရတနာကျောင်းတို့တွင် တရားမဝင်ကပ်ခိုနေကြရပြီး စားသောက်ရာတွင်လည်းထောက်ပံ့ကြေးမရသဖြင့် မိသားစုဝင် (၃)ဦးစာကို မိသားစု ၅ ဦး ဝေမျှကာ စားသောက်နေရသည်ဟု သိရသည်။
ယင်းပြင် ပြန်လည်လွတ်မြောက်လာသူ (၅)ဦးမှ ကိုသန်းထွန်းမောင်မှာ ဖမ်းဆီးခံခဲ့ရသည့်နေ့က ညာဖက်ဂျိုင်းအောက်တွင် ကျည်တစ်ချက်ထိမှန်ခဲ့ပြီး ယင်းဒဏ်ရာကြောင့် နေမကောင်းဖြစ်နေသဖြင့် ဆေးကုသမှုခံယူရန် လိုအပ်နေကြောင်းသိရသည်။
"အချုပ်ထဲမှာနေတုန်းကတော့ မိသားစုတွေဝိုင်းဝန်းပြီးတော့ ဆေးခန်းပြပေးကြတယ်။ ဆေးခန်းတစ်ခါပြရင် လေးသောင်းလောက်ကုန်တယ်။ အခုတော့ အချုပ်ကလွတ်လာပြီးကတည်းက တခါမှမပြရသေးဘူး။ မိသားစုတွေကလည်း အရမ်းကိုကျပ်တည်းနေကြတယ်။ အလုပ်ထွက်လုပ်ဖို့ကလည်း ဒဏ်ရာကြောင့် တကိုယ်လုံးနာနေတော့ ဘာမှမလုပ်နိုင်ဘူး။ ဒီကြားထဲ စစ်ဘေးရှောင်စခန်းက စားနပ်ရိက္ခာတွေ ထောက်ပံ့တဲ့စာရင်းမှာလည်း ကျနော်တို့နာမည်တွေမပါတော့ အရမ်းကိုအခက်အခဲဖြစ်နေပါတယ်" ဟု ကိုသန်းထွန်းမောင်က ဆက်ပြောသည်။
၎င်းတို့ ၅ ဦးကို စစ်ဘေးရှောင်စခန်းမှလက်မခံဟုပြောဆိုခြင်းနှင့်ပတ်သက်၍ အသေးစိတ်သိရှိရရန် မဟာကံကြီးသျှင် စစ်ရှောင်စခန်းတာဝန်ခံ ဦးကျော်ငြိမ်းအားဆက်သွယ်ခဲ့ရာ စစ်ကောင်စီမှ လူသစ်များကိုလက်မခံရန် ညွှန်ကြားထားသလို မြို့နယ်ကော်မတီ၏အစည်းအဝေးဆုံးဖြတ်ချက်အရ ကန့်သတ်ထားသဖြင့် လက်ခံ၍မရခြင်းဖြစ်ကြောင်း ပြောသည်။
"ကျနော်တို့မှာ ကောင်စီကို လူစာရင်းပေးလိုက်ကတည်းက လူသစ်ဆို လက်မခံတော့ဘူး။ အစိုးရအဖွဲ့ကလည်း အရင်လူအတိုင်းပဲလက်ခံတယ်။ သူတို့တွေအနေနဲ့ မိသားစုတွေဆီမှာ ကပ်ခိုပီးနေလို့တော့ရတယ်။ တရားဝင်တော့မဟုတ်ဘူးပေါ့။ ထောက်ပံ့ရင်လည်း သူတို့အတွက်မပါဘူး။ ဒါပေမဲ့ ပိုလျှံတာတွေရှိရင်တော့ ကျနော်အနေနဲ့ကူညီပေးသွားမှာပါ။ အခုလည်း သူတို့တွေကို စခန်းမှာပြန်လက်ခံပေးဖို့ကို ကောင်စီထံမှာတင်ပြဖို့လုပ်ထားတယ်။ အဲဒီအခြေအနေကိုစောင့်ကြည့်ရမှာပေါ့"ဟု ဦးကျော်ငြိမ်းက ဆိုသည်။
မာလာကျေးရွာသားများမှာ ပြီးခဲ့သည့် ၂ဝ၂၀ ခုနှစ်၊ မတ်လအတွင်းက ကျေးရွာအနီးတိုက်ပွဲဖြစ်ပွားမှုများကြောင့် အိုးအိမ်စွန့်ခွာကာ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်လာကြရခြင်းဖြစ်သည်။
ယင်းနောက် ကျောက်တော်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြစဉ် စားဝတ်နေရေးကျပ်တည်းမှုကြောင့် ၎င်းတို့ ၅ ဦးမှာ မတ်လ ၂၀ ရက်နေ့တွင် ရွာ၌ကျန်ရှိခဲ့သည့် ပစ္စည်းများအား သွားရောက်ယူဆောင်ကြရာ တပ်မတော်စစ်ကြောင်းနဲ့ ထိပ်တိုက်တွေ့ပြီး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
ယင်းနောက် ၎င်းတို့ ၅ ဦးမှာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(ည)/၅၂(က)ဖြင့် တရားစွဲဆိုခံခဲ့ရပြီး မြောက်ဦးခရိုင်တရားရုံးတွင် (၁)နှစ်နှင့် ၇ လကျော် အမှုရင်ဆိုင်နေခဲ့ရပြီးနောက် လွတ်မြောက်လာခြင်းဖြစ်သည်။