- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
တစ်ပတ်အတွင်း ရခိုင်သတင်းများ
(၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့မှ ၁၅ ရက်နေ့အထိ သတင်းအကျဉ်းစုစည်းမှု)
16 Aug 2021
Development Media Group (DMG)
သြဂုတ် ၈
■ Covid-19 ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ပြည်သူများအနေဖြင့် စားဝတ်နေရေး အဆင်မပြေမှုများ ရှိနေခြင်းကြောင့် သြဂုတ်လ ၈ ရက်နေ့တွင် ရခိုင်ပြည် စစ်တွေမြို့မှ အိမ်ထောင်စု ၂၀၀ အတွက် ပရဟိတလူငယ်များအသင်း (ရခိုင်) က ကူညီထောက်ပံ့မှုများ လုပ်ဆောင်ခဲ့သည်။
■ ရခိုင်ပြည်အတွင်းက စစ်ဘေးရှောင်စခန်းတချို့တွင် ကိုဗစ်ရောဂါဖြစ်ပွားမှုရှိလာသဖြင့် စိုးရိမ်မှုများရှိနေကြသလို စားနပ်ရိက္ခာများလည်း ပုံမှန်ထောက်ပံ့မှုမရရှိသည့်အတွက် ရိက္ခာပြတ်လတ်မှုများနှင့် ကြုံတွေ့နေရကြောင်း စစ်ရှောင်စခန်းတာဝန်ရှိသူများထံမှ သိရသည်။
■ စစ်ကောင်စီကခန့်အပ်သည့် ရခိုင်ပြည်နယ်တိုင်းသားရေးရာဝန်ကြီးနေရာအား ဦးတင်လှနေဖြင့် လက်မခံသင့်ကြောင်း ချင်းအရပ်ဖက်အဖွဲ့အစည်း(၆)ဖွဲ့က သြဂုတ်လ ၈ ရက်နေ့တွင် ပူးတွဲသဘောထား ထုတ်ပြန်ခဲ့သည်။
■ တောင်ကုတ်မြို့ ကံပိုင်ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် သြဂုတ်လ ၈ ရက်နေ့က ခိုးမှုဖြစ်ပွားခဲ့ပြီး ငွေကျပ်သိန်းလေးရာကျော်တန်ဖိုးရှိသည့် ရွှေထည်ပစ္စည်းများ ပါသွားခဲ့သည်။
■ စစ်တွေမြို့၊ ရဲနွယ်စုရပ်ကွက် ၊ ကျောင်းကြီးလမ်းရှိ စားသောက်ဆိုင်တစ်ဆိုင်အား ကိုဗစ်စည်းကမ်းမလိုက်နာသဖြင့် သြဂုတ်လ ၈ ရက်နေ့ ည ၁၁နာရီခန့်တွင် စစ်တွေမြို့နယ်ရဲတပ်ဖွဲ့က ဝင်ရောက် ဖမ်းဆီးခဲ့သည်။
သြဂုတ် ၉
■ လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်တတိယလှိုင်းအတွင်း အလှူရှင်နည်းပါးလာသဖြင့် မိဘမဲ့ကလေးသူငယ်များကို ပြုစုစောင့်ရှောက်ပေးနေသည့် စစ်တွေမြို့မှ ABC ဖောင်ဒေးရှင်းတွင် ကလေးငယ်များ၏ စားဝတ်နေရေးနှင့် ကျန်းမာရေးအတွက် အခက်အခဲရှိနေကြောင်း ဖောင်ဒေးရှင်းတာဝန်ရှိသူများက ဆိုသည်။
■ ပြည်မဘက်ကနေ ကားဖြင့် ရခိုင်သို့ ဝင်ရောက်လာသည့် အထောက်အထားမဲ့ ဝင်လာသူ မူဆလင်အမျိုးသမီး တစ်ဦးနှင့် အမျိုးသားခုနှစ် ဦးတို့မှာ အမ်းမြို့၊ ပဲပဒုံ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် သြဂုတ်လ ၈ ရက်နေ့နှင့် ၉ ရက်နေ့ များ၌ အသီးသီးဖမ်းဆီးခံခဲ့ရသည်။
■ သြဂုတ်လ ၉ ရက်နေ့အထိ ရခိုင်ပြည်နယ်အတွင်းတွင် ကိုဗစ်ကူးစက်ခံရသည့် ကိုယ်ဝန်ဆောင်မိခင်များထဲမှ ကလေးမွေးဖွားပြီးသေဆုံးသူနှင့် ကလေးမမွေးဖွားမီ သေဆုံးသည့် ကိုယ်ဝန်ဆောင်မိခင်စုစုပေါင်း ၆ ဦးခန့် ရှိခဲ့သည်။
