လူငယ်စာရေးဆရာ မင်းဒီပါကို အကြမ်းဖက်ပုဒ်မ၅၀(ည)နှင့် စွဲချက်တင်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာက လူငယ်စာရေးဆရာကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)ဖြင့် ယနေ့(ဒီဇင်ဘာလ ၁၀ ရက်)တွင် စွဲချက်တင်လိုက်ကြောင်း ရှေ့နေထံမှသိရသည်။

10 Dec 2021

DMG ၊ ဒီဇင်ဘာ ၁၀

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာက လူငယ်စာရေးဆရာကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)ဖြင့် ယနေ့(ဒီဇင်ဘာလ ၁၀ ရက်)တွင် စွဲချက်တင်လိုက်ကြောင်း ရှေ့နေထံမှသိရသည်။

အဆိုပါအမှုကို ယနေ့မြောက်ဦးခရိုင်တရားရုံး၌ ရုံးထုတ်စစ်ဆေးရာ နှစ်ဖက်ရှေ့နေများ၏လျှောက်လဲချက်ကိုကြားနာခဲ့ပြီးနောက် လူငယ်စာရေးဆရာမှာ စွပ်စွဲခံထားရသည့် အကြောင်းအရာနှင့်ပတ်သက်မှုရှိသည်ဟုဆိုကာ စွဲချက်တင်လိုက်ခြင်းဖြစ်ကြောင်း သဇင်ဥပဒေဆိုင်ရာအဖွဲ့အစည်းမှ အထက်တန်းရှေ့နေ ဦးကျော်စိုးလင်းကပြောသည်။

“သူကစွပ်စွဲထားတဲ့အကြောင်းအရာနဲ့ ပတ်သက်တယ်ဆိုပြီးတော့ စွဲချက်တင်ခဲ့တာပေါ့။ လာမယ့်ရုံးချိန်းမှာ ပြန်ခေါ်သက်သေကို စစ်ဆေးသွားဖို့ရှိတယ်”ဟု ရှေ့နေကပြောသည်။

လူငယ်စာရေးဆရာ မင်းဒီပါကို ပြီးခဲ့သည့်အောက်တိုဘာလ ၁၅ ရက် နေ့လည်ပိုင်းတွင်ဖမ်းဆီးခဲ့ပြီး (PDF)ကိုငွေကြေးထောက်ပံ့သည်ဆိုသည့်စွပ်စွဲချက်နှင့် မြောက်ဦးမြို့ရဲစခန်းမှ ဒုရဲမှူးစိုးတင်က တရားလိုပြုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀(ည)ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ လူငယ်စာရေးဆရာ မင်းဒီပါကို စွဲချက်တင်လိုက်ခြင်းသည် စွပ်စွဲချက်သာဖြစ်ပြီး ဖိနှိပ်ချင်၍လုပ်ဆောင်ခြင်းသာဖြစ်သည်ဟု အစ်ကိုဖြစ်သူ ကိုအောင်မြင့်ကပြောသည်။

“အခုသွားနေတဲ့ပုံစံမျိုးက ထောင်မကျရင် ကျအောင်လုပ်ချင်နေတယ်ပုံစံမျိုးဖြစ်နေတယ်။ သူတို့ဖိအားနဲ့သွားတဲ့ပုံစံ။ သူတို့လုပ်ရင်အကုန်လုံးဖြစ်တာပဲ”ဟု ကိုအောင်မြင့်ကပြောသည်။
အမှုနှင့်ပတ်သက်၍ ဆက်လက်စစ်ဆေးရန်အတွက် လာမည့်ဒီဇင်ဘာလ ၁၆ ရက်နေ့ကို ရုံးချိန်းထားကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် လက်ရှိတည်ငြိမ်မှုရှိနေသော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)နှင့်ဆက်စပ်သည်ဆိုသော စွပ်စွဲချက်ဖြင့် အမျိုးသမီး ၅ ဦးနှင့် အမျိုးသား ၃ ဦး ဖမ်းဆီးခံထားရသည်။
ယင်းအထဲတွင် သံတွဲခရိုင်မှ ခြောက်ဦး၊ မြောက်ဦးခရိုင်မှ တစ်ဦး၊ ကျောက်ဖြူခရိုင်မှတစ်ဦးတို့ဖြစ်ကြသည်။