ရခိုင်တွင် ကိုဗစ်စစ်ဆေးသူ ၁၀၀ ဦးတွင် ၅၈ ရာခိုင်နှုန်းအထိ ပိုးတွေ့နေ

ကိုဗစ်တတိယလှိုင်းအတွင်း ရခိုင်ပြည်နယ်တွင် ရောဂါပိုးစစ်ဆေးသူ ၁၀၀ ဦးတွင် ၅၈ ရာခိုင်နှုန်းအထိ ပိုးတွေ့ရှိမှုမြင့်တက်နေကြောင်း ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

01 Aug 2021

DMG ၊ ဇူလိုင် ၃၁

ကိုဗစ်တတိယလှိုင်းအတွင်း ရခိုင်ပြည်နယ်တွင် ရောဂါပိုးစစ်ဆေးသူ ၁၀၀ ဦးတွင် ၅၈ ရာခိုင်နှုန်းအထိ ပိုးတွေ့ရှိမှုမြင့်တက်နေကြောင်း ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

ကိုဗစ်ပထမလှိုင်းနှင့် ဒုတိယလှိုင်းတို့တွင် ပိုးစစ်ဆေးသူ ၁၀၀ ဦးတွင် ၄၀ ရာခိုင်နှုန်းခန့်သာ ပိုးတွေ့ရှိခဲ့သော်လည်း ယခုတတိယလူှိုင်းတွင် ပိုးတွေ့ရှိမှုမြင့်တက်နေကြောင်း ၎င်းကဆိုသည်။

“အရင်လှိုင်းတွေကဆိုရင် လူ ၁၀၀ ကိုစစ်တဲ့အခါမှာ ပိုးတွေ့ရှိမှုက ၄၀ ရာခိုင်နှုန်းပဲရှိခဲ့တယ်။ အခုတတိယလှိုင်းမှာက လူ ၁၀၀ မှာ ၅၈ ရာခိုင်နှုန်းအထိရှိလာတယ်။ ပိုးတွေ့ရှိမှုမြင့်တက်လာနေတယ်။ ကူးစက်မှုမြန်လာတဲ့အတွက် ရောဂါကိုထိန်းချုပ်ဖို့အတွက် ကိုယ်ပိုင်အသိလေးနဲ့ဆင်ခြင်စေချင်တယ်”ဟု ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

ကိုဗစ်အတည်ပြုလူနာသေဆုံးမှုမှာလည်း ကိုဗစ်ပထမလှိုင်းနှင့် ဒုတိယလှိုင်းနှစ်ခုထက် ယခုတတိယလှိုင်းတွင် သေဆုံးသူ ၄ ဆခန့်မြင့်တက်လာနေပြီး ဇူလိုင် ၃၀ ရက်နေ့ ညနေ့ ၅ နာရီအထိ သေဆုံးသူစုစုပေါင်း ၁၇၅ ဦးအထိရှိလာကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ စာရင်းများအရသိရသည်။

ယင်းသို့ ကိုဗစ်အတည်ပြုလူနာသေဆုံးမှုမှာ စစ်တွေတွင် (၄၂)ဦး၊ မောင်တော(၉)ဦး၊ သံတွဲ(၂၀)ဦး၊ တောင်ကုတ်(၄၄)ဦး၊ ဘူးသီးတောင်(၂)ဦး၊ ကျောက်တော်(၈)ဦး၊ မင်းပြား(၅)ဦး၊ ဂွ(၂)ဦး၊ ကျောက်ဖြူ(၁၄)ဦး၊ ရမ်းဗြဲ(၄)ဦး၊ ပုဏ္ဏားကျွန်း(၁)ဦး၊ ပေါက်တော(၆)ဦး၊ အမ်း(၂)ဦး၊ မြောက်ဦး(၆)ဦး၊ ရသေ့တောင်(၃)ဦးနှင့် မာန်အောင်(၇)ဦးတို့ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ သေဆုံးသူဦးရေ များပြားလာသော်လည်း ပြည်သူများမှာ ကိုဗစ်စည်းကမ်းနှင့်အညီ လိုက်နာမှုအားနည်းနေသည်ဟု ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ရောဂါပိုးကူးစက်ခံရသူများလာသည့်အတွက် စစ်တွေမြို့အတွင်း Mask မတပ်သူများကို ဇူလိုင် ၁၄ ရက်နေ့မှစပြီး အရေးယူဆောင်ရွက်နေသည်ဟု ပြည်နယ်ကောင်စီအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းကပြောသည်။

ဇူလိုင်လ ၃၀ ရက်နေ့အထိ ရခိုင်တွင် ကိုဗစ်အတည်ပြုလူနာစုစုပေါင်းမှာ ၂၇၁၄ ဦးအထိရှိလာနေသည်။ မြန်မာတစ်နိုင်ငံလုံးတွင် ကိုဗစ်အတည်ပြုလူနာစုစုပေါင်း (၃,၁၄၅,၆၄၆)ဦးရှိပြီး ဆေးရုံမှဆင်းခွင့်ရသူ (၂၀၅,၆၇၇)ဦးနှင့် သေဆုံးသူစုစုပေါင်း (၈,၉၄၂)ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရသိရသည်။