■ ၂၀၂၁ ခုနှစ် ဇွန်လ ၅ ရက်နေ့က တောင်ကုတ်-သံတွဲသွားလမ်း ဖုံညိုတောင်စစ်ဆေးရေးဂိတ်အနီးတွင် တပ်မတော်သားများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည့် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှ မိုးပညာဒါနကျောင်း ဥက္ကဋ္ဌ ကိုအောင်လှိုင်ဝင်းကို မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)နှင့် လိုင်စင်မဲ့ကားမောင်းနှင်မှု စသည့် အမှုနှစ်ခုဖြင့် တရားစွဲဆိုခဲ့သည်။
■ ရခိုင်ပြည်မြောက်ပိုင်းတွင် သြဂုတ်လ ၉ ရက်နေ့ ညအချိန် ၁၀နာရီ ၁၈မိနစ်ခန့်က ရစ်ချက်စတာစကေး ၄.၈ အဆင့်ရှိသည့် ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့သည်။
သြဂုတ် ၁၀
■ ယခုနှစ်မိုးရာသီအတွင်း ရေကြီးမှုကြောင့် ရခိုင်ပြည်မှ တောင်ကုတ်၊ သံတွဲ၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ပေါက်တော၊ မောင်တော၊ ဘူးသီးတောင် စသည့်မြို့နယ်၁၀ မြို့နယ်မှ ပျက်စီးမှုလယ်ဧကပေါင်း ၁၂၈၀၀ ကျော်ရှိကြောင်း ရခိုင်ပြည်တောင်သူလယ်သမားသမဂ္ဂမှ သိရသည်။
■ ကိုဗစ်ကာလတွင် အခက်အခဲဖြစ်နေကြသည့် ရခိုင်ပြည်သူများအတွက် အချက် (၅)ချက်အား ဆောင်ရွက်ပေးရန် ရခိုင်အမျိုးသားပါတီ (ANP)က ပြည်နယ်အစိုးရထံ တောင်းဆိုသည့် အိတ်ဖွင့်ပေးစာတစ်စောင်အား ပေးပို့ခဲ့သည်။
■ ရခိုင်ပြည်အတွင်းက ကိုဗစ်လူနာများနှင့် ကိုဗစ်ကြောင့်သေဆုံးသူများကို ကူညီပေးနေသည့် လူမှုကူညီရေးအသင်းများတွင် PPE ဝတ်စုံများ လိုအပ်လျက်ရှိနေသည်။
■ မြောက်ဦးခရိုင်၊ ဝက်လှစစ်ဘေးရှောင်စခန်းတွင် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်လျက်ရှိသည်ဟု အဆိုပါစခန်း တာဝန်ရှိသူထံမှ သိရသည်။
သြဂုတ် ၁၁
■ စစ်တွေမြို့ရှိ မင်းဂံအကွက် (၉)တွင်နေထိုင်သူ သားမိနှစ်ဦးမှာ ငါးပူတင်းစားမိရာမှ အစာအဆိပ်သင့်မှုဖြစ်ပွားကာ သေဆုံးသွားခဲ့ကြသည်။
■ အစိုးရရုံးပိတ်ရက် တိုးမြှင့်မှုများလာသောကြောင့် တရားရုံးများတွင် အာမခံမရဘဲ အချုပ်ခန်းမှတစ်ဆင့် အမှုရင်ဆိုင်နေရသည့် တရားစွဲဆိုခံထားရသူများအတွက် အချိန်ကြန့်ကြာမှုနှင့် နစ်နာမှုများရှိလာနေသည်ဟု ရှေ့နေများနှင့် တရားစွဲဆိုခံထားရသူများ၏ မိသားစုဝင်များကပြောခဲ့သည်။
■ ရခိုင်ပြည်တွင် ကိုဗစ်ကာလအတွင်း လူသုံးများသည့် ဆေးဝါးများမှာ လက်ရှိအချိန်ထိ လိုသလောက်မရရှိနိုင်သေး၍ ခွဲတမ်းဖြင့်သာ ရောင်းချနေရကြောင်း ဆေးကုမ္ပဏီများထံမှ သိရသည်။
■ လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်တတိယလှိုင်းကာလအတွင်း မြန်မာနိုင်ငံရှိ ကမန်တိုင်းရင်းသားများမှာ စားဝတ်နေရေးအခက်အခဲ ကြုံနေရကြောင်း ကမန်တိုင်းရင်းသားများက ပြောခဲ့ကြသည်။
■ တရားရုံး၌ ချုပ်ရက်ရှည်ကြာနေသော ကြားနာစစ်ဆေးဆဲပြစ်မှုများအား ဆက်လက်စစ်ဆေးပေးရန် နစ်နာသူဖြစ်စေ ၊နစ်နာသူနှင့်ဆက်စပ်သူဖြစ်စေ ၎င်းတို့သည် စက်တင်ဘာလ(၃၀)ရက်နေ့အထိ လာရောက်လျှောက်ထားခြင်းမရှိပါက အမှုများကိုပိတ်သိမ်းရန်အတွက် စစ်ကောင်စီက သြဂုတ်လ ၁၁ ရက်နေ့တွင် ထုတ်ပြန်ချက်ထုတ်ကာ တရားရုံးများကို ညွှန်ကြားခဲ့သည်။
■ ရခိုင်ပြည်အတွင်းမှ စစ်ဘေးရှောင်စခန်းများကို ဆန်နှင့် တခြားရိက္ခာများ လစဉ်ထောက်ပံ့နေသည့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) အနေဖြင့် ပြည်နယ်အစိုးရ၏ ကန့်သန်ချက်များကြောင့် သြဂုတ် ၁၁ ရက်နေ့မှစ၍ ရိက္ခာထောက်ပံ့မှုများကို ရက်အကန့်အသတ်မရှိ ရပ်တန့်လိုက်သည်။
■ မြောက်ဦးမြို့နယ် သာယာကုန်းခမီကျေးရွာတွင် အနာရောဂါကင်းဝေးစေရန်အတွက် ရိုးရာ ဓလေ့ထုံးစံအရ ခမီလူမျိုးတို့၏အခေါ် “အနာယ”ဟုခေါ်သည့် ဆုတောင်းပွဲတစ်ခုကို ပြုလုပ်ခဲ့ကြသည်။
■ စစ်တွေမြို့မှ ပုဂ္ဂလိက လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးထွန်းထွန်းဦး တည်ဆောက်နေသည့် အောက်ဆီဂျင်စက်ရုံမှာ သြဂုတ်လ ၁၁ ရက်နေ့တွင် စတင်လည်ပတ်ခဲ့ပြီး စတင်ထုတ်လုပ်သော အောက်စီဂျင်အိုး ၅၀ ကို လိုအပ်နေသူများအား ကူညီလှူဒါန်းသွားမည်ဟု သိရသည်။
သြဂုတ် ၁၂
■ တောင်ကုတ်မြို့ ကံပိုင်ရပ်ကွက်ရှိ နေအိမ်တစ်လုံးမှ ငွေကျပ်သိန်း ၄၀၀ ကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ ခိုးယူသွားသူအား ဖမ်းမိခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှသိရသည်။
■ အစိုးရဖွဲ့၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီးဟောင်း ဦးကျော်လွင်ကို သြဂုတ်လ ၁၂ ရက်နေ့ နေ့လယ်က ရမ်းဗြဲမြို့ နေအိမ်တွင် ဖမ်းဆီးခဲ့သည်။
■ စစ်တွေမြို့ရှိ စက်ရုံရပ်ကွက်မှ အိမ်ထောင်စု ၃၀၀ ကျော်အတွက် အခြေခံစားသောက်ကုန်များနှင့် ဆေးဝါးများကို MDF-Sittway အဖွဲ့က လှူဒါန်းခဲ့သည်။
■ အာဏာရှင်ကျဆုံးရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးတို့အတွက် ရှင်းလင်းပြတ်သားသော မူတစ်ခုကို ခိုင်ခိုင်မာမာချမှတ်ပြီး တစိုက်မတ်မတ်ကြိုးပမ်းကြရန် ရခိုင်အမျိုးသားပါတီ (ANP)အား ANP Youth Wing မှ တိုက်တွန်းခဲ့သည်။
■ ရခိုင်ပြည်မှ တောင်သူလယ်သမားများအတွက် စိုက်ပျိုးစရိတ်ချေးငွေများအား လယ်တစ်ဧကလျှင် တစ်သိန်းခွဲနှုန်းဖြင့် ထုတ်ချေပေးနေပြီဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရခိုင်ပြည်နယ်ဘဏ်ခွဲ) မှ သိရသည်။
■ ရခိုင်ပြည်အစိုးရအဖွဲ့ဝင်ဟောင်းများဖြစ်ကြသည့် ဝန်ကြီးချုပ်ဟောင်း ဦးညီပု၊ စည်ပင်သာယာရေးဝန်ကြီးဟောင်း ဦးမင်းအောင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဟောင်း ဦးကျော်အေးသိန်း၊ လျှပ်စစ်နှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီးဟောင်း ဦးကျော်လွင်တို့အား အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုလိုက်သည်ဟု စစ်ကောင်စီက ကြေညာခဲ့သည်။
သြဂုတ် ၁၃
■ ရမ်းဗြဲမြို့နယ်၊ စကုကျွန်းရှိ တိုက်နယ်ဆေးရုံနှင့် လေးတောင်မြို့ တိုက်နယ်ဆေးရုံတို့တွင် ဆရာဝန်မရှိသဖြင့် ဆေးဝါးကုသမှုအပိုင်း၌ အခက်အခဲဖြစ်နေကြောင်း ဒေသခံများကပြောသည်။
■ ၁၉၆၇ ခုနှစ် စစ်တွေတွင် ဆန်ပြဿနာကြောင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူအများအပြား သေဆုံးခဲ့ကြရသည့်နေရာ၌ ဆီမီးထွန်းပြီး ဝမ်းနည်းအောင့်မေ့ဖွယ် အခမ်းအနားတစ်ခုကို ပြည်သူများက သြဂုတ် ၁၃ ရက်ညပိုင်းတွင် ပြုလုပ်ခဲ့ကြသည်။
■ စစ်တွေမြို့နယ်ရှိ မွတ်ဆလင်ဒုက္ခသည်စခန်းများတွင် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP)မှ ထောက်ပံ့မှုမရရှိသည်မှာ ကြာမြင့်နေပြီဖြစ်သည့်အတွက် ဒုက္ခသည်များမှာ အငတ်ဘေး ကြုံတွေ့နေကြရသည်ဟု စခန်းတာဝန်ရှိသူများက ပြောသည်။
သြဂုတ် ၁၄
■ လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေနှင့် ကိုဗစ်ကပ်ရောဂါကြောင့် ရခိုင်ပြည်နယ်အတွင်း ဖွင့်လှစ်ထားသည့် ဒေသလူငယ်ဖွံ့ဖြိုးရေးကျောင်းများမှာ အခက်ကြုံနေကြရကြောင်း သိရသည်။
■ မင်းပြားမြို့တွင် လက်ရှိကိုဗစ်ကာလအတွင်း ဖုန်းနှင့် လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များမှ ဖောက်ထွင်းခိုးယူမှု များလာနေသည်ဟု ဒေသခံများက ပြောကြားကြသည်။
■ မြောက်ဦးမြိ့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် စစ်ဘေးရှောင်ပြည်သူများအနေဖြင့် စားဝတ်နေရေး အခက်အခဲဖြစ်နေသည့်အတွက် စားနပ်ရိက္ခာ ကူညီထောက်ပံ့ပေးနိုင်ရန် မြို့တွင်းရှိ အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ စီစဉ်နေကြောင်း သိရသည်။
■ မောင်တောမြို့နယ် အောင်သာယာကျေးရွာမှ အသက် ၃၆ နှစ်အရွယ်ရှိ ဦးအောင်သိန်းလှ ဆိုသူအား ကာလပေါက်ဈေး သိန်း ၂၂၈၀ တန်ဖိုးရှိ WY ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၁၁၄ဝဝဝ)နှင့်အတူ ဖမ်းမိခဲ့သည်။
■ နိုင်ငံရေးပါတီများ၏ ပါတီပိုင်ရန်ပုံငွေ၊ ငွေကြေးနှင့်ပစ္စည်းစာရင်းများပြုစုထားရှိမှုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) မှ စစ်ဆေးသွားမည်ဟု ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ရခိုင်နိုင်ငံရေးပါတီတချို့အနေဖြင့် အဆင်သင့်ရှိကြောင်း ပါတီတာဝန်ရှိသူများ ပြောကြားခဲ့သည်။
■ စစ်အာဏာရှင်တို့၏ ဖမ်းဆီးနှိပ်စက် အကျဉ်းချမှုကြောင့် ထောင်အတွင်းတွင် သေဆုံးသွားခဲ့ရသည့် ရခိုင်-မြန်မာပဏ္ဍိတ် ဆရာကြီး ဦးဦးသာထွန်းနေ့ (၃၁)နှစ်ပြည့် အခမ်းအနားကို ကိုဗစ်ကပ်ရောဂါကြောင့် မကျင်းပနိုင်ခဲ့သော်လည်း လေးစားမြတ်နိုးသူများက မြောက်ဦးမြို့ရှိ ဆရာကြီး၏အုတ်ဂူအား ပန်းခွေများ၊ ဆီးမီးများထွန်းညှိကာ အဖွဲ့လိုက် သွားရောက် ဂါရဝပြုခဲ့ကြသည်။
■ ပုဏ္ဏားကျွန်းမြို့မဈေးတွင်းရှိ ဆေးဆိုင်(၁၀) ဆိုင်အား သြဂုတ်လ ၁၄ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် မြို့နယ်ကျန်းမာရေး ဦးစီးဌာနအပါအဝင် ဌာနဆိုင်ရာအချို့က ဝင်ရောက်စစ်ဆေးခဲ့သည်။
သြဂုတ် ၁၅
■ ရခိုင်ပြည်အတွင်းရှိ မွတ်ဆလင်များကို ရက္ခိုင့်တပ်တော် (ULA/AA) ၏ အုပ်ချုပ်ရေးဆိုင်ရာ နေရာများနှင့် ရဲလုပ်ငန်းတို့တွင် ပါဝင်လာရန် စီစဉ်ထားကြောင်း AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က သြဂုတ် ၁၅ ရက်နေ့တွင် အာရက္ခမီဒီယာနှင့် အင်တာဗျုးအစီအစဉ်တွင် ပြောကြားခဲ့သည်။
■ စစ်တွေမြို့ ရွာကြီးတောင်ရပ်ကွက်ရှိ လူကြီးရောဂါဖြင့်ပျံလွန်တော်မူသွားသည့် မဏိရဆရာတော်ဘုရားကြီး ဘဒ္ဒန္တသောမမထေရ်မြတ်ကြီးကို သြဂုတ်လ ၁၅ ရက်နေ့က မီးသဂြိုလ်ပူဇော်ခဲ့သည်။
■ ရခိုင်ပြည်အတွင်း မတရားမှုများအတွက်တရားစီရင်ရာတွင် မျှတသောတရားစီရင်ရေးကို ရရှိနိုင်ရန်အတွက် တရားရေးဌာနတွင် တာဝန်ထမ်းဆောင်မည့် သူများကို လစာပေးနိုင်ရန် စီစဉ်နေပြီဖြစ်ကြောင်း AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောကြားခဲ့သည်။
■ ကိုဗစ်-၁၉ ကပ်ရောဂါနှင့် မိုးတွင်းကာလပြည်သူများစားဝတ်နေရေးအခက်အခဲများနေသည့်အချိန်တွင် ရခိုင်ပြည်အတွင်း စစ်ရေးပြဿနာများ မဖြစ်ရအောင် ရှောင်ရှားကြရန် မြေပြင်စစ်ရေးတပ်မှူးများကို ညွှန်ကြားထားကြောင်း ရက္ခိုင့်တပ်တော်(AA) ကပြောခဲ့သည်။
■ နယ်စပ်ကုန်သွယ်မှုများ ပိတ်ထားသဖြင့် ရခိုင်မှ ရေထွက်ကုန်များမှာ ဈေးကွက်မရှိ၍ ဈေးနှုန်းများကျဆင်းနေရကြောင်း ရေလုပ်ငန်းလုပ်ကိုင်နေသူများက ဆိုကြသည်